မန္တလေးမြို့မှ ရှေ့နေ ဦးမြင့်သွင်သည် အထက်မြန်မာနိုင်ငံ မြို့နယ်အချို့ရှိ လယ်သိမ်းခံ တောင်သူ လယ်သမားများ၏ လယ်ယာမြေများ ဥပဒေနှင့်အညီ ပြန်လည်ရရှိရေး လှုပ်ရှား ဆောင်ရွက်နေသူ တဦးဖြစ်သည်။
(လယ်သမား အကျိုးဆောင် ရှေ့နေ ဦးမြင့်သွင် နှင့် အင်တာဗျူး)
မန္တလေးမြို့မှ ရှေ့နေ ဦးမြင့်သွင်သည် အထက်မြန်မာနိုင်ငံ မြို့နယ်အချို့ရှိ လယ်သိမ်းခံ တောင်သူ လယ်သမားများ၏ လယ်ယာမြေများ ဥပဒေနှင့်အညီ ပြန်လည်ရရှိရေး လှုပ်ရှား ဆောင်ရွက်နေသူ တဦးဖြစ်သည်။
စစ်တပ်၊ စီမံကိန်းနှင့် ကုမ္ပဏီများနှင့် ဖြစ်ပွားသော လယ်ယာမြေ သိမ်းပိုက်မှု ကိစ္စများတွင် တောင်သူ လယ်သမားများဘက်မှ ရှေ့နေ လိုက်ပါဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်ပြီး ရှေ့နေလိုင်စင် သုံးနှစ် ရုပ်သိမ်းခံခဲ့ရသူတဦးလည်း ဖြစ်သည်။
လက်ရှိတွင် လယ်ယာမြေ ဥပဒေသစ်ကို ပြဋ္ဌာန်းပြီးဖြစ်၍ အထက်ဗမာပြည်တွင် လယ်ယာမြေ အသိမ်းခံရမှုနှင့် ပါတ်သက်ပြီး ဟောပြော လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးမြင့်သွင် အား ၎င်း၏ အတွေ့အကြံုများကို သိရှိနိုင်ရန် မဇ္စျိမ က ဆက်သွယ်မေးမြန်းထားသည်။
လောလောဆယ် အမှုပေါင်း ဘယ်လောက်အထိ ဆရာကိုင်တွယ်နေသလဲဗျ။
ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်တွေမှာ တောင်သူနဲ့ ပါတ်သက်တဲ့ အမှုပေါင်း ၂၄ မှု ရှိမယ်ခင်ဗျ။ တောင်သူဘက် နိုင်ထားတဲ့ အမှုအရေအတွက်က ၂ မှုနိုင်ထားတယ်။ အမှုနိုင်လို့ အကျိုးဖြစ်ထွန်းတဲ့ တောင်သူ အရေအတွက် ၁၅၂ ဦး ရှိတယ်။ ကျနော်တို့က မြေထဲမှာ ဆုံးရှုံးနစ်နာတဲ့ တန်ဖိုးတွေကို တောင်းတာဗျ။ အခက်အခဲတွေ ရှိပေမယ့် မရရအောင် ကြိုးစားရတာပေါ့။ လိုအပ်တာက အများကြီးပဲ။ တောင်သူတွေ ချို့တဲ့တဲ့ ကိစ္စ၊ တံဆိပ်ခေါင်းဖိုး၊ တောင်သူတွေ ခရီးစားရိတ် ခက်ခဲတဲ့ ကိစ္စ၊ တောင်သူတွေဘက် ငွေမယူဘဲ ရပ်တည်ပေးမယ့် ရှေ့နေတွေ လိုနေတာတွေ အများကြီးပဲ။
ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်တွေမှာ တောင်သူနဲ့ ပါတ်သက်တဲ့ အမှုပေါင်း ၂၄ မှု ရှိမယ်ခင်ဗျ။ တောင်သူဘက် နိုင်ထားတဲ့ အမှုအရေအတွက်က ၂ မှုနိုင်ထားတယ်။ အမှုနိုင်လို့ အကျိုးဖြစ်ထွန်းတဲ့ တောင်သူ အရေအတွက် ၁၅၂ ဦး ရှိတယ်။
အဲဒီနယ်တွေကက လယ်မြေသိမ်းကိစ္စရပ်တွေမှာ ဘာတွေ ဆောင်ရွက်ပေးနေလဲဗျ။
တပ်၊ စီမံကိန်း၊ ကုမ္ပဏီတွေနဲ့ ပါတ်သက်ပြီး အသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်ရအောင်၊ ကျနော် ဥပဒေဟောပြောပွဲတွေ လိုက်လုပ်ပေးနေတာဗျ။ လယ်ယာမြေတွေ ဥပဒေနဲ့ အညီ ပြန်စိုက်လို့ရအောင်၊ လျော်ကြေးနစ်နာကြေးတွေ ပြန်တောင်လို့ရအောင်၊ ဥပဒေနဲ့ အညီ တရားစွဲလို့ရအောင်လုပ်နေတယ် ဗျ။ အခုကို မတ္တရာရဲ့ ကန်ပဲ့ရွာထဲမှာ ဥပဒေဟောပြောပွဲ လိုက်လုပ်နေတာဗျ။ သာစည်မြို့နယ်၊ မြင်းကန်ရွာ၊ ပန်းတောင်းရွာ၊ မြေသိမ်းခံရတာ၊ တရားစွဲတာနဲ့ ပါတ်သက်ပြီး ရင်ဆိုင်ဖို့၊ ဟောပြောပွဲ သွားလုပ်ပေးတာ။
အဲဒီနယ်မြေတွေက လယ်မြေသိမ်းကိစ္စတွေမှာ ဘာတွေ တွေ့ရသလဲဗျ။
သစ်တောမြေ၊ မသက်ဆိုင်ဘဲ သီးခြားယူထားတဲ့ ကိစ္စရှိတယ်။ ရွာသားအချင်းချင်း အိုးမဲသုတ် တရားပြန်စွဲ ခိုင်းထားတဲ့ ကိစ္စရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ နီးပါက တောင်သူတွေကို အနှစ် ၂၀ နီးပါးအသိမ်းခံထား ရတယ်။ စိုက်ကွင်းက ယူထားပြီး အခြားတောင်သူတွေကို သီးစားချတယ်။ ပြန်စိုက်တဲ့ တောင်သူတွေကို တရားစွဲတာတွေ ဖြစ်နေတယ်။ အမှုတွေ ရင်ဆိုင်နေရတယ်။
အခက်အခဲတွေကို ဘယ်လိုဖြေရှင်းလဲဗျ။
ကျနော့် ဂျူနီယာရှေ့နေတွေ အကူအညီတောင်းတယ်။ သူတို့ကိုယ်တိုင် လိုလိုချင်ချင် လိုက်လုပ်ပေးပါတယ်။
အဖွဲ့လိုက် ဆောင်ရွက်တာလားဗျ။
တဦးတည်းပါ ၂၀၀၇၊ ၂၀၀၈ ကစပြီး ယုဇန ကုမ္ပဏီတရားစွဲတာက စပြီး လုပ်နေတာခင်ဗျ။ တောင်သူဘက်က အမှုတွေ လိုက်ပေးတယ်။ ရှေ့နေခတော့ မယူဘူး။
ဘယ်လို ထူးခြားတာ တွေရှိလဲ။
မတ္တရာက ထူးဆန်းတယ်။ တောင်ပြံုးရွာလေးက လယ်မြေတွေ အများကြီးပဲ။ သူတို့ဆီမှာ ဘာမှ သိမ်းထားတာ မရှိဘူးခင်ဗျ။ သူတို့ကိုတော့ လယ်ယာမြေ ဥပဒေအသစ်နဲ့ မြေလွတ်၊ မြေရိုင်းဥပဒေ ဗဟုသုတတွေ ဟောပြောပေးပါတယ်။ နိုင်ငံသားများ ကာကွယ်ရေးစောင့်ရှောက်ရေး ဥပဒေတွေ ရှင်းပြတယ်ခင်ဗျ။ ဇူလိုင် ၂၁ ရက်နေ့က ကန့်ဘလူ အင်းလယ်ကြီးရွာ ရှစ်မိုင် တောတွေထဲထိ ရောက်တယ်။ မြေသိမ်းခံရတာတွေ၊ သစ်တောက မောင်းထုတ်တာတွေ ရှိတယ်။
တရားဝင် တောင်သူတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ တွေ့လာပြီလား။
၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေအရ တောင်သူတွေနဲ့ ညှိနှိုင်းပြီး လျော်ရမယ့်ဟာတွေ မလျော်ခဲ့ဘူး။ ဥပဒေအသစ်တွေပေါ်လာတဲ့နေရာမှာလည်း တောင်သူတွေက ကြောက်နေပေမယ့် စီမံကိန်းအရ သိမ်းထားပြီးတော့ မစိုက်တဲ့ ကုမ္ပဏီက မြေတွေကို လယ်ယာမြေဥပဒေအရ နိုင်ငံတော်က သိမ်းထားပြီးတဲ့ ဥပဒေတွေကို ပုဒ်မ ၂၂ အရ သိမ်းထားပေမယ့် ပုဒ်မ ၃၂ အရ ယခင် စိုက်တဲ့ တောင်သူတွေ ပြန်စိုက်ခွင့်ရှိတယ်လို့ ရေးထားပေမယ့် တောင်သူတွေကိုပေးမဝင်ဘူး။ အာဏာပိုင် အဖွဲ့အစည်းတွေက ကုမ္ပဏီတွေဘက်က ရပ်ထားတာ တွေ့တယ်။ ဥပဒေအရ တောင်သူတွေ အလျှင်အမြန် ပြန်စိုက်ဖို့ လိုလာပြီလေ။ အဲလို စိုက်ဖို့ ဝင်တဲ့အခါကျတော့ တောင်သူတွေကို ကျူးကျော်တယ်၊ အကျိုးဖျက်ဆီးတာတွေ လုပ်နေတယ်ဆိုပြီး တရားစွဲတာတွေ လုပ်နေတယ်။
အာဏာပိုင် အဖွဲ့အစည်းတွေက ကုမ္ပဏီတွေဘက်က ရပ်ထားတာ တွေ့တယ်။ ဥပဒေအရ တောင်သူတွေ အလျှင်အမြန် ပြန်စိုက်ဖို့ လိုလာပြီလေ။ အဲလို စိုက်ဖို့ ဝင်တဲ့အခါကျတော့ တောင်သူတွေကို ကျူးကျော်တယ်၊ အကျိုးဖျက်ဆီးတာတွေ လုပ်နေတယ်ဆိုပြီး တရားစွဲတာတွေ လုပ်နေတယ်။
လယ်ယာမြေ ဥပဒေသစ်က တောင်သူတွေအတွက် ဘယ်လို အကျိုးထွန်းစေလဲ။
ရှိတဲ့ဟာရှိတယ်၊ မရှိတဲ့ဟာ မရှိပါဘူး။ ရှိတဲ့ဟာက ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်းတွေ ရပြီ။ လုပ်ပိုင်ခွင့် မှတ်ပုံတင်တွေ ရပြီ။ လျော်ကြေး၊ နစ်နာကြေးပေးမယ်လို့ ရေးလာပြီ။ အရင်က မပါဘူး။
နောက်တခုက ပိုင်ဆိုင်မှုတော့ မပါပေမယ့် လုပ်ပိုင်ခွင့်တွေကို အမွေခွဲဝေခွင့် ရှိလာတယ်။ တောင်သူတွေကို ကာကွယ်နိုင်တဲ့ လုံခြံုမှုနဲ့ ဘဝ အာမခံချက်ရှိတဲ့ အချက်အလက်တွေတော့ မပါသေးဘူး။ တောင်သူတွေကို အလျှင်အမြန် အကောင်အထည်ဖော်နိုင်အောင်၊ စားဝတ်နေရေး အဆင်ပြေအောင်၊ မြေအစားပေးတာ ဖြစ်ဖြစ်၊ ချက်ချင်း အလျှင်အမြန် လျော်ကြေး နစ်နာကြေးပေးတာဖြစ်ဖြစ် ချက်ချင်းဆုံးဖြတ်တာတွေ မပါသေးဘူး။
အဲဒါဆို ဘယ်လိုဖြစ်သင့်တာလဲ။
တောင်သူလယ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို အမြန်ရေးဆွဲသင့်တယ်။ နောက် နည်းဥပဒေကို ရေးဆွဲသင့်ပြီးတော့ တောင်သူတွေ ဘဝလုံခြံုမှုနဲ့ လယ်သမားငယ်တွေ စားဝတ်နေရေး အဆင်ပြေအောင် ဥပဒေတွေပြဋ္ဌာန်းသင့်တာပေါ့။
ဘယ်လိုအချက်တွေ ပါသင့်သလဲ။
အလျှင်အမြန် လျော်ကြေးပေးနိုင်အောင်၊ အလုပ်လက်မဲ့ပြဿနာ မဖြစ်အောင်၊ စုပေါင်း လယ်ယာစနစ်ကို တည်ထွင်မယ်။ စျေးကွက် စီးပွားရေးအရ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေကို ပေးမယ်ဆိုရင်လည်း တောင်သူတွေ အလုပ်လက်မဲ့ မဖြစ်အောင်၊ လျော်ကြေး နစ်နာကြေးကိုလည်း ဥပဒေနဲ့ အညီ သေချာညှိနှိုင်းဆောင်ရွက်ပြီး တော့ ထိုက်တန်တဲ့ ကာလပေါက်စျေးပေးပြီး အလျှင်အမြန် လျော်ကြေးပေးနိုင်အောင် နည်းဥပဒေတွေ ပြဋ္ဌာန်းသင့်ပါတယ်။
ဟောပြောမှုတွေ လုပ်ပြီးတော့ တောင်သူတွေဘက်က တုံ့ပြန်မှုတွေက ဘယ်လိုရှိလဲဗျ။
ကန့်ဘလူနယ်၊ ရွှေဘိုနယ်၊ အရာတော်နယ်၊ နောင်ချိုနယ်ဘက်မှာ တပ်က သိမ်းတဲ့ မြေတွေ ရှိတယ်။ တပ်က သိမ်းပြီးတော့ လစ်လပ်နေတဲ့ မြေတွေရှိတယ်။ ၁၈၉၄ ခုနှစ်၊ မြေသိမ်း ဥပဒေကိုလည်း ထောက်ပြတယ်။ မြေလွှတ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကိုလည်း ထောက်ပြတယ်။ တောင်သူတွေ လစ်လပ်တဲ့ လယ်မြေတွေကို အကုန်လုံး ဝင်စိုက်ခိုင်းပါတယ်။ အဲလို စိုက်တဲ့အခါမှာ ဥပဒေနဲ့အညီ ခရိုင်ထွေ/အုပ်ကို အကြောင်းကြားစာ ပို့တယ်။ ဝင်စိုက်တဲ့အခါမှာတောင်သူတွေ စိုက်ခွင့်ရတာရှိသလို၊ စစ်တပ်ကလည်း ဥပဒေနဲ့ အညီ ညှိနှိုင်းဆွေးနွေးတာတွေ ပေါ်ပေါက်တဲ့အတွက်ဟောပြောပွဲတွေကနေ ဥပဒေနဲ့အညီ ချပြပြီး မကြောက်ဖို့ရယ်၊ နိုင်ငံသားများ ကာကွယ်ရေးဥပဒေ ချပြီး အကာအကွယ် ယူဖို့ရယ်၊ တောင်သူတွေကလည်း ဥပဒေလိုက်နာဖို့ သင်ပေးပြီးတော့၊ မြေတွေ ပြန်ရအောင် ကြိုးစားဖို့ပဲ။ လောလောဆယ် အဆင်ပြေအောင်မြင်နေတာ တွေ့ရတယ်။
လယ်မြေကိစ္စတွေ ဆောင်ရွက်နေတာဖြစ်တော့ အာဏာပိုင်အပိုင်းနဲ့ ဆရာနဲ့ ဆက်ဆံရေးအ ခြေအနေ ဘယ်လိုရှိလဲဗျ။
ကျနော်က ဥပဒေဟောပြောပွဲကို ထောက်ပြတယ်။ ဥပဒေအရ စုစည်းခွင့်ရှိတယ်ဆိုတာ ထောက်ပြတယ်။ ပညာဖြန့်ဝေခွင့် ရှိတယ်ဆိုတာ ထောက်ပြတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ ထောက်ပြပြီးတော့ ရပ်/ကျေး ဥပဒေနဲ့အညီ အသံချဲ့စက်သုံးဖို့ရယ်၊ တိုင်ခွင့်ရှိတယ်ဆိုတဲ့ အကြောင်းရယ်၊ အာဏာပိုင် အဖွဲ့အစည်းကို တရားပြန်စွဲခွင့်ရှိတယ်ဆိုတဲ့ အကြောင်း ထောက်ပြပြီးတော့ ဥပဒေတွေပဲဟောတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ထိုင်ပြီး နားထောင်ခိုင်းထားတယ်။
ဖိအားပေးခံရတာမျိုးရော ရှိလားဗျ။
လောလောဆယ်တော့ လိုင်စင် အနားပေးခံထားရတယ်။ သုံးနှစ် အနားပေးထားတယ်။ ၁ နှစ်ခွဲ ပြည့်သွားပြီ။
ဘာကိစ္စကြောင့် ရှေ့နေလိုင်စင် အနားပေးခံရတာလဲ။
တရားစီရင်ရေးနဲ့ ပါတ်သက်လို့ အစိုးရကို ဝေဖန်လိုက်တာ များသွားလို့။ တရားဥပဒေ စိုးမိုးရေးနဲ့ ပါတ်သက်လို့ မီဒီယာက မေးတာ၊ ကျနော်က ရဲတွေ ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ၊ တရား သူကြီးတွေက ဥပဒေကို လက်တလုံးခြား မလုပ်သင့်ကြောင်း၊ အုပ်ချုပ်တဲ့သူနဲ့ အုပ်ချုပ်ခံ လူတန်းစားအကြား လက်တလုံးခြား လုပ်ရင် တိုင်းပြည် နာတတ်တယ်ဆိုတဲ့အကြောင်း ထောက်ပြလိုက်တာပါ။ အခြားကိစ္စကတော့ ရုံးကို အရောက်နောက်ကျလို့ ဆိုပြီး လိုင်စင် နားခံတာပါ။
လိုင်စင်အနားခံရတော့ ဘာအခက်အခဲတွေ ဖြစ်သွားလဲ။
အလုပ်လုပ်ရတဲ့အခါ အခက်အခဲတွေရှိတာပေါ့။ ဝင်ငွေလည်း မရှိတော့ဘူးပေါ့။ နောက်တခုက ဂျူနီယာတွေနဲ့ တောင်သူတွေ အမှုကို အခမဲ့ လိုက်တဲ့အခါမှာ ဂျူနီယာတွေ စစ်ပေးတော့ ရပ်တည် လို့ပဲရတယ်။ ယုံကြည်တဲ့ အမှုသည်တွေ ငှားတဲ့အခါမှာ ကျနော်က ဥပဒေကို ဖတ်ပေးတယ်။ ဟောပြောပွဲတွေ လုပ်တာတွေရယ်၊ နောက်ကနေလျှောက်လဲချက်တွေ လုပ်တာတွေရယ်၊ ကျနော်က guideline လုပ်ပြီး ဂျူနီယာတွေ စစ်တာရယ်၊ အမှုတွေ လာအပ်တဲ့သူတွေ ရှိရင်တော့ ရတာပေါ့။ အခုချိန်ထိကတော့ ပိုပြီးပင်ပန်းတာပေါ့ဗျာ၊ မေးခွန်းတွေ အစ ရေးရတာဆိုတော့ ကိုယ်တိုင်ပဲ ဆင်ရတာပေါ့။
လိုင်စင် ပြန်ရမယ့် အခြေအနေကရော ဘယ်လိုရှိလဲဗျ။
ပေးမယ်၊ ပေးမယ်နဲ့ ကျနော်ဝေဖန်လိုက်တာ များသွားတော့ တရားသူကြီးချုပ်ကလည်း အခုချိန်ထိ မပေးချင်ဘူးနဲ့ တူပါတယ်။ လိုင်စင်ပြန်ရမယ်ဆိုရင် ပိုပြီးထိရောက်မယ်။ ကုမ္ပဏီတွေ ကျတော့ ပိုက်ဆံရှိတော့ ရှေ့နေကြီးတွေ ငှားနိုင်တယ်။ အပြန်အလှန် စစ်မေးတာတို့၊ လိုအပ်တဲ့ ဥပဒေကို စဉ်းစားတာတို့၊ တရားခွင်မှာ ရုတ်တရက် ဥပဒေအရ စကားပြောတာကျတော့ ကိုယ်တိုင်ကိုယ်ကျ ထိထိရောက်ရောက် စကားပြောနိုင်မယ်။