အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားမြစ်ရေး ကိုပါ Geneva Call နှင့် KNU စာချုပ်ချုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားမြစ်ရေး ကိုပါ Geneva Call နှင့် KNU စာချုပ်ချုပ်
by -
ကေအိုင်စီ

လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးများအပေါ် ထိခိုက်သက်ရောက်မှုအပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်းနှင့် ဖိနှိပ်ဆက်ဆံခြင်း အဆုံးသတ်ရေး သန္ဓိဌာန်ပြုသည့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ဇူလိုင်လ ၂၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော Geneva Call အဖွဲ့ချုပ်နှင့် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော်(RCSS/SSA)တို့သည် Geneva Call အဖွဲ့ချုပ်နှင့် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ကလေးများအပေါ် ထိခိုက်သက်ရောက်မှုဆိုင်ရာ စာချွန်လွှာကို သဘောတူ လက်မှတ်ထိုးခဲ့သော်လည်း KNU အနေဖြင့် ကလေးများအပြင် အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်သည့် စာချွန်လွှာကိုပါ ယခုလို ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

DSC07430img

ယင်းစာချွန်လွှာကို ကရင်ပြည်နယ်၊ ဖားအံမြိုရှိ ဇွဲကပင်ဟိုတယ်တွင် အခမ်းအနားပြုလုပ်ကာ ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး မြန်မာအစိုးရ အဆက်ဆက်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ပေါင်း ၆၀ကျော် ဖြစ်ပွားနေသည့် ပဋိပက္ခများအရ စစ်ဘေးဒဏ် အပြင်းအထန် ခံနေရမှုများတွင် အမျိုးသမီးများလည်း အဓိက ခံစားရသူများတွင် ပါ၀င်နေသောကြောင့် စာချုပ်ချုပ်ဆိုခဲ့ရခြင်းဖြစ် သည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ပွဲတွေထဲမှာ အထူးသဖြင့် ကလေးနဲ့ အမျိုးသမီးတွေဟာ အကြောက်တရားနဲ့ ခြိမ်းခြောက်မှု တွေ ခံစားကြံုတွေ့နေရတယ်။ ဒါတွေကို ချုပ်ငြိမ်းဖို့ ကျနော်တို့ KNU ကနေ အခြားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး Geneva Call နဲ့ လက်မှတ်ထိုးလိုက်တာဖြစ်တယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ပြောသည်။

KNU သည် အမျိုးသမီးအဖွဲ့များနှင့်လည်း အတူလက်တွဲ လုပ်ဆောင်လျှက်ရှိသည့် အဖွဲ့အစည်းဖြစ်သောကြောင့် အဖွဲ့၏ကိုယ် စား ယခုလို လက်မှတ်ထိုးလိုက်ခြင်းသည် အမျိုးသားအပြင် အမျိုးသမီးအတွက်ပါ အကျုံးဝင် ကြောင်း ပဒိုစောကွယ်ထူးဝင်းက ထပ်မံ ပြောဆိုသည်။

ယင်းသန္ဓိဌာန်စာချွန်လွှာ သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားတွင် KNU ဘက်က အထွေထွေ အတွင်းရေးမှူး ပဒိုစော ကွယ်ထူးဝင်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုအောင်ဝင်းရွှေ၊ စည်းရုံးရေးဌာန တာ ၀န်ခံ ပဒိုစောလှထွန်း၊ ပြည်တွင်းဌာနေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ ဥက္ကဌ စောစတိဗ်နှင့် Geneva Call ဘက်က ဆက်သွယ်ရေးနှင့် ပြည်ပဆက်ဆံရေးခေါင်းဆောင် မစ္စတာတီမိုသီကားစတိုင်းယား (Timothy Carstairs)နှင့် အဖွဲ့ဝင် ၃ဦးတို့ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့ (NGOs) များ၊ ပြည်တွင်းသတင်းထောက်အချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် စုစုပေါင်း လူ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

Geneva Call ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ တီမိုသီကားစတိုင်းယားက “KNU နဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ် ခဲ့တယ်။ အခုလို လက်မှတ်ထိုးတဲ့အဆင့်အထိ ရောက်ဖို့ အချိန်အများကြီး ကြာခဲ့တယ်။ အခုအဆင့်ထိ ရောက်လာလို့ ၀မ်းသာတယ်။ ရှေ့ဆက်ပြီး ကျန်တဲ့အဖွဲ့တွေလည်း အလားတူ လက်မှတ်ထိုးနိုင်ဖို့ KNU နဲ့ ကျနော်တို့ အလုပ်တွဲ လုပ်သွားမှာပါ”ဟု ကေအိုင်စီသို့ပြောသည်။

KNU သည် Geneva Call နှင့် ကတိကဝတ် ပြုထားသည့်အတိုင်း ဆောင်ရွက်ပြီး အလားတူ အခြားသော တိုင်းရင်းသားများ၏ ကလေးသူငယ်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကိုလည်း ကာကွယ်စောင့် ရှောက်သွားကြရန် ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းလိုက်သည်။

KWO ဥက္ကဌ နန်းဒါးအဲ့ကလယ်က “ကျမတို့အနေနဲ့ ကေအဲန်ယူရဲ့ စာချုပ် ချုပ်ဆိုမှုအပေါ် ၀မ်းသာကြိုဆိုပါ တယ်။ ဒါကို စံနမူနာ ယူပြီး အစိုးရစစ်တပ်နဲ့ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်းလိုက်လံလုပ် ဆောင်မယ်ဆိုရင် တိုင်းရင်းသူအားလုံးအ တွက် ကာကွယ်ရာရောက်ပါ တယ်။ သေနတ်သံမကြားတိုင်း ငြိမ်းချမ်းသွားတာ မဟုတ်လို့ အကြမ်းဖက်မှုတွေ အားလုံး ချုပ်ငြိမ်း သွားဖို့လိုပါတယ်။ ဒါကြောင့်ကတိကဝတ် အပြင် ကျူးလွန်မှုတွေကို သိရှိတွေ့ရှိမယ်ဆို အမျိုးသမီးတွေအတွက် တရားမျှတမှုကိုရှာဖွေပေးသွားစေ ချင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများကို အကာအကွယ် ပေးထားသော စည်းမျဉ်းစည်းကမ်းများ မှာ KNU တွင် ရှိနှင့်ပြီးဖြစ်သလို ပြီးခဲ့သည့် ၂၀၀၄ခုနှစ်မှစ၍ အသက် ၁၈နှစ် မပြည့်သေးသော ကလေးသူငယ်များကို ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ခြင်းမလုပ်ရန် တားမြစ်ထားမှုများရှိနှင့်ပြီး ပိုမိုပြည့် စုံရန်အတွက် စာချုပ်ရခြင်းဖြစ်ကြောင်းနှင့် ကုလသမဂ္ဂနှင့် အပြန်လှန်ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ဇူလိုင် ၂၁ရက်နေ့ထုတ် KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

KNU သည် မြန်မာအစိုးရနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလက ပဏာမ အပစ်အခတ် ရပ်စဲရေးသဘောတူညီ မှုရရှိခဲ့ပြီးနောက် တနှစ်ခွဲ တွင် Geneva Call နှင့် ယခုလို သဘောတူစာချုပ်ကို ပထမဆုံးအကြိမ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။