တောင်ကုတ် မူဆလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှ သံသယရှိသူ ၆ ဦးအား ရဲများဖမ်းဆီး

တောင်ကုတ် မူဆလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှ သံသယရှိသူ ၆ ဦးအား ရဲများဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသား ၆ ဦးကို ဇူလိုင်လ ၁၇ ရက်နေ့ ညဉ့်အချိန်တွင် အာဏာ ပိုင်များမှ ဖမ်းဆီးပြီး သံတွဲ အကျဉ်းထောင်ကို ခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ ၆ ဦးမှာ ကိုသိန်းမောင်ခေါ် ထွန်းနိုင် (ဘ) ဦးဝေထွန်းစိန်၊ ကိုဝင်းနိုင်ခေါ် မောင်ပု၊ ကိုသိန်းရွှေမောင် (ဘ) ဦးထွန်းအောင်ကျော်၊ ဦးထွန်းကျော် (ဘ) ဦးကျော်ထွီး၊ ပေါက် ဆိန်ခေါ် ထွန်းမြင့်နှင့် ဦးထွန်းဝင်းတို့  ဖြစ်ကြောင်း တောင်ကုတ်မြို့မှ ဦးတင်သိန်းအောင်က အတည်ပြု ပြောသည်။

ယခုကဲ့သို့ သူတို့ ၆ ဦးကို အာဏာပိုင်များမှ ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လ ပထမ အပတ် အတွင်းက မူဆလင်  ၁၀ ဦး တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အမှုနှင့် ဆက်စပ်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဦးတင်သိန်းအောင်က ယခုကဲ့သို့ ပြောသည်။

“ သူတို့ကို မနေ့ည ၁၁ နာရီခန့်မှာ ဖမ်းသွားတယ်ဆိုတာကို ကျွန်တော်တို့ဒီနေ့ မနက်ကမှ သိပါတယ်။ ကျွန်တော်တို့ သိရသလောက်က ရိုးမသစ္စာကားမှာ ပါလာတဲ့ မူဆလင် ၁၀ ဦးကို သတ်တဲ့ကိစ္စနဲ့ ဖမ်းတယ် လို့ဘဲ ကျွန်တော်တို့ သိရတယ်။”

သူတို့ ၆ ဦးကို ဖမ်းဆီးပြီးသည်နှင့်ချက်ချင်း သံတွဲအကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သူက ဆိုသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသား ၆ ဦးဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိနိုင်ရန် တောင်ကုတ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျဒုရဲအုပ် တစ်ဦး ဖုံးကိုင်ပြီး တစုံတရာ ပြန်လည် ဖြေကြားခြင်းမရှိဘဲ ဖုံးချသွားခဲ့သည်။

ယခုအခါ တောင်ကုတ်မြို့တွင် လုံခြံုရေးကို တိုးချထားကြောင်းလည်း ဦးတင်သိန်းအောင်က ပြောသည်။

“ အခုတော့ မြို့မှာ လုံခြံုရေးတိုးချထားပါတယ်။ ဘုရားမှာလည်းရှိတယ်။ မြို့တော်ခန်းမမှာလည်း လုံခြံုရေးအင်အား ၂၀ ခန့်ရှိတယ်။ ကျွန်တော်တို့ အာဇာနည်နေ့ကျင်းပဖို့ စီစဉ်နေတာနဲ့ ချတာလား၊ သူတို့ ၆ ဦးကိစ္စနဲ့ ချတာလား ဆိုတာတော့မသိဘူး” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်က မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် သပြေချောင်းကျေးရွာသူ မသီတာထွေးကို မူဆလင် လူငယ် ၃ ဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ  ၃ ရက်နေ့တွင်  သံတွဲမြို့မှ လာသည့် ရိုးမသစ္စာကားကို တောင်ကုတ်တွင် လူအုပ်ကြီး တစ်ခုက တိုက်ခိုက်ရာ ကားပေါ်တွင် ပါလာသူ မူဆလင် ၁၀ ဦး သေဆုံးခဲ့သည်။

Most read this week