ဇူလိုင်လ အကုန်ပိုင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ တစ်ရပ် ကျင်းပရန် သမ္မတ ဦးသိန်းစိန်၏ အစီအစဉ်သည် ရွှေ့ဆိုင်းရမည့် အခြေအနေ ဖြစ်နေကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ တစ်ဦးက ဆိုပါသည်။
“ ညှိနှိုင်း ဆောင်ရွက် နေတဲ့ လက်ရှိ အနေ အထားများအရ ကတော့ အနည်းငယ် နောက်ကို ရွှေ့ရမယ့် သဘောပါပဲ၊ အပြောင်းအလဲ ကတော့ အခုချိန်ထိ ဘာမှမရှိဘူး၊ သို့ပေမယ့် ဆောင်ရွက်ဖို့ ကိစ္စ ကိုတော့ တိုင်းရင်းသား အဖွဲ့တွေ နဲ့ ဦးအောင်မင်းတို့ ညှိနှိုင်းနေဆဲလို့ ကျွှန်တော် နားလည်တယ်၊ ဒါကြောင့် အချိန် အနည်းငယ် နောက်ကို ရွှေ့ဆိုင်း တာကလွဲလို့ ဒီအတိုင်းပဲ ဆက်ဆောင်ရွက် မယ်လို့ နားလည်တယ်” ဟု ဆိုပါသည်။
သမ္မတ ဦးသိန်းစိန်သည် တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို မျှော်လင့်သည့် အနေဖြင့် ဇူလိုင်လ (၁၆) ရက်နေ့ ဥရောပ ခရီးစဉ်အတွင်း ချောလ်တန်ဟောက် သတင်း ထုတ်ပြန်ပွဲ၌ “မကြာမီတွင် သေနတ် သံများ ရပ်စဲတော့မည်ဟု” နိုင်ငံတကာ မီဒီယာများအား ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။
သို့သော်လည်း အပစ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များတွင် သမ္မတ အစီအစဉ်ကို လက်ခံသော အဖွဲ့များ ရှိနေသလို၊ အဆင်သင့် မရှိသေးသည့် အတွက် စဉ်းစားချိန်ပေးပါရန် တောင်းဆိုသော အဖွဲ့များလည်း ရှိပါသည်။ ထို့အပြင် ယင်း လက်မှတ်ထိုးပွဲ၏ အဓိပါယ် သတ်မှတ်ချက်ကို ရှင်းရှင်း သိလိုသော အဖွဲ့များလည်း ရှိပါသည်။ ဤသို့သောအခြေအနေ ကြောင့် ၀န်ကြီး ဦးအောင်မင်းသည် ဤကိစ္စအတွက် ညှိနှိုင်း နေဆဲဖြစ်သည်ဟု MPC အကြီးတန်း အရာရှိက ဆိုပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/502-2013-07-17-12-47-20.html
သမ္မတ လိုလားချက် အတိုင်း တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ လက်ခံမည် ဆိုပါက သမ္မတတို့ ဖက်ကလည်း UNFC ၏ လိုလားချက် ဖြစ်သော တိုင်းရင်းသား အရေးကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်း ပေးပါမည်ဟု လက်မှတ်ထိုးရန် လိုအပ်သည်ဟု အတွင်း ရေးမှူး (၁) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
သို့သော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ မူတူးဆေးဖိုးနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့၏ ၂၀၁၃ ခုနှစ် ဇူလိုင် (၁၇) ရက်နေ့ ပူးတွဲ ထုတ်ပြန်ချက်ကမူ “ တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုတော့မည် ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ တဖွဲ့ချင်းသာ လက်မှတ် ထိုးလိုသည်ဟု ထုတ်ပြန် ထားပါသည်။
ဤအခြေအနေပေါ် မူတည်ပြီး MPC အကြီးတန်း အရာရှိသည် “အခု တစ်ဖွဲ့ချင်းစီ အပစ်အခတ် ရပ်စဲ ထားတာဟာ ငြိမ်းချမ်းရေး ပြီးသွားတဲ့ သဘော မဟုတ်ဘူး၊ အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာမျိုးကို အတည်ပြု လက်မှတ် ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲအား စတင်နိုင်ဖို့ Frame Work Meeting ကို စနိုင်ဖို့ အတွက်ကို အခြေခံ လက်မှတ်ထိုး တာပါ။ အဲဒီလိုမျိုး ကျွှန်တော်တို့ နားလည်တယ်၊ ဒီအချက်ကို လက်ခံတဲ့ အဖွဲ့တွေလည်း ရှိပါတယ်” ဟု အမည်မဖေါ် လိုသော MPC အရာရှိ ကြီးမှ ဆိုပါသည်။
UNFC သည် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးသည့်အခါ လိုအပ်ချက်များ ပြည့်စုံရန် ပြင်ဆင်နေပါသည်။ ဤအထဲတွင် လာမည့် ဇူလိုင် (၂၈-၃၁) ရက်နေ့တွင် တပြည်လုံး အတိုင်းအတာ ဆောင်သော တိုင်းရင်း ညီလာခံ တရပ် ကျင်းပရန် ရှိနေပါသည်။ ယင်းညီလာခံသို့ ပြည်တွင်းမှ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် ပြည်တွင်း တိုင်းရင်းသား ပါတီနှင့် တိုင်းရင်းသား အစုအဖွဲ့များကို ဖိတ်ခေါ်ထားသလို ပြည်ပရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသား အဖွဲ့နှင့် အစုအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ပြီး ကျင်းပရန် ရှိနေပါသည်။
UNFC သည် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးသည့် အခါ တိုင်းရင်းသားများ ကိုင်စွဲထားရမည့် မူဘောင်ကိုလည်း ယင်းညီလာခံမှ ရယူရန် အစီအစဉ် ရှိပါသည်။ ဤသည် ယျေဘူယျအားဖြင့် တိုင်းရင်းသား များ၏ လိုလားချက် ဖြစ်မည်ဟု ယူဆရပါသည်။
ဤသို့ကြောင့် သမ္မတ လိုလားချက်ကို တိုင်းရင်းသားများ ဖြည့်ဆည်း ပေးသင့်သလို၊ တိုင်းရင်းသားများ၏ လိုလားချက် ကိုလည်း သမ္မတမှ ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု UNFC က ခံယူ ထားပါသည်။