ဓာတ်ငွေ့ စိမ့်ထွက်ရာမှ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်

ဓာတ်ငွေ့ စိမ့်ထွက်ရာမှ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်
by -
အာကာ
တာဝန်ရှိသူများ၏ ပေါ့လျော့မှုကြောင့် ရေးမြို့နယ်ရှိ လမိုင်းမြို့နှင့် နှစ်ကရင်ရွာအကြားတွင် လအတန်ကြာ ဓာတ်ငွေ့ စိမ့်ထွက်ရာမှ ပေါက်ကွဲမှုတစ်ခု လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နေ့၌ ဖြစ်ပွားခဲ့ ...

တာဝန်ရှိသူများ၏ ပေါ့လျော့မှုကြောင့် ရေးမြို့နယ်ရှိ လမိုင်းမြို့နှင့် နှစ်ကရင်ရွာအကြားတွင် လအတန်ကြာ ဓာတ်ငွေ့စိမ့်ထွက်ရာမှ ပေါက်ကွဲမှုတစ်ခု လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နေ့၌ ဖြစ်ပွားခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသည့် နေရာသည် မီးရထားလမ်း လှည်းလမ်းနဘေးနှင့် ကိုက် (၂၀) ခန့်သာ ကွာဝေးပြီး ည (၉) နာရီအချိန်ကျော်ခန့်၌ ပေါက်ကွဲခဲ့သည်ဟု ပေါက်ကွဲသံ ကြားခဲ့သည့် လမိုင်းမြို့သူတစ်ဦးက ပြောသည်။

“ညကိုးနာရီလောက်မှာ ပေါက်တဲ့အသံ ကြားလိုက်ရတယ်၊ ကျမတို့ ဗုံးပေါက်တယ်လို့ ပဲ ထင်နေတာ၊ နောက်တော့ မိုးချုန်းတဲ့အသံလို တစ်နာရီလောက် ဆက်ပြီးကြားရတယ်၊ ညဆယ်နာရီလောက်မှ အသံပျောက်သွားတယ်” ဟု ၄င်းအမျိုးသမီးက ပြောသည်။

ယခုဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲသည့်နေရာ၌ လွန်ခဲ့သည့် မိုးတွင်းကာလခန့်ကပင် ဓာတ်ငွေ့များစိမ့်ထွက်နေခဲ့ပြီး၊ ရေအောက်၌ နစ်မြုပ်နေသော ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များ ရေမျက်နှာပြင်ထက်သို့ စိမ့်ထွက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပတ်ဝန်းရှိ ရွာသားများက ပြောသည်။

“ဒီဓာတ်ငွေ့ပေါက်တဲ့နေရာဆို ဟိုး မိုးတွင်းကတည်းက ဓာတ်ငွေ့တွေ စိမ့်ထွက်နေတာ မိုးကုန်တဲ့အချိန်မှာလည်း ဘယ်သူမှ မပြင်ကြဘူး ကြာလာတော့ ဘယ်ခံမလဲ၊ ဒီလိုပဲ ပေါက်ထွက်တာပေါ့” ဟု ကော့ဒွတ်ကျေးရွာမှ မျက်မြင်တစ်ဦးက ပြောသည်။

လမိုင်းမြို့သူတစ်ဦး၏အဆိုအရ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ၄င်းတို့စိုးရိမ်ခဲ့သော် လည်း ပေါက်ကွဲသည့်နေရာသည် ရွာနှင့်အနည်းငယ် အလှမ်းဝေးခြင်းကြောင့် ၄င်းတို့အတွက် စိုးရိမ်မှု အနည်းငယ် လျှော့သွားခဲ့သည်။ “မိုးတွင်းကတည်းက ဒီဓာတ်ငွေ့အတွက် စိုးရိမ်နေခဲ့တာ” ဟု ၄င်းမြို့သူက ပြောသည်။

ကန်ဘောက်-မြိုင်ကလေးဓာတ်ငွေ့ပိုက်လိုင်းသည် တနင်္သာရီကမ်းရိုးတန်းဒေသမှ ကရင်ပြည်နယ်ရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံ၊ မွန်ပြည်နယ်ရှိ ငန်းတေးလျှပ်စစ်ဓာတ်အား ပေးစက်ရုံ၊ သထုံရှိ စက်ရုံများနှင့် မော်လမြိုင်ရှိအခြားစက်ရုံများ၊ ရန်ကုန်တိုင်းရှိ သာကေတနှင့် လှော်ကားရှိ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များကို နေ့စဉ် ဓာတ်ငွေ့ ကုဗပေ ၁၁၀ သန်း ပေးပို့လျှက်ရှိသည်။ ၄င်းဓာတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်သည့် ပေါက်ကွဲမှုများကိုလည်း လက်နက်ကိုင် အကြမ်းဖက်သမားဟု မြန်မာစစ်အစိုးရတို့က စွပ်စွဲပြောဆို သော်လည်း ၄င်းပေါက်ကွဲမှုများ ပိုက်လိုင်းဆက်သွယ်သည့်အရည်အသွေး ညံ့မှုကြောင့် ဖြစ်ရသည်ဟု ဒေသခံတို့က ဆိုသည်။

Most read this week