ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO သည် အစိုးရနှင့် ဆွေးနွေးရမည့် အရေး ကိစ္စများကို ကြားခံ ဆောင်ရွက် ပေးရသော နည်းပညာ အထောက်အကူပြု (Technical Team) အဖွဲ့ကို ၄င်းတို့ ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိသေးကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်းခွန်ဂျာက ဆိုပါသည်။
“KIO Technical Team ရုံးကိုတော့ ဒီနေ့ဖွင့်ပေးနိုင်ခဲ့ပေမဲ့ အဖွဲ့ကိုတော့ ဖွဲ့စည်းပေးနိုင်တာ မရှိသေးဘူး။ အခက် အခဲ ကတော့ ပါဝင်ပေးမဲ့ ပညာရှင်တွေ ဘက်က ရှာရတာ နည်းနည်း အခက် အခဲ ဖြစ်နေတယ်။ ဒီလကုန်ပိုင်းလောက်မှ ဖွဲ့ နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ အဲဒီ အတွက်ကြောင့် ရုံးကိုတော့ သြဂုတ်လ ဆန်းပိုင်းမှ ထိုင်ဖြစ်မှာပါ” ဟု လမိုင်းခွန်ဂျာက ဆိုပါသည်။
နည်းပညာ အထောက်အကူပြု ရုံးကို ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီပူတာရပ်ရှိ KIO ဆက်ဆံရေးရုံး အနီး၌ အခမ်းအနား ကျင်းပပြီး ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ယင်းဖွင့်ပွဲ အခမ်းအနားသို့ KIO ဖက်မှ ဆရာ ဆွမ်လွတ်ဂမ် ဦးဆောင်ပြီး တက်ရောက် ခဲ့ပါသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကမူ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် ၉ ဦး တက်ရောက် ခဲ့ပြီး ကချင်ပြည်သူ စုစုပေါင်း ၁၆၀၀ ကျော် တက်ရောက် ခဲ့ပါသည်။
ယင်းအခမ်းအနား၌ ၀န်ကြီး ဦးအောင်မင်းက “ ဒီအလုပ် အဖွဲ့ရုံးကို ပြီးခဲ့တဲ့ မေလ အကုန်ပိုုင်းက ကျနော်တို့နဲ့ KIO တို့ရရှိထားတဲ့ သဘော တူညီချက် ရ ချက်ထဲက အချက် ၆ အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်နေတာပါ။ ဒီအဖွဲ့ထဲမှာ ပြည်သူလူထု တွေကလည်း ပူးပေါင်း ပါဝင် ပေးသင့်တယ်လို့” ပြောကြား သွားခဲ့ပါသည်။
အလားတူ ဆရာ ဆွမ်လွတ်ဂမ်ကလည်း “ဒီအလုပ် အဖွဲ့ရုံးဟာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တဲ့ ရုံးဖြစ်တယ်။ ကချင် ပြည်နယ် ငြိမ်းချမ်းရေး အတွက် အကြံပြုချက်များ လာရောက် ပေးနိုင်တဲ့ နေရာဖြစ်တယ်” ဟုပြောကြား သွားခဲ့ပါသည်။
ဤရုံးဖွင့်ပွဲနှင့် တိုက်ဆိုင်ပြီး အစိုးရ ဘက်က KIA အဖွဲ့ဝင် အဖြစ် စွပ်စွဲပြီး ဖမ်းဆည်း ထားသော လထော်ပရာန်ရှောင်ကိုလည်း ယနေ့ လွှတ်ပေး ခဲ့ပါသည်။ အစိုးရသည် လထော်ပရာန်ရှောင်အား KIO ဆက်သွယ်မှုဖြင့် ထောင်၂ နှစ်ခန့်ပစ်ဒဏ် ပေးခဲ့ ပါသည်။ အလားတူ မန္တလေးထောင်မှ ယနေ့ ညနေ ၄ နာရီတွင် လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသား [ ၈ ] ဦး ထဲမှKIA တပ်ရင်း ၉ မှ ဇော်တွဲနှင့် တပ်ရင်း ၈မှ မောင်ကျော်တို့လည်း လွတ်လာကြောင်း ဆိုပါသည်။
KIA နှင့် အစိုးရ တပ်ဖွဲ့တို့သည် စစ်ရေး အရှိန် လျှော့ချရန် အတွက် ပြီးခဲ့သည့် မေလကုန်ပိုင်း၌ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး သဘော တူညီချက် (၇) ချက်ဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရန် သဘော တူခဲ့ပါသည်။ သို့သော်လည်း နေ့တိုင်းလိုလို အနည်းနှင့် အများ တိုက်ခိုက်မှုများ ရှိနေဆဲဟု နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်းလန်တောင်က ဆိုပါသည်။
ဤကဲ့သို့သော ပြသနာ မျိုးများကို ဖြေရှင်း သွားရန် အပါအဝင် KIO နည်းပညာ အထောက်အကူပြု အဖွဲ့သည်၊ KIO နှင့် အစိုးရ အကြား တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ကို ကြိုတင် ညှိနှိုင်းပေးရမည်။ ရရှိလာသော သဘော တူညီမှုများ အပေါ် မူတည်ပြီး KIO အတွက် ဆွေးနွေးရမည့် အချက်အလက်များနှင့် အစီအစဉ်များကို တင်ပြပေးရပါသည်။ ဤသည် KIO မှ ဖွဲ့စည်း ပေးထားသော နည်းပညာ အထောက်အကူပြု (Technical Team) အဖွဲ့၏ တာဝန်ဖြစ်သည်ဟုလည်း ဆိုပါသည်။