ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်အလှ သဘာဝအတိုင်း ရှိနေဖို့

ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်အလှ သဘာဝအတိုင်း ရှိနေဖို့
by -
ကန္တာရဝတီတိုင်း(မ်)

ကားလမ်းမက ငွေတောင်ဆည်ကန်ကြီးရဲ့ ထက်ဝက်ခန့်ကို ပတ်သွားတဲ့အတွက် အဝေးကအလည်အပတ် လာသူတွေနဲ့ ဆည်ကန်ကြီးကိုနောက်ခံထားပြီး အမှတ်တရဓါတ်ပုံလေးတွေ ရိုက်သွားကြပါတယ်။ ဒီးမော့ဆိုမြို့မှာရှိတဲ့ ငွေတောင်ဆည်ကြီးရဲ့ အနောက်မှာ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် သုံးလုံးက ဆည်နဲ့လိုက်ဖက် နောက်ခံထားတဲ့အတွက် ဒီအလှဟာ အနီးအနားက ဒေသခံတို့အဖို့ မကုန်ဆုံးနိုင်တဲ့ သဘာဝအလှမဟုတ်လား…

ကယားပြည်နယ် ဒုတိယမြို့တော် ဒီးမော့ဆိုမြို့ကို ရောက်ဖူးသူတိုင်း ကယားပြည်နယ်က အမှတ်တရအဖြစ် ဒီပုံလေးကို ယူသွားတတ်ကြပါတယ်။

ဒီလိုသဘာဝအလှတွေ မပျက်မစီးသွားအောင်  သေခံတွေက မိမိတို့ စဉ်ဆက်မပြတ် ယုံကြည်ကိုးစားတဲ့ ရိုးရာဓလေ့ထုံုးတမ်း အစဉ်အလာတွေနဲ့ ကာကွယ်စောင့်ရှောက် လာခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်ကြားမှာ ချယ်ရီမိုး ကုမ္မဏီက သတ္တုတူးဖော်ရေးလုပ်ငန်း ပြု လုပ်ဖို့ ကြိုးပန်းခဲ့ကြပေမဲ့ ဒေသခံတွေက ရေရှည်မှာ ဒီပြည်နယ်ကြီးမှာ အထင်အရှားရှိနေခဲ့တဲ့ တောင်သုံးလုံးရဲ့သဘာဝ ပတ်ဝန်းကျင်တွေနဲ့ သဘာဝအလှတရားတွေ ပျက်ဆီးသွားမှာကို စိုးရိမ်တဲ့အတွက် စီမံကိန်းကြီးကို တညီတညွတ်ထဲ ကန့်ကွက် ဆန္ဒထုတ်ဖေါ် ခဲ့ကြပါတယ်။
ငွေတောင်ဆည်နှင့် ရွှေတောင် ငွေတောင် ပတ္တမြားတောင် အလှ (ဓါတ်ပုံ-ကေတီ)
အခု ၂၀၁၃ ခုနှစ်မှာဆိုရင် အဆိုပါ တောင်သုံးလုံးရဲ့ထိပ်မှာ ဆက်သွယ်ရေးဖုန်းလိုင်း မိုင်ခရိုဝေ့တိုင် ထူထောင်ဖို့ အစီအစဉ်တွေ ရှိလာပြန်တဲ့အတွက် အဲ့ဒီလုပ်ရပ်ဟာ ကရင်နီလူမျိုးတို့မှ မိမိတို့ ယုံကြည်ကိုးစားတဲ့ ဓလေ့ရိုးရာကို သွားရောက်ထိခိုက်လေ မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေတဲ့အပေါ် မိုင်ခရိုဝေ့တိုင်ကို မိမိတို့ အထွဋ်အမြတ်ထိန်းသိမ်း ထားတဲ့ တောင်သုံးလုံးမှာမထောင်ပဲ တခြားသောတောင်ပေါ်၊ တောင်ထိပ်တွေမှာ ရွေးချယ်ဖို့ ဒေသခံတွေက ဆန္ဒထုတ်ဖေါ်လာပါတယ်။

၂၀၁၃ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်သုံးလုံးရဲ့ တောင်ခြေအနားက တံခွန်တိုင်ခေါ် ကေ့ထျိုးဘိုး ရိုးရာဝင်းအတွင်းရှိ မော့ဒူကလားမေးဟော် ပြည်နယ်ရဲ့ အထင်အရှားဖြစ်တဲ့ တောင်သုံးလုံးကို ဒေသခံ လူထုတွေက ကာကွယ်ဖို့ မိုင်ခရိုဝေ့တိုင် မထူထောင်ဖို့ တခြားတောင်ပေါ်သို့ ရွေးခြယ်နိုင်ဖို့အတွက် အစည်းအဝေးကျင်း ပပြီး ဒေသခံကိုယ်စားလှယ် (၄၉) ဦးက လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
 
အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ငွေတောင်အထက်တန်းကျောင်းခွဲ ကျောင်းအုပ် ယခု ရာထူးတိုးဖြင့် ရှမ်းပြည်နယ်ရှေ့ပိုင်းသို့ ပြောင်းရွှေ့သွားသည့် အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးငါးရယ်က ယခုလို ပြောပါတယ်။
 
"ဒီးမော့ဆိုတောင် ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်ဆိုတဲ့ နေရာကလွှဲရင် တခြားနေရာ မှာသွားပြီးတော့ ဒါအဆင်ပြေတဲ့နေရာ ရှာစေချင်ပါတယ်။ အခြားနေရာသွားပြီးတော့ ထောင်စေချင်ပါတယ်။ ကျနော်တို့ရဲ့ လူမျိုးကျနော်တို့ရဲ့ ရိုးရာကို ဒါမထိခိုက်အောင်ဘဲ ဒါရိုးရာကို မထိခိုက်နိင်ဘူးလား ရိုးရာကို ထိခိုက်နိုင်သလား၊ မထိခိုက်နိုင်ဘူးလား လို့မေးစေချင်ဒါပေ့ါ"  လို့ ပြောပါတယ်။

အစည်းအဝေးမှာ ဒေသခံပြည်သူလုထုတွေ မိမိတို့ရဲ့ တောတောင်ရေမြေနဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ မိုင်ခရိုဝေ့တိုင် ထူထောင်မည့်အစီအစဉ်ကို ဆက်လက် ကန့်ကွက်သွားကြမယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့မှ ဒေသခံရပ်မိရပ်ဖ ဖြစ်တဲ့ ဦးစိန်ဝင်းက  “ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတစ်ခု လုပ်မယ်ဆိုလိ့ုရှိရင် အောက်ခြေပြည်သူ လူထုတွေရဲ့ သဘောထား ဆန္ဒလည်း ပါရတယ်။ ပြည်သူလူထုကို ဗဟိုပြုပြီးတော့မှ လုပ်ရတဲ့ အချိန်ကာလ ဖြစ်နေတဲ့ အခါဖြစ်နေတော့ တိုင်းပြည်အတွက် ဒေသအတွက် အကျိုးရှိတဲ့ လုပ်ငန်းဖြစ်ပေသော်ငြားလည်း ဒေသခံတွေ ပြည်သူလူထုတွေ မလိုဘူးဆိုရင် ကျနော်တို့ကဘာမှသွားလုပ် လို့မရဘူး" လို့ ပြောပါတယ်။

ပြည်နယ်ဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက အဆိုပါ ရွှေတောင်၊ ငွေတောင်၊  ပတ္တမြားတောင်ပေါ်ကို ဖုန်းလိုင်း ဆက်သွယ်ရေးကောင်းမွန်ဖို့အတွက် မိုင်ခရိုဝေ့တိုင်ထောင်ဖို့ လျာထားဆဲသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးက "ထောင်မယ်ဆိုဒါတော့ အတိအကျတော့ မသိသေးဘူး၊ ဘယ်အဖွဲ့ လာထောင်မယ်ဆိုဒါတော့ မသိသေးဘူးလေး၊ ရာထားတဲ့နေရာဘဲ ရှိသေးတယ်။ ကန့်ကွက်ဒါလဲလူထု ကန့်ကွက်တယ်ဆိုရင် တရားဝင် တင်ပြမှရမှာပေါ့" လို့ ပြောပါတယ်။

ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုထားတဲ့ ကရင်နီမျိုးနွယ်စုများ ဆင်းသက်လာပုံ သမိုင်းပုံပြင်အရ လွန်ခဲ့တဲ့ BC ၃၀၀၀ က တရုတ်ပြည်မြောက်ဘက် သဲကန္တာရကနေ ကယားလီဖဲဆိုသူတဦးကနေ ဦးဆောင်ပြီး ခေါ်လာတဲ့ လူအုပ်စုတစုဟာ လူသူမရှိဘဲ နတ်သမီးနဲ့ နတ်သားများသာ နေထိုင်ကြတဲ့ ဒီးမော့ဆို မြေပြန့်ဒေသသို့ ရောက်ရှိလာပြီး ဒီးမော့ဆိုကေးခေါ် ငွေတောင်ပြည်ကို ထူထောင်ခဲ့ပါတယ်။

ကယားလီဖဲအနွယ်မှ ခနျားမော်ခေါ် နတ်သမီးခုနှစ်ဖေါ်ကို မွေးဖွားခဲ့ပြီး ဒီးမော့ဆိုကေ့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပါတယ်။

လက်ရှိဒေသခံတွေက ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်ဟာ ခနျားမော်ခုနှစ်ဖေါ် နေထိုင်တဲ့ နန်းဖြစ်ပြီး တောင်သုံးလုံးရဲ့ အရှေ့ဘက်နားမှာရှိတဲ့ ကန်ခုနှစ်ဆင့်ဆိုတဲ့ ရေကန်ကြီး ခုနှစ်ကန်ဟာ ခနျားမော် (နတ်သမီးခုနှစ်ဖေါ်) တို့ရဲ့ ရေဆင်းကစားတဲ့ကန်တွေဖြစ်ကြောင်း မျိုးဆက်သစ်သာ သမီးတို့ကို လက်ဆင့်ကမ်းပြောပြလေ့ ရှိကြပါတယ်။