အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ
by -
မဇ္ဈိမ

အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောတစ်စီးမှ ၀န်ထမ်းတစ်ဦးသည် ခရီးသည် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခံထားရကြောင်း ဆိပ်ကမ်း မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။

“လောလောဆယ် တရားခံက ရှောင်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဌာနဘက်ကတော့ တရားခံကို အပ်ပေးမယ်ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့်ဝန်ထမ်းလို့လည်း သိထားပါတယ်” ဟု စခန်းမှူးက ဆက်ပြောသည်။

လက်ရှိအချိန်တွင်မှု တိုင်တန်းသူများကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်အား ရန်ကုန်ဆေးရုံကြီးတွင် ဆေးစစ်နေပြီး အမှုတည်ဆောက်ပြီးပါက အခင်းဖြစ်ဒေသ၏ အပိုင်ရဲစခန်းဖြစ်သော
ရွှေလောင်းရဲစခန်းသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။

အမှုဖြစ်ပွားသည်မှာ ဇူလိုင် ၁၄ ရက် ၁၂ နာရီအချိန်ကဖြစ်ပြီး ကျူးလွန်ခံရသည့် မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေးသည် သူ့နေရပ် လပွတ္တာမြို့နယ်မှ ရန်ကုန်တွင် ကလေးဆေးကုရန် အစိုးရပိုင် ဝေဿန္တရာ သင်္ဘောဖြင့် အခန်းငှားကာ စီးနင်းလိုက်ပါစဉ် ညသို့ ရောက်သောအခါ အမျိုးသားတစ်ဦးက အခန်းတွင်းသို့ ၀င်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲကိုထွက်ဆို ထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲတိုင်တန်းခံရသူမှာ ကိုလွင်မောင်ဌေးဆိုသူ သင်္ဘောသား ဖြစ်သည်ဟု ရဲများက ထုတ်ပြန်ထားသည်။

သူ့ကို စွပ်စွဲတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၁၉၉/၁၃ဖြင့် အမှု ဖွင့်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေ ရှိသည်ဟု ရဲဌာနက ဆိုသည်။

Most read this week