မီတာအဟောင်းများကို အသစ်များနှင့် မတပ်မနေရ လိုက်လံ တပ်ဆင်ပေးနေ

မီတာအဟောင်းများကို အသစ်များနှင့် မတပ်မနေရ လိုက်လံ တပ်ဆင်ပေးနေ
by -
ရိုင်မရော့
ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့ရှိ မြို့နယ်လျှပ်စစ်အာဏာပိုင်တို့က လျပ်စစ်မီတာ အဟောင်း များကို ဖြုတ်ပြီး မီတာအသစ်များကို မတပ်မနေရစနစ်ဖြင့် လိုက်လံတပ်ဆင် ပေးနေသည် ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရ ...

ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့ရှိ မြို့နယ်လျှပ်စစ်အာဏာပိုင်တို့က လျပ်စစ်မီတာ အဟောင်း များကို ဖြုတ်ပြီး မီတာအသစ်များကို မတပ်မနေရစနစ်ဖြင့် လိုက်လံတပ်ဆင် ပေးနေသည် ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

နှစ်ရှည်ကြာ တပ်ဆင်ထားသည့် မီတာအိမ်အဟောင်းများ၏ စက်လည်ပတ်မှုနှုန်းသည် နှေးကွေးနေခြင်းကြောင့် ယခုအခါ ယခင်ကထက် စက်လည်ပတ်မှုနှုန်း ပိုမြန်သည့် ကစလမှ ထုတ်သော မီတာအသစ်နှင့် လဲလှယ်တပ်ဆင်ပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ လိုက်လံ တပ်ဆင်ရာတွင် တစ်အိမ်ကို သုံးထောင်ကျပ်နှုန်းနှင့် မတပ်မနေရစနစ်ဖြင့် လိုက်လံ တပ်ဆင်ပေးနေသည်။

မြောက်ဥက္ကလာပ မြို့ခံတစ်ဦး၏ ပြောပြချက်အရ “အခုမြောက်ဥက္ကလာမှာ ရှိတဲ့ ရပ်ကွက်တော်တော် များများကတော့ လဲပြီးသွားပြီ၊ လဲခကတော့ သူတို့ယူတာမတူဘူး၊ ငွေကြေးမတတ်နိုင်တဲ့ အိမ်တွေဆိုရင် တစ်ထောင်တောင်းတယ်၊ ငွေကြေးတတ်နိုင်တဲ့ အိမ်တွေကတော့ လေး၊ ငါးထောင်ထိတောင် သူတို့တောင်းတယ်၊ တော်တော်များများကတော့ မကျေနပ်ကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လဲခလည်းပေးရတယ်၊ မီတာယူနစ်ကလဲ အတက်မြန်အုံးမယ်၊ လဲပြီးတော့လဲ မီးကမှန်မှန်မလာပေးဘူး ဟု ဆိုသည်။

ရန်ကုန်မြို့နည်းတူ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင်လည်း မီတာအသစ်လျှောက်သူ များအတွက် အလွယ်တကူ လျှောက်ထားနိုင်ပြီး တစ်လအတွင်း၌ ပြည်နယ်လျှပ်စစ်ဌာနမှ ပြန်လည် ချပေးနေသည်။ သို့သော်လည်း မော်လမြိုင်မြို့ပေါ်တွင် မီးလာသည့်ရက်သည် မီးမလာသည့်ရက်ထက် များနေသည်ဟု ဒေသခံတို့က ပြောနေကြသည်။

“မီတာအဟောင်းတွေကို သူတို့မီတာအသစ်နဲ့လဲတပ်ပေးတာပါ၊ တချို့အိမ်တွေဆိုရင် မီတာရနေတာ ဆယ်နှစ်ကျော်တာတို့ အဲဒီလိုမျိုးတွေကို သူတို့ အသစ်နဲ့ ပြန်ပြီးတော့ လဲတပ်ပေးတာ၊ အိမ်ရှင်တွေက မတပ်ချင်ကြပါဘူး၊ ဒါပေမယ့် မတပ်လို့လဲမရဘူး” ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မီတာအိမ်် ၂ နှစ်ကျော်ရရှိထားသည့် မော်လမြိုင်မြို့ခံတစ်ဦးက “မီတာကတော့ လျှောက်ရတာ လွယ်သလားမပြောနဲ့ တချို့အိမ်အသစ်ဆောက်တဲ့ သူတွေဆိုရင် အိမ်ဆောက်လို့တောင် မပြီးသေးဘူး လျှောက်ထားတဲ့ မီတာက ကျလာတယ်၊ အလုံးရေ ဘယ်လောက်ပဲ လျှောက်လျှောက် လျှောက်လို့ရတယ်၊ မီတာလျှောက် လွယ်သလောက် မီးက မလာဘူး” ဟု သူက ပြောသည်။

ယခုလို မီတာအသစ်များကို တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် ပြန်လည်၍ လိုက်လံ တပ်ဆင်ပေးနေသည့်အတွက် တချို့ရပ်ကွက်များတွင် တပ်ဆင်မှု ပြီးစီးနေပြီးဖြစ်သော်လည်း တချို့ရပ်ကွက်များတွင် မတပ်ဆင်ရသေးပေ။