ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ မြိုင်ကြီးငူ ဒေသမှ ကျေးရွာ (၆) ရွာနှင့် ပတ်ဝန်းကျင် ဒေသများရှိ မြေမြုပ်မိုင်း အန္တရာယ်ကို ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့က စုပေါင်း ဖြေရှင်း ခဲ့ကြောင်း၊ DKBA ကလို့ထူးဝါးမှ တပ်မဟာ ထောက်လှန်းရေးမှူး ဗိုလ်ကြီး သရီးတူးက ဆိုပါသည်။
“ ကျနော်တို့ နှစ်ဖွဲ့ ပေါင်းပြီးတော့ ဇူလိုင် ၁၉ ရက်နေ့မှာ လူထု ရှင်းလင်းပွဲ လုပ်တယ်။ အဲဒီနေ့က စပြီး မြေမြုပ်မိုင်းကို ကနေ့ အချိန်ထိ ပူးပေါင်း ရှင်းလင်းနေတယ်။ ခက်ခဲတာ ကတော့ နှစ်ပေါင်းများစွာ ထောင်ထားပြီး အမည်မသိတဲ့ အဖွဲ့ စုံက ထောင်ထားတဲ့ မိုင်းကိုတော့ စွန့်လွတ်မိုင်း အနေနဲ့ဘဲ ထားခဲ့ရမှာဘဲ။ အဲဒါ ဖော်ထုတ်ဖို့ တော်တော် ခက်ပါတယ်” ဟု ဆိုပါသည်။
ထိုစွန့်လွှတ်မိုင်းမျိုးကို မြိုင်ကြီးငူ ဒေသ၏ ကောဟဲ ကျေးရွာ အနီးတဝိုက်၌ ရှိပြီး မည်သို့ ဆောင်ရွက် သွားရမည်ကို DKBA နှင့် BGF တို့ တိုင်ပင် နေဆဲဟု ဆိုပါသည်။ ဖော်ထုတ်ရန် အန္တရာယ်ရှိပြီး ခက်ခဲသော စွန့်လွတ်မိုင်းများ တည်နေရာကိုလည်း ကျေးရွာ လူကြီးအား ပြောပြထားပြီး အမှတ်အသားများ ပြုလုပ်ပေးထား သည်ဟု ဆိုပါသည်။
ဖေါ်ထုတ် ရှင်းလင်းခဲ့သော နေရာများမှာ DKBA ကလို့ထူးလား ကွပ်ကဲရေး လက်အောက်ခံ (၉၀၆) တပ်ရင်း ဧရိယာနှင့် BGF (၁၀၁၄ ) တပ်ရင်း တို့၏ ထိန်းချုပ် နယ်မြေ ဖြစ်သည့် ၀ါးဒူးရွာ၊ ၀ါးတမော့ရွာ၊ ၀ါးသောခို့ရွာ၊ မီးဇိုင်းရွာလေး၊ မီး ဇိုင်း ရွွာကြီးနှင့် ကောဟဲကျေးရွာ အနီးတဝိုက်ပင် ဖြစ်ပါသည်။
ရှင်းလင်းခဲ့သော မြေမြုပ်မိုင်း အမျိုးအစားများမှာ တိုက်မိုင်း၊ လက်လုပ်မိုင်း ၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်းများနှင့် နိုင်ငံခြားမှ ထုတ်သော မိုင်းများ ဖြစ်ပါသည်။ စွန့်လွတ်မိုင်းကိုမူ ဖောက်ခွဲ ပစ်ရုံမှ လွဲပြီး တခြား နည်းလမ်း မရှိဟု ဆိုပါသည်။
ယခု မြေမြုပ်မိုင်း ရှင်းလင်း လိုက်သော နေရာမှ ဒေသခံများကမူ အချိန်ကြာမြင့်စွာ စွန့်ပစ် ထားရသော ခြံမြေများ၊ တောင်ယာ စိုက်ခင်းများသို့ ပြန်လည် သွားရောက် နိုင်ခဲ့သဖြင့် ကျန်ရှိသော နေရာများ၌လည်း ဆက်လက် ဖေါ်ထုတ် ရှင်းလင်း ပေးပါရန် လိုလားလျှက် ရှိပါသည်။
မြိုင်ကြီးငူ အထူးဒေသ၌ ဗိုလ်ကျော်ဘိ ဦးဆောင်သော DKBA တပ်ဖွဲ့ နှင့် နှင့် ဗိုလ်မှူး ချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့ တို့သည် ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် လာပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စသည့် ကျေးရွာ များ၌ (၃) ရက်ကြာ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
ဤကဲ့သို့ နှစ်ဖက်တပ်များ တိုက်ခိုက်ခဲ့ရာမှ မြေမြုပ်မိုင်းများ တိုးများလာခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ကြောင့် နောက်ထပ် ပြသနာများ မဖြစ်ပွားရန် ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့တွင် DKBA နှင့် BGF တပ်များ သဘော တူခဲ့ကြပါသည်။
အလားတူ ကရင် လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီ အဖွဲ့ဝင် (၅) ဖွဲ့ကလည်း အရေးပေါ် တွေ့ဆုံရာတွင် မြေ မြုပ်မိုင်း ရှင်းလင်းသွားရန် မူအရ သဘော တူခဲ့ကြပါသည်။ ဤသဘော တူညီချက်ကြောင့် ပထမ အဆင့် အဖြစ် DKBA နှင့် BGF အကြား ထောင်ထားသည့် ကိစ္စကို ဦးစွာ အကောင်အထည် ဖော်ရန် ဖြစ်လာခဲ့ပါသည်။
ထို့အပြင် KNU ၊ DKBA နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA) တို့သည်၊ နိုင်ငံရေးအရ တမူတည်း ဖြစ်ရေးနှင့် စစ်ရေးအရ တတပ်တည်း ဖြစ်ရေးကို သဘောတူခဲ့ပါသည်။ ဤသို့ကြောင့် အနာဂတ်တွင် မြေမြုပ်မိုင်း အန္တရယ် ရှင်းလင်းရာ၌ တိုးတက် လာလိမ့်မည် ဖြစ်သည်။
သို့သော် မြေမြုပ်မိုင်း ရှင်းလင်းရေး ပြသနာသည် အပစ်အခတ် ရပ်စဲရေးအပေါ် ထားရှိသည့် အစိုးရ၏ လုပ်ရပ်ပေါ် တွင်သာ မူတည် လိမ့်မည် ဖြစ်ကြောင်း KNU က သဘော ထားခဲ့ပေသည်။