အင်းစိန်ထောင်အတွင်းရှိ အချုပ်သား နှစ်ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်သည်ဟုစွပ်စွဲကာ အင်းစိန်ထောင်ဦးစီးနှင့် အချုပ်ခန်းသူကြီးတို့ကို အချုပ်သားတို့၏ ရှေ့နေက ဇူလိုင်လ ၁၈ ရက်တွင် အမှုဖွင့် တိုင်ကြားလိုက်သည်။
အချုပ်သားနှစ်ဦးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက တော်ဝင်သစ်စက်ရုံတွင်ဆန္ဒပြရာမှ အင်းစိန်ထောင်တွင် အချုပ်ကျနေခြင်းဖြစ်သည်။ ထိုသူတို့ကို ထောင်ဝန်ထမ်းက ရိုက်နှက်ခြင်းဖြစ်သည်ဟု ရှေ့နေ ကိုသူရိန်ထွန်းက ဆိုသည်။
“သီဟကိုကိုနဲ့ မောင်မောင်သန့်ကို ဝန်ထမ်း အေးမင်းအောင်က လယ်ပင်းညှစ်၊ ပါးရိုက်၊ ဖိနပ်နဲ့ကန်တယ်လို့ အလုပ်သမား နေလင်းဦးက ကျွန်တော့်ကိုပြောပြတယ်။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် အမှုဖွင့်ခဲ့တာ။ အင်းစိန်ရဲစခန်းက မနက်ဖြန် အာဇာနည်နေ့ ရုံးပိတ်ရက်ဖြစ်ပေမယ့် စခန်းက ရဲနဲ့ အင်းစိန်ထောင်မှာ ကျွန်တော့်ရှေ့မှာပဲ စစ်ဆေးမှာပါ” ဟု ကိုသူရိန်ထွန်းက ပြောသည်။
ထိုကဲ့သို့ခြိမ်းခြောက်ခြင်းကို ဇူလိုင်လ ၁၈ရက်က အင်းစိန်တရားရုံး မှုခင်းရဲရုံးတွင် ထိုအလုပ်သမားများနှင့် ရှေ့နေ ကိုသူရိန်ထွန်းတို့ တွေ့ဆုံစဉ် အလုပ်သမား ကိုနေလင်းဦးက တိုင်ကြားသဖြင့် အင်းစိန်ရဲစခန်းတွင် စစ်ဆေးရေးဂိတ်ဝန်ထမ်း ကိုအေးမင်းအောင်၊ အင်းစိန်ထောင်ဦးစီးနှင့် အချုပ်ခန်း သူကြီးတို့အား အမှုဖွင့်ထားခြင်းဖြစ်သည်။
တော်ဝင်စက်ရုံအလုပ်သမား ကိုးဦး သည် ဇူလိုင်လ ၁၇ ရက်က ရွှေပြည်သာ တရားရုံးရုံးချိန်းမှ အင်းစိန်ထောင် အချုပ်ခန်းသို့ သွားရောက်စဉ် ထိုအလုပ်သမား နှစ်ဦးအား စစ်ဆေးရေးဂိတ်က ဝန်ထမ်းက ထိုသို့ရိုက်နှက်သဖြင့်ထောင်ဦးစီးအား သွားရောက်တိုင်ကြားရာ ထောင်ဦးစီးက ထပ်မံ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သလို အချုပ်ခန်း သူကြီးကလည်း ခြိမ်းခြောက်ခဲ့သည်ဟုလည်း ကိုသူရိန်ထွန်းက စွပ်စွဲပြောဆိုသည်။
အလုပ်သမားများက ရှေ့နေအား တိုင်ကြားရာတွင် အနီးတွင်ရှိနေသော အလုပ်သမားအကြံပေး ကိုသူဇော်ကြည်ဝင်းက “မင်းတို့ ငြိမ်ငြိမ်နေ ဟိုတိုင်ဒီတိုင်လုပ်ရင် တိုက်ပိတ်ပစ်မယ်။ ဒါထောင်။ မင်းတို့လုပ်ချင်တိုင်းလုပ်လို့မရဘူးလို့ ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ ထောင်ထဲမှာမလုံခြံုတော့ဘူး။ အကို ကျွန်တော်တို့ကို ကူညီပါလို့ပြောတယ်” ဟု ပြန်လည်ရှင်းပြသည်။
ထိုကြောင့် အလုပ်သမားများ၏ မိဘများက လက်မှတ်ထိုးကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၂၃ ရက်တွင် စာတင်ကာ တိုင်ကြားမည်ဖြစ်သည်ဟု ကိုသူဇော်ကြည်ဝင်းက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းတင်ပြနိုင်ရန် အင်းစိန်ထောင်၊ အင်းစိန်ရဲစခန်းတို့ကို မဇ္ဈိမက ဆက်သွယ်၍ မရခဲ့ပါ။