ကျောင်းပြင်ပ မူလတန်းပညာသင်ကြားရေး တောင်ကြီးတွင် ဆွေးနွေး

ကျောင်းပြင်ပ မူလတန်းပညာသင်ကြားရေး တောင်ကြီးတွင် ဆွေးနွေး
by -
မဇ္ဈိမ

ကျောင်းပြင်ပ မူလတန်းပညာသင်ကြားရေးအတွက် ရှမ်းပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှုးနှင့် လွှတ်တော်ဥက္ကဌတို့ ဦးဆောင်ကာ တောင်ကြီးအထက(၅) ကျောင်းတွင် ဇူလိုင် ၁၈ က ဆွေးနွေးကြသည်။

အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရခဲ့သူများ၊ ကျောင်းနေခွင့်ရခဲ့သော်လည်း မူလတန်းပြီး ဆုံးအောင် မသင်ယူခဲ့ရသူများ၊ ကျောင်းထွက်ခဲ့ရသူများအတွက် ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ဖြည့်ဆည်းပေးနိုင်ရန်နှင့် အဆိုပါ ကလေးငယ်များကို အခြေခံပညာအလယ်တန်းအဆင့် ဆက်လက် သင်ယူခွင့်ရရန် ယခုဆွေးနွေးပွဲက ရည်ရွယ်ထားသည်ဟု ပညာရေးမှုး ဦးချစ်ဆွေက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းခမ်းမှတ်၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှုး ဦးချစ်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ ကျောင်းချိန်ပြင်ပသင်တန်း ဆရာများ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘ တစ်ရာကျော် တက်ရောက်ဆွေးနွေး ကြသည်။

“ကျွန်တော်တို့ ဟိုပုံးမှာ ကလေးတွေက ငယ်ငယ်နဲ့ ပညာမသင်နိုင်တော့ဘဲ နေ့စားလုပ်နေတာတွေ ရှိတယ်၊ မြို့ပေါ်မှာ စာရင်းကောက်ဖို့ ခက်ခဲလို့ ဘုန်းကြီးကျောင်းတွေကနေ စာရင်းကောက်ပြီးတော့ ပင်စင်ယူသွားတဲ့ ဆရာမတွေကို သင်တန်းပေးပြီးတော့ နည်းပြပြန်ခန့်တယ်။ စာမသင်နိုင်တဲ့ ကလေးတွေကို ဆက်လက်ပြီး ကျောင်းပြင်ပမူလတန်းပညာရေး သင်ကြားနိုင်အောင် ဆောင်ရွက်ပေးသွားမယ်” ဟု ဟိုပုံးမြို့နယ် လက်ထောက်ပညာရေးမှုး ဦးခွန်ကျော်နောင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေး ဦးစီးဌာနအနေနှင့်လည်း ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူးက ဆိုသည်။

“အရင်က UNICEF (ယူနီဆက်ဖ်) ရဲ့ အစီအစဉ်နဲ့ ဒီကျောင်းပြင်ပပညာရေးကို လုပ်ခဲ့ပါတယ်။ အခုတော့ ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကို၀င်းရဲ့ ပ့ံပိုးမှုတွေနဲ့ ဆောင်ရွက်နေတာပါ”ဟု ဦးချစ်ဆွေက ထပ်လောင်း ပြောကြားသည်။

ကျောင်းချိန်ပြင်ပ ပညာရေးအား ၁၉၉၈ ခုနှစ်က MOE/UNESCO/UNDP Project  အဖြစ် အစပျိုးခဲ့ပြီး ၂၀၀၂ မှ ၂၀၀၈ အထိ မြို့နယ် ငါးဆယ်ကျော်တွင် ဆောင်ရွက်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၃ အထိ နှစ်ဆယ်ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ကလော၊ ဟိုပုံး၊ တောင်ကြီး စသည့် မြို့များတွင်ကျောင်းပြင်ပပညာ ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်။

Most read this week