စစ်ပွဲကြောင့် ရွာပုန်း ရွာရှောင် ဘဝမျိုးဖြင့် ဒုက္ခဖြစ် ရောက်နေကြသည့် တအာင်း လူထု အခြေအနေကို ဖြေရှင်း ပေးပါရန် ဇူလိုင် (၁၉) ရက်နေ့၌ ကျင်းပသော ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (P.S.L.F/ T.N.L.A) မှ ဦးဆောင်သည့် လူထု သဘောထား ခံယူပွဲတွင် တအာင်း လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များမှ တောင်းဆို ခဲ့ကြောင်း တက်ရောက်သူ များက ဆိုပါသည်။
“ ဆန္ဒခံယူပွဲကို TNLA ရဲ့ အခြေခံ ဒေသမှာဘဲ လုပ်ပါတယ်။ (၈)မြို့နယ်က ဒေသ ကိုယ်စားလှယ် (၁၀၀)ကျော် တက်ပါတယ်။ အဓိက တင်ပြ ကြတာ ကတော့ လောလောဆယ် ဒုက္ခသည် ဘဝ အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး ၊ ဒေသ လမ်းပမ်း ဆက်သွယ်ရေး အခြေအနေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကို တင်ပြကြပါတယ်” ဟု ကိုယ်စားလှယ် တဦးက ဆိုပါသည်။
PSLF သည် ဖြစ်ရှိနေသော စစ်ရေး အခြေအနေပေါ် မူတည်ပြီး လူထု အကျိုးပြု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် တိုက်ပွဲ ဖြစ်နေသည့် ကာလ၌ မည်သို့မှ ထိထိရောက်ရောက် ကူညီ နိုင်ခြင်း မရှိသေးကြောင်း၊ လူထု အကျိုးစီးပွားကို ငဲ့ညှာသော အားဖြင့် တိုက်ပွဲ မဖြစ်ပွားရန် ရှောင်ရှားပေးနေကြောင်း အထွေထွေ အတွင်းရေးမှူး ဖြစ်သော ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်မှ လူထုအား ရှင်းလင်း တင်ပြခဲ့ပါသည်။
လက်ရှိ၌ TNLA ဒေသတွင် စစ်ပြေး ဒုက္ခသည်များ ၃၀၀၀ နှင့် ၅၀၀၀ အကြားတွင် ရှိနေသည်ဟု ဆိုပါသည်။ ဤဒုက္ခ များအတွက် စားနပ် ရိက္ခာများ ထောက်ပံ့ နေရကြောင်း၊ ပြည့်စုံ လုံလောက်စွာ မပေးနိုင်သော်လည်း မပြတ်လပ် သွားစေရန် စီစဉ်နေရကြောင်း ဆိုပါသည်။
မူးယစ်ဆေးဝါး အရေးတွင်လည်း ဘိန်းစိုက်ပျိုးမှုများ တိုက်ဖျက်ရေးနှင့် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးနိုင်ရေးကို ကြိုးစား ဆောင်ရွက် ပေးနေကြောင်း၊ရံပုံငွေ အခက်အခဲကြောင့် နှစ်ရှည် ပင်များဖြင့် ပြောင်းလဲ မပေးနိုင်သေးမီစပ်ကြားရာသီသီးနှံ ဖြစ်သည့် ပြောင်း၊ စပါး၊ အာလူး၊ပဲ ၊ ပိန်းဥ စသည့် မျိုးစေ့များကိုသာ အစားထိုး နေရခြင်း ဖြစ်သည်ဟု ဆိုပါသည်။
လောလောဆယ်တွင် တိုက်ပွဲ မဖြစ်ပွားသော်လည်း ရပ်သွားသည့် အနေအထားမျိုး မဟုတ်ဘဲ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွား လာနိုင်ကြောင်း၊ လက်နက်ကြီးဖြင့် မကြာခဏ အပစ်ခံနေရသဖြင့် လူထုများကလည်း တိုက်ပွဲ ဖြစ်လာမည့် အရေးကို တွေးပူနေကြရကြောင်း၊ မိုးရာသီတွင် သွားလာရေး ခက်ခဲပြီး စားဝတ်နေရေး ခက်ခဲသဖြင့် စစ်ဘေးရှောင် ပြည်သူ များအတွက် ဒုက္ခရောက် ရကြောင်း ဆိုပါသည်။
ယင်းဆန္ဒခံယူပွဲသို့ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့ မှရပ်မိရပ်ဖ ကိုယ်စားလှယ်များက တက်ရောက် ကြပါသည်။ အစိုးရသည် နမ့်ဆန်နှင့် မန်တုံမြို့နယ် နှစ်မြို့နယ်သာလျှင် တအာင်း လူမျိုးတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားပါသည်။ ပြည်သူ များကမူ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲမြို့နယ် အနောက်/မြောက်ခြမ်း အစရှိသည့်ဒေသများကိုပါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်း ပါ၀င်လာရန် လုပ်ဆောင် သင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ဤသည် PSLF ၏ ပထမဆုံး အကြိမ် လူထု ဆန္ဒခံယူပွဲ ဖြစ်ပါသည်။ နောက်နောင် ကျင်းပသည့် အခါ မိုးမိတ်၊ မိုးကုတ် နှင့် ရှမ်းပြည်နယ် အရှေ့၊ အလယ်၊ တောင်ပိုင်းရှိ တအာင်းလူထု ကိုယ်စားလှယ် များကိုပါ ထပ်မံ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း PSLF တာဝန် ရှိသူများက ပြောကြားခဲ့ပါသည်။