အစိုးရတပ်နှင့် မွန်ပြည်သစ်တိုက်ပွဲဖြစ်ပွားမှု မြန်မာ့ငြိမ်းချမ်းရေးဂေဟာနှင့် ညှိနှိုင်းစုံစမ်းနေ

အစိုးရတပ်နှင့် မွန်ပြည်သစ်တိုက်ပွဲဖြစ်ပွားမှု မြန်မာ့ငြိမ်းချမ်းရေးဂေဟာနှင့် ညှိနှိုင်းစုံစမ်းနေ
by -
မဇ္ဈိမ

တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မှ တပ်သားနှစ်ဦးတို့ ကျဆုံးစေ ခဲ့သည့် တိုက်ပွဲအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာတို့နှင့် ညှိနှိုင်းကာ အဖြစ်မှန် ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ ဒုတိယဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

“ဒီကိစ္စကို ပြည်တွင်းတာဝန်ခံ နိုင်တလညီကတစ်ဆင့် ဒေသခံတပ်မှူး နိုင်တမော့ချမ်းတို့ဆီက အချက်အလက်တွေ ရယူပြီးတော့ အရှေ့တောင်တိုင်းကိုလည်း တင်ပြထားတယ်၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

ဇူလိုင်လ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မွန်အမျိုးသား လွတ်မြောက်ရေး ရဲဘော်နှစ်ဦး ဖြစ်သည့် နိုင်ရှိန် ၄၀ နှစ်နှင့် နိုင်ချမ်းမွန် ၂၀ နှစ်တို့ အသီးသီးကျဆုံးခဲ့ကာ တပ်မတော်ဘက်မှ တပ်ကြပ်ကြီးစိုးနောင် ကျဆုံးခဲ့ပြီးလေးဦးဒဏ်ရာရရှိသွားခဲ့သည်ဟု မွန်အမျိုးသားလွတ်မြောက်ရေးတပ်က သတင်းထုတ်ပြန် ထားသည်။

ဇူလိုင်လ ၁၈ ရက်တွင်မူ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဘိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သုမင်္ဂလံကျေးရွာ မှ မွန်ပြည်သစ်ပါတီတပ်များ ဆုတ်ခွာထားကာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း၌ နေရာယူထားပြီး ထိုရက်မှစ၍ နှစ်ဘက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြခြင်း မရှိသေးပါ။

“ကျွန်တော်တို့ ထိုင်းနယ်စပ်ထိတိုင် ဆုတ်ထားပြီးဖြစ်တယ်၊ အစိုးရတပ်က တက်ရှင်းနေတယ်လို့ သတင်းတွေ ကြားနေရတာပဲ။ အခြေအနေကို အထက်လူကြီးတွေ ရှင်းနေကြတုန်းပဲ၊ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မရခင်အထိတော့ ကျွန်တော်တို့ မလှုပ်ရှားသေးပါဘူး။”ဟု မွန်ပြည်သစ်ပါတီ မြိတ်ဒေသခံတပ်မှူး ဗိုလ်ကြီးတမော့ချမ်းက မဇ္ဈိမကို ပြော
သည်။

ယခု နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် သုမင်္ဂလံကျေးရွာသည် ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် မွန်ပြည်သစ်ပါတီမှ ယခုနှစ်ဆန်း၌ပင် စတည်ထားသော ရွာဖြစ်ကာ အိမ်ခြေမှာ ၂၀ ခန့်သာ ရှိသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အစိုးရက ချမှတ်သည့် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးမူကို လက်မခံ၍ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ထိုသို့ အပစ်ရပ်စဲရေး ပျက်ပြယ်သည့်ကာလတွင်ပင် နှစ်ဖက်တပ်များ ပစ်ခတ်မှု မရှိခဲ့ပေ။

Most read this week