လွှတ်ငြိမ်းချမ်းသာခွင့် ရ၀ ကျော်အနက် RCSS/SSA ၏ တပ်ဖွဲ့ဝင် ၃၀ ကျော်ပါဝင်

လွှတ်ငြိမ်းချမ်းသာခွင့် ရ၀ ကျော်အနက် RCSS/SSA ၏ တပ်ဖွဲ့ဝင် ၃၀ ကျော်ပါဝင်
by -
သျှမ်းသံတော်ဆင့်

သမ္မတ၏လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့ကလွတ်မြောက်လာသည့် အကျဉ်းသား ရ၀ ကျော်တွင် သျှမ်းပြည် တပ်မ တော်သား ၃၀ ကျော် ပါဝင်သော်လည်း RCSS/SSA ၏ တပ်မဟာမှူး ဒု-ဗိုလ်မှူးကြီးခွန်ကျော် မပါဝင်သေးဟု သျှမ်းသံ တော်ဆင့်မှ စုံစမ်းသိရှိရသည်။

“ အခုလွှတ်ငြိမ်းချမ်းသာခွင့်မှာ ကျနော်တို့လူ ၃၀ ကျော်ပါဝင်ပါတယ်။  အစိုးရကလွှတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဟာ ကောင်းမွန်သော အလားအလာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အချင်းချင်းကြား ယုံကြည်မှု ပိုမိုခိုင်မြဲလာတယ်။ ရှေ့ဆက်လျှောက်လှမ်း ဖို့အတွက်လဲ ခြေလှမ်း ခိုင်မာလာပါတယ်။ သို့ပေမယ့် ကျနော်တို့ ရဲ့ တပ်မဟာမှူး ဒု-ဗိုလ်မှူးကြီး ခွန်ကျော်တော့မပါသေးပါဘူး။ သမ္မတကြီးကနေ ဆက်လက်လွှတ်ပေးဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု  RCSS ပြောခွင့်ရ ဗိုလ်မှူးလောင်ဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
 
သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ RCSS မှ ပေးပို့သော ၎င်းတို့၏ အကျဉ်းကျ တပ်ဖွဲ့ဝင် များ စာရင်းမှာ ၄၀ ကျော်ရှိပြီး ယခုတခေါက် လွှတ်ငြိမ်းချမ်းသာခွင့်မှ အားလုံးနီးပါး လွတ်မြောက် လာကြောင်း ဗိုလ်မှူးလောင်ဝ်ဆိုင်က ပြောပါသည်။

လွတ်မြောက်အကျဉ်းသား ရ၃ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၆၈ ဦးပါဝင်ရာ RCSS/SSA ၏ လွတ်မြောက် တပ်သား ၃၀ ကျော်အနက် နာမည်အတိအကျသိရသူ ၂၆ ဦးရှိကြောင်းလည်း ဗိုလ်မှူးလောင်ဝ်ဆိုင် ကပြောပါသည်။

၎င်းနှင့်ပတ်သက်၍ SNLD ပြောခွင့်ရ စိုင်းလိတ်က လည်း “ ကျနော်တို့စာရင်းတင်သွားတာ နိုင်ငံရေး အကျဉ်းသား ၄၀ ကျော်တယ်။ အခု အဲဒီထဲက ၃၀ ကျော်လွတ်မြောက်လာတယ်။ စဝ်ခွန်ကျော်နဲ့ မန္တလေးမှာ (ဗုံးခွဲမှု လို့စွပ်စွဲပြီး )ဖမ်းဆီး လိုက်တဲ့ (ဂျပန်နိုင်ငံ သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌဟောင်း) စိုင်းသိန်းအောင်ကတော့ ပါမလာသေးဘူး။ အခုလွတ် မြောက် လာသူ ၃၀ ကျော်ကို ဒီနေ့ ရန်ကုန်မြို့ ကိုးမိုင်သျှမ်းကျောင်းမှာ တွေ့ဆုံမယ်။ ပြီးမှ ပြန်ပို့ပေးမယ် ။ သေချာတာတော့ ဒီတခေါက်လွတ် မြောက် တာဟာ RCSS တပ်သားတွေဖြစ်တယ်။ ဟုမ္မလင်း၊ ရပ်စောက်၊ မိုင်းကိုင်၊ မိုးနဲ အစရှိဒေသက လူတွေ ဖြစ် တယ်” ဟု ပြောဆိုပါသည်။

သာယာဝတီထောင်မှ ထွက်လာစဉ် မိမိတို့အား ထောင်ဗူးဝအထိ ဒု-ဗိုလ်မှူးကြီးခွန်ကျော်က လိုက်ပို့ခဲ့ကြောင်း တပည့်ဖြစ် သူ အိုက်စိန် (ခ)စိုင်းကျိန်းက ပြောဆိုပါသည်။

“ စဝ်ခွန်ကျော် နေကောင်းကျန်းမာပါတယ်။ ကျနော်တို့လွတ်မြောက်ခွင့်ရတဲ့အတွက် သူကအရမ်းဝမ်းသာ နေပါတယ်။ ကျနော်တို့ကို ကျန်းမာရေးဂရုစိုက်ဖို့ ၊ မကောင်းမှုရှောင်ကောင်းမှုဆောင်ဖို့နဲ့မိမိလုပ်ရမယ့် လုပ်ငန်း တာဝန်တွေ မမေ့ဖို့ မှာလာပါတယ်” ဟု ဆိုပါသည်။

မြန်မာစစ်တပ်ဘက်မှ ခွန်ကျော်တို့အဖွဲ့အား လက်နက်ချလျှငလွတ် ငြိမ်းပေးမည်ဟု ကတိပေးသောကြောင့် နမ့်ခမ်းမြို့ နှင့် မိုင်အနည်းငယ်ကွာဝေးသော နမ့်တီးရွာ၌ ၂၀၀၆ ဂျန္နဝါရီ ၁ ရက်တွင် လက်နက်ချခဲ့သည်။  နောက်တနေ့၌ ခွန်ကျော်နှင့် အဖွဲ့အား စစ်တပ်ကဖမ်းဆီးကာ လားရှိုးသို့ ခေါ်ဆောင်သွားခဲ့သည်။

၂၀၀၆ မတ် ၄ ရက်၌ ခွန်ကျော်အား လူသတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဆူပူသောင်းကြမ်းမှု၊ ကလေးစစ်သား စုဆောင်း မှုနှင့် အခြားသော စွဲချက်ပေါင်း ၁၁ ချက်နှင့် ၎င်း၏တပ်သား ၂၈ ဦးနှင့်အတူ သေဒဏ်ချမှတ်ခဲ့သည်။ အသက်ငယ်ရွယ် သော တပ်သား ၃ ဦးကိုမူ ထောင်ဒဏ် ရ နှစ်စီချမှတ်ခဲ့သည်။
ယခုအခါ ဒု-ဗိုလ်မှူးကြီး ခွန်ကျော် (ခေါ်) သံချောင်း သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်၌ အကျဉ်းကျနေသည်။ ၎င်း၏ ဇနီးနှင့်သမီး ၂ ယောက်မှာ ထိုင်းနယ်စပ်တစ်နေရာ၌ နေထိုင်လျက်ရှိ၏။

Most read this week