၄ ခုမြောက် NLD ရဲ့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်း တောင်ကုတ်တွင် ဖွင့်လှစ်

၄ ခုမြောက် NLD ရဲ့ အမေ့အိမ် အခမဲ့ ပညာဒါနကျောင်း တောင်ကုတ်တွင် ဖွင့်လှစ်
by -
နိရဥ္စရာ

တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၄ ခုမြောက် မူလ တန်းအဆင့် အခမဲ့ အမေ့အိမ် ပညာဒါနကျောင်းကို ဇူလိူင်လ ၁၆ ရက်နေ့က တောင်ကုတ်မြို့ ချောင်းကောက် ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အခမဲ့ အမေ့အိမ်ပညာဒါနကျောင်း ဆိုတာကတော့ ကျောင်းမှာ မလိုက်နိုင်တာတွေ၊ နားမလည် တာတွေကို ကျူရှင်မှာလို ပုံစံမျိုးပြသမယ့်ကျောင်း ဖြစ်ပြီး  ကလေးတွေရဲ့ ပညာရည် ပိုမို တိုးတက် ကောင်းမွန်လာရေးကို ရည်ရွယ်တယ်လို့ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင်က ပြောပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ မူလတန်းအဆင့် ပညာရေးက အခမဲ့ ပညာရေးဖြစ်တာကြောင့် ကလေးတွေ အတော်များများ ကျောင်းတက်နိုင်ကြပေမယ့် ပြင်ပမှာ ကျူရှင်ယူဖို့ဆိုတာ အားလုံး အတွက် မလွယ်ကူနိုင်တာကြောင့်  ကျောင်းပြင်ပ အချိန်တွေမှာ ဒီကျောင်းတွေမှာ ကျူရှင်ကျောင်းတွေလို ဆက်လက် ပညာဆည်ပူး နိုင်ကြတယ်လို့ သူက ဆိုပါတယ်။

အခုလက်ရှိ တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်က ဖွင့်လှစ်ပေးထားတဲ့ အခမဲ့ အမေ့အိမ် ပညာသင်ကျောင်းက (၄) ခု ရှိနေပြီး အဲဒီကျောင်းတွေကို တောင်ကုတ် သိမ်တောင်ရပ်ကွက်၊ ကျောက်တံခါးအောက် ကျေးရွာ တွဲဘက်မူလတန်းကျောင်း၊ ဖက်ပင်ကုန်းနဲ့ တောင်ကုတ် ချောင်းကောက်ရပ်ကွက် တို့မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ယခု လက်ရှိ သင်ကြားနေကြတဲ့ ကျောင်းသား အရေအတွက်ကတော့ သိမ်တောင် အမေ့အိမ် ပညာဒါနကျောင်းမှာ ၂၀၀ ဦး၊ ချောင်းကောက်ရပ် အမေ့အိမ် ပညာဒါနကျောင်းမှာ ၁၀၅ ဦး၊ ဖက်ပင်ကုန်းကျေးရွာ အမေ့အိမ်ပညာဒါနကျောင်းမှာ ၄၅ ဦးနဲ့ ကျောက် တံခါးအောက် တွဲဖက် မူလတန်းကျောင်းတွင် ၆၀ ဦးတို့ ဖြစ်တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

တောင်ကုတ်မြို့နယ်နဲ့ မအီမြို့နယ် အတွင်းက မူလတန်းကျောင်း မရှိသေးတဲ့ ကျေးရွာတွေမှာလည်း   အခမဲ့ အမေ့အိမ်ပညာဒါန ကျောင်းတွေ ဖွင့်လှစ်နိုင်အောင် စီစဉ်နေတဲ့ အပြင် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ် မကုန်မှီ ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသားတွေကိုလည်း အခမဲ့ အမေ့အိမ် ပညာသင်ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာဒါန ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

Most read this week