“မျိုးစောင့် ဥပဒေ” လက်မှတ် ၅ သိန်းကျော် ရခိုင်ပြည်နယ်မှ ကောက်ခံ ရရှိ

“မျိုးစောင့် ဥပဒေ” လက်မှတ် ၅ သိန်းကျော် ရခိုင်ပြည်နယ်မှ ကောက်ခံ ရရှိ
by -
နိရဥ္စရာ

လွှတ်တော်တွင် မျိုးစောင့် ဥပဒေပြဌာန်းနိုင်ရေး အတွက် တင်ပြတောင်းဆိုရန် လက်မှတ်များ စုဆောင်း ကောက်ခံနေရာ ရခိုင်ပြည်နယ်မှ လက်မှတ် (၅) သိန်းကျော် ကောက်ခံ ရရှိမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့အတွင်းရေးမှူး ဆရာတော် ဦးကေသာရက မိန့်ကြားသည်။

“ မနေ့ကထိ ကျောက်တော်။ ၊မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ် ၄ မြို့နယ်က လက်မှတ်တွေ ရောက်ပြီ။ ကျန်တဲ့ မြို့နယ်တွေမှာလည်း လက်မှတ် ထိုးမယ့် လူတွေများနေလို့် စောင့်ဆိုင်းပြီး နေကြရတယ်။ ရခိုင်တပြည်နယ်လုံး အတိုင်းအတာနဲ့ ဆိုရင် လက်မှတ်ပေါင်း (၅) သိန်း ကျော်ပါမယ်” ဟု ဦးကေသာရက မိန့်ကြားသည်။

ရခိုင်ပြည်နယ်တွင် မျိုးစောင့် ဥပဒေအတွက် ဇွန်လ ၉ရက်နေ့မှ စ၍ ပြည်နယ် အတိုင်းအတာ တစ်ခုလုံး အနေဖြင့် စုဆာင်း ကောက်ခံနေရာ  လက်မှတ်ရေးထိုးသူ အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့ ပိုများလာနေသဖြင့် ယခုထက်ထိ စုဆောင်း ကောက်ယူမူကို အပြီးမသတ်နိုင်ဘဲ ဖြစ်သည်ဟု ဆိုသည်။

“ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အမျိုးဘာသာ သာသနာကို စောင့်ထိန်းနိုင်ရေးကို ရည်ရွယ်ပြီး ဥပဒေ တစ်ရပ် ဖြစ်ပေါ်ရေး အတွက် ရခိုင်တပြည်နယ်လုံးမှာ လက်မှတ် ရေးထိုးနေကြတာပါ။ ဒါကို အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ အဖွဲ့၊ စာသင်တိုက် ဆရာတော်များ အဖွဲ့၊ တိပိဋကဆရာတော်များအဖွဲ့နဲ့ ဓမ္မကထိကဆရာတော်များအဖွဲ ့ တို့ကနေ ဦးစီးပြီး ကောက်ခံ စုဆောင်း နေပါတယ်” ဟု ဆရာတော်က ဆိုသည်။

မြောက်ဦးမြို့နယ်မှ လက်မှတ်ပေါင်း ၂၀၀၀၀ ကျော် စုဆောင်း ကောက်ခံထားကြောင်း၊ လက်မှတ်ရေးထိုးသူ များနေသဖြင့် စစ်တွေသို့ မပို့ရသေးဘဲ ဖြစ်နေကြောင်း မြောက်ဦးမြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေးရဟန်းတော်များ အဖွဲ့ နာယကဆရာတော် ဦးဝဏ္ဏသာရက ပြောသည်။

“အခု လက်မှတ်၂သောင်းကျော် ရထားပါပြီ။ ဆက်ပြီး ရေးထိုး နေကြတုန်းပါပဲ။ အစက ဇွန် ၂၀ ရက်နေ့မှာ စစ်တွေပို့မလို့ပါပဲ။ ရေးထိုးတာ မပြီး်နိုင်တာနဲ့ မပို့နိုင်ဘဲ ဖြစ်နေပါတယ်” ဟု မိန့်ကြားသည်။

သံတွဲမြို့စည်းကမ်း/ကူညီ ရဟန်းတော်အဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးကောသလ္လက လည်း လက်မှတ်များ သံတွဲမြို့နယ် တခုလုံး၌ ရေးထိုးနေကြပြီး ရန်ကုန်သို့  မြို့နယ် ရဟန်း ကိုယ်စားလှယ် နှစ်ပါးမှ သွားရောက်ပေးပို့သွားမည်ဟု ပြောဆိုသည်။

“ ဒီဥပဒေ ပြဋ္ဌာန်းတာဟာ တခြားဘာသာကို ထိပါးတာ မဟုတ်ဘူး။ မိမိတို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေရဲ့ အမျိုးဘာသာကို  ကာကွယ် စောင့်ရှောက် ဖို့ဖြစ်တယ်။ တခြားနိုင်ငံတွေမှာလည်း သူတို့ရဲ့ ဘာသာ သာသနာကို စောင့် ရှောက်တဲ့ ဘာသာရေးဆိုင်ရာ ဥပဒေတွေကို အသီးသီး ပြဋ္ဌာန်းထားတယ်။ မြန်မာ နိုင်ငံအစိုးရကလည်း  ဒါကို အသိအမှတ်ပြုထားရတယ်။ ဦးဇင်းတို့ ဗုဒ္ဒ ဘာသာမှာသာ ဒီလို ဥပဒေမျိုး မရှိဘူး ဖြစ်နေတယ်။ ရေရှည်မှာ ဗုဒ္ဒဘာသာ ရပ်တည် ရှင်သန်ရေးကို ခြိမ်းခြောက်လာနေတာမို့ ဒီဥပဒေ ပြဋ္ဌာန်းဖို ့ကြိုး စားနေ တာဖြစ်တယ်။ နိုင်ငံတကာမှာ ဆိုင်ရာ ဘာသာရေး ဥပဒေပြဋ္ဌာန်း နေတာကို ဘယ်သူကမှလူ့  အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောသံ မကြားရဘဲ ဦးဇင်းတို့ ဗုဒ္ဒဘာသာ မြန်မာနိုင်ငံကျမှ ဒီလိုမျိုးပြောတာ  စိတ်ပျက် စရာဘဲ” ဟု မျိုးစောင့် ဥပဒေနှင့်ဆက်စပ်၍ ဆရာတော် ဦးကောသလ္လက ထောက်ပြ ဝေဖန် မိန့်ကြားသည်။

မျိုးစောင့် ဥပဒေပြဋ္ဌာန်းရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ထောက်ခံသူများရှိသလို ကန့်ကွက်သူများ လည်းရှိနေကြောင်း သိရသည်။ ကန့်ကွက်သူများထဲတွင် အမျိုးသမီး အခွင့်အရေး လူပ်ရှားသူများ အဓိက ပါ၀င်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ကောက်ခံရရှိသည့်လက်မှတ်များကိ ုတိပိဋက ဆရာတော်များ အဖွဲ့မှ တဆင့် ဦးဝိရသူထံ ပို့ပေးပြီး ထိုမှ တဆင့်  ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည်ဟုသိရသည်။

Most read this week