ဂါရဝပြုခံ ပြည်ထောင်စုတိုင်းရင်းသား ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်များက ပင်လုံစိတ်ဓါတ်အကြောင်းရှင်းလင်း ပြောကြား

ဂါရဝပြုခံ ပြည်ထောင်စုတိုင်းရင်းသား ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်များက ပင်လုံစိတ်ဓါတ်အကြောင်းရှင်းလင်း ပြောကြား
by -
နိရဥ္စရာ

မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဆုံးအကြိမ် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဓနု၊ လားဟူအစရှိသည့်တိုင်းရင်း သားဝါရင့် နိုင်ငံရေးသမားကြီးများအား ဂါရဝပြု ပူဇော်ပွဲကို ဇူလိိူင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဂါရဝပြုခံ ၀ါရင့်နိုင်ငံရေးသမား ၃၁ ဦးဖိတ်ကြားခဲ့သော်လည်း ကျန်းမာရေးနှင့် အခြား အကြောင်းအမျိုးမျိုးတို့ကြောင့် စုစုပေါင်း ၂၁ ဦးသာ တက်ရောက် နိုင်ခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသည့် ၀ါရင့်နိုင်ငံရေး  ခေါင်းဆောင်များက ပြည်ထောင်စု စိတ်ဓါတ် အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြသည်။

narinjara2371

ထိုသို့ ပြောကြားရာတွင် ရှမ်းအမျိုးသားခေါင်းဆောင် စိုင်းအောင်ထွန်းက “ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဟိုတစ်ဖွဲ့နဲ့ တမျိုးပြော၊ ဒီတစ်ဖွဲ့နဲ တမျိုးပြောလုပ်နေလို့ မရဘူး။ ကာတွန်းတစ်ခု ကပြော ထားတယ်။ အဲဒီ ကာတွန်းမှာ ရှမ်းကလေး တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်ထောင်ကို သွားနှိပ်ကြည့်တယ်။  ဟေ့.. မင်းဘာနှိပ်သလဲတဲ့ ဗိုလ်ချုပ်က မေးတယ်။ အဲဒီမှာ ရှမ်းကလေးက ဘာပြန်ပြောသလဲ ဆိုရင် သြော်..ဗိုလ်ချုပ်.. ပင်လုံစာချုပ် ဗိုလ်ချုပ် အိပ်ထဲများ ပါသွားသလားလို့ နှိပ်ကြည့်တာပါလို့ ဖြေသွားတယ်။”

ဒါ့ပြင် သူက စိတ်ဓါတ်ကြောင့် ပင်လုံ စာချုပ်ဖြစ်လာတယ်။ ပင်လုံ စာချုပ်ကြောင့် စိတ်ဓါတ် ဖြစ်လာတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တယ်။ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ပင်လုံ စာချုပ် ကြောင့် လွတ်လပ်ရေး ရခဲ့တယ် ဆိုတာပါပဲ။ဒါကြောင့် ဒီပင်လုံ စိတ်ဓါတ်ကတော့ ဘယ်လို အကြောင်းနဲ့မှ ဖျောက်ဖျောက်ပစ်လို့ မရနိုင်ဘူးဆိုတာ ပြောချင်ပါတယ်” ဟု ပြောကြားသွားသည်။

ပအိုဝ့်အမျိုးသားခေါင်းဆောင် ခွန်စိန်ရွှေကလည်း “ သူတို့က ပြောကြတယ် ကျနော်တို့ ဟိုမှာတော့ ဟိုလို လုပ်ခဲ့ပါပြီ။ ဒီမှာတော့ ဒီလို လုပ်ခဲ့ပါပြီ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး မကြာခင် ရတော့မှာပါလို့ မစားရ ၀ခမန်း ပြောတာတွေလည်း ကြားကြမှာပါ။ ဒါတွေလည်းပဲ ကျနော်တို့ပြည်သူလူထု အတွက် ဘာမှ အကျိုးမရှိဘူး။ ရှင်းရှင်းပြောရင် လိမ်ပြောတာတွေများတယ်။ လိမ်တယ်ဆိုတာ ပွင့်လင်း မြင်သာမှု မရှိတာနဲ့ အတူတူပဲ။ ဒါဟာ မရိုးသားတာပဲ ဖြစ်တယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ ၀ါဒကြီး တစ်ခုရှိတယ်။ အဲဒီဝါဒဟာ မဟာလူမျိုးကြီး ၀ါဒလို့ ခေါ်တယ်။ အဲဒီဝါဒကြောင့်ပြည်ထောင်စု အစစ်ကို ပေါ်မလာဘူး” ဟု ပြောကြားသွားသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဒေါ်အောင်ဆန်းစုကြည်ကလည်း  “သစ္စာရှိတယ်ဆိုတာ ယုံကြည်မှု အပေါ် မူတည်ပါတယ်၊ တခြားသူကို ယုံကြည်ရမယ်၊ ကိုယ်ယုံကြည်မယ့်လူသာ သစ္စာထားနိုင်တယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို မယုံကြည်တဲ့လူဟာ တခြားလူကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ၊ အဲဒါကို ကျွန်မ ပြောချင် ပါတယ်၊ လွတ်လပ်ရေး ရခါစ ဒီနိုင်ငံဟာ တကမ္ဘာလုံးက လေးစားအထင်ကြီးတယ်။ ဘာမဆို လုပ်န်ိုင်တယ်၊ ပညာရေး၊ ကျန်းမာရေး စနစ်ကောင်းတယ်၊ ပြည်တွင်းသတင်းစာဆရာ၊ စာရေးဆရာ အဆင်တန်း မြင့်တယ်၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ တခြားသူကိုလည်း ယုံကြည်မှုရှိတယ်၊ တိုင်းရင်းသား ညီညွှတ်ရေး ရဖို့ ပင်လုံစိတ်ဓါတ် အခြေခံတယ်၊ ပင်လုံစိတ်ဓါတ်လို့ပြောတဲ့ အခါမှာ တချို့ ပင်လုံစာချုပ်မှာ မပါခဲ့တဲ့ တချို့တိုင်းရင်းသားတွေက သိပ်မကျေနပ်ကြဘူး။  ပင်လုံမှာပါခဲ့တဲ့ တိုင်ရင်းသား အရေအတွက် ဆိုရင်တကယ်တော့ မများပါဘူး။ ဒါပေမယ့် ကျမက စိတ်ဓါတ်ကိုဆိုလိုဟာပါ။ ညီလာခံနဲ့ သဘောတူညီ ချက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပင်လုံ စိတ်ဓါတ် ရှိဖို့ဆိုတာ ပထမကိုယ့်ကိုယုံ ကြည်မှုရှိဖို့ လိုပါတယ်။ ကိုယ့်ကို ကိုယ် ယုံကြည်မှု ရှိဖို့ဆိုတာ တိုးတက်ဖို့လိုပါတယ်။ လူငယ်များ တတ်အားသမျှကိုယ့်ခေတ် ကိုယ့်အခါမှာ ကိုယ့်နိုင်ငံ အတွက် ကိုယ်ဟာဂုဏ်ယူနိုင် တဲ့သူမျိုး။ သစ္စာထားနိုင်တဲ့သူဖြစ်ကြပါ စေလို့ ကျမအနေနဲ့ ဆုမွန်ကောင်းလိုက်ပါတယ်” ဟု ပြောဆိုသွားသည်။

narinjara2372

ညီနောင် တိုင်းရင်းသား ပါတီကိုယ်စား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်မှလည်း လက်ရှိ နိုင်ငံရေးအမြင်နဲ့ ပတ်သက်ပြီး ပြောကြားရာတွင် “ ၂၀၀၈ ဥပဒေကို ကြည့်ရင် ဖက်ဒရယ် မစစ်ဘူး၊ အမျိုးသား သူငယ်နာ မစင်ဘူး။ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ အတွက် အဓိက ဖက်ဒရယ် စနစ်ကို အာမခံသော၊ ဒီမိုကရေစီ ပီပြင်သော၊ သွေးရင်း သားရင်း တန်းတူညီမျှမှုရသော ဖွဲစည်းပုံကြီး တစ်ခု ပေါ်ပေါက်ဖို့လိုပါတယ်” ဟု ပြောဆိုသွားသည်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ်နာယက ဦးသာဘန်းကလည်း“ ၁၇၈၄ခုနှစ် တွင် ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်း လာရောက် တိုက်ခိုက်၍ ရခိုင်ပြည် ကျဆုံးခဲ့ရကြောင်း၊  နတ်မြစ်အနောက်ဘက်ခြမ်း တစ်ခုလုံး တစ်ခြား ပြည်ဘက်သို့ ပါသွားကြောင်း၊  ယ္ခုလက်ရှိ ရခိုင်ပြည် ပြသနာ အပေါ် အလေးအနက် ထားကြရန်နှင့် ဘင်္ဂလားဒေချ့် နိုင်ငံမှ ထွက်ပြေး လာကြရသော ရခိုင် မျိုုးနွယ်စုများအားလည်း တိုင်းရင်သား ညီအကို မောင်နှမများက ၀ိုင်းဝန်းအကူအညီပေးကြပါလို့ တောင်းဆို ပါတယ်” ဟု ပြောကြား သွားသည်။

တိုင်ရင်းသား လူငယ်များကွန်ယက်မှ ပြန်ကြားရေးတာဝန်ခံ ကိုခိုင်ကိုနိုင်က အခမ်းအနားနှင့် ပတ်သက်ပြီး ပြောကြားရာတွင် “ပထမ ကျနော်တို့ ဖိတ်ထားတာက ၀ါရင့် နိုင်ငံရေးသမားကြီး (၃၁) ယောက်ပါ။ ဒါပေမယ့် ရှမ်းအမျိုးသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ဆရာကြီး ဒဂုန်တာရာတို့ဟာ ကျန်းမာရေး မကောင်းလို့ မလာနိုင်ကြပါဘူး။  ဒါကြောင့် (၂၁)ယောက်ပဲ လူကိုယ်တိုင် တက်ရောက် နိုင်ပါတယ်”ဟုပြောကြားသည်။

အခမ်းအနားသို့ မြန်မာ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့်  မွန်ခေါင်းဆောင် နိုင်ငွေသိမ်း၊ ဗမာ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးတင်ဦး၊  ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအေးသာအောင်၊ ဦးသာဘန်း၊ ဦးခိုင်စိုး၊ ဒေါက်တာ အေးမောင်၊ ကချင်-အင်ဖန်းဂျလောင်၊ ဒူဝါးခန်ထားယော်၊ ကရင်နီ-ဦးအာပီသောင်း၊ ချင်း-ပူကျင့်ရှင်းထန် ကရင်-မန်းသိမ်းရွှေ၊ မန်းပီတာကြာရင်၊ ရှမ်း-ဗိုလ်ချုပ်ဆေထင်၊ စိုင်းအောင်ထွန်း၊ ပအိုဝ့်-ခွန်စိန်ရွှေ၊ အောင်ခမ်းထီးနှင့် ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီး၊ ဦးဌေးကြွယ်နှင့် ကိုမြအေးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ တိုင်းရင်းသား ပေါင်းစုံ   လူပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

Most read this week