UWSA သည် အင်အားတောင့်တင်းနေပါသည်။ တရုတ်ပြည်မှ စစ်ရဟပ်ယာဉ် (၅) စင်း ၀ယ်ယူထားသည်ဟု သတင်းများ ပျ့ံနှံ့သည်အထိ အင်အားတောင့်တင်းနေပါသည်။ တပ်စခန်းများ အခိုင်အမာ တည်ဆောက်ပြီး နေရာယူ ထားကြပါသည်။ လက်နက် စက်ရုံများ တည်ဆောက်ပြီး ကိုယ့်ခြေထောက်ပေါ် အခိုင်အမာ ရပ်တည် ထားပါသည်။
၀ကိုယ်ပိုင် အုပ်ချုပ်ရေး (သို့) ၀ပြည်နယ်တောင်းခံခြင်း
UWSA သည် အင်အားတောင့်တင်းနေပါသည်။ တရုတ်ပြည်မှ စစ်ရဟပ်ယာဉ် (၅) စင်း ၀ယ်ယူထားသည်ဟု သတင်းများ ပျ့ံနှံ့သည်အထိ အင်အားတောင့်တင်းနေပါသည်။ တပ်စခန်းများ အခိုင်အမာ တည်ဆောက်ပြီး နေရာယူ ထားကြပါသည်။ လက်နက် စက်ရုံများ တည်ဆောက်ပြီး ကိုယ့်ခြေထောက်ပေါ် အခိုင်အမာ ရပ်တည် ထားပါသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နှင့် မူးယစ်ဆေးဝါးများ တိုက်ဖျက်နေပြီး၊ ဒေသပြန်လည် ထူထောင်ရေးနှင့် ဘိန်းအစားထိုး စိုက်ပျိုးရေးဖြစ်သည့် ရော်ဘာ၊ ကော်ဖီနှင့် အစားထိုး သီးနှံစိုက်ပျိုးရေးပါ ပူးပေါင်း ဆောင်ရွက်နေပါသည်။ ပန်ဆန်းမြို့တော်ကို အကုန်အကျခံ တည်ဆောက်ပြီး မြို့ပြ တည်ဆောက်မှု လုပ်ငန်းများနှင့် လျှပ်စစ် လုပ်ငန်းများလည်း အခြေခံ ဒေသများ၌ တည်ဆောက် လာခဲ့ပါသည်။
ဗမာပြည် ကွန်မြူနစ် ပါတီသည် ၀လူမျိုးများအတွက် နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး၊ လူမှုရေး အသိများ စတင်ခဲ့ပြီး တဖြည်းဖြည်း တိုးပွား လာခဲ့ပါသည်။ ဤသည် ၀ လူမျိုးများအပေါ် ဗမာကွန်မြူနစ်ပါတီ၏ ကျေးဇူးပင်ဖြစ်ပါသည်။ ဤသို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီသည် ၀လူမျိုးများအတွက် ပထမကျေးဇူးရှင်ဟု ခေါ်ဆိုရမည်ဖြစ်သည်။
ထို့အပြင် UWSA နှင့် အစိုးရတို့သည် (၁၉၈၉) ခုနှစ်တွင် အပစ်အခတ် ရပ်စဲလိုက်ပါသည်။ ၄င်းတို့သည် စစ်အစိုးရမှ ကျင်းပသော (၁၉၉၃) အမျိုးသား ညီလာခံမှတဆင့် အကြိမ်ကြိမ် တက်ရောက် လာခဲ့ပါသည်။ ဤကဲ့သို့ တက်ရောက်ခဲ့ သဖြင့် ၀လူမျိုးများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို တောင်းဆိုခဲ့ရာမှ အစိုးရသည် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ တွင် ၀ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို အသိအမှတ်ပြုလာခဲ့ပါသည်။
ဤသည် ၀လူမျိုးတို့အတွက် ဒုတိယအောင်မြင်မှုဟု ဆိုနိုင်ပါသည်။ UWSA သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြင့် မလုံလောက်ဘဲ ၀မြောက်၊ ၀တောင်ဒေသနှစ်ခု အပါအဝင် ဆက်စပ်ရာများကို ၀ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးပါရန် ပြည် ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့အား တောင်းဆိုလာပါသည်။
ဤကဲ့သို့တောင်းဆိုချိန်၌ အစိုးရ တပ်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIA အား စစ်ဆင်နေပါသည်။ KIA နှင့် စစ် ဆင်ရေး အနည်းငယ် တည်ငြိမ်လာသောအခါ အစိုးရတပ်များသည် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကို ပိုမိုဖိအားပေးသည့် တိုက်ပွဲများ ဆင်နွှဲခဲ့ပါသည်။
အစိုးရတပ်များသည် SSPP နှင့် RCSS အဖွဲ့များကို အပြန်အလှန် တိုက်ခိုက်ခြင်းနှင့်အတူ တွေ့ဆုံဆွေးနွေးခြင်း စသော နည်းလမ်းနှစ်သွယ်ဖြင့် စမ်းသပ်ခဲ့ပါသည်။ သို့သော် နှစ်ပါတီလုံးသည် ငြိမ်းချမ်းရေး ပျက်လောက် သော အခြေအနေမျိုး အထိ မစွန့်ရဲသည်ကို အစိုးရကသိရှိခဲ့ပေသည်။
မတူညီကြသည်မှာ SSPP သည် UWSA ၏ စစ်မဟာမိတ်ဖြစ်ပြီး ဗကပ ခေတ်ကတည်းကပင် အတူတူ လက်တွဲ တိုက်ပွဲဝင်လာခဲ့သော ပါတီဖြစ်သည်။ RCSS ကမူ ဦးခွန်ဆာ၏ MTAတပ်မတော်မှ လက်နက် မချဘဲ ကျန်ခဲ့သော တပ်ဖွဲ့ဖြစ် ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သော အဖွဲ့ဖြစ်ပါသည်။
အစိုးရသည် SSPP အား ဖိအားပေးခဲ့သော်လည်း ၄င်းတို့ထင်သလို အောင်မြင်မှုမရဘဲ၊ တိုက်ခိုက်ရန် စစ်ပြင်ဆင်လာပါသည်။ RCSSကိုမူ ပြသနာတချို့ကို ရန်မရှာတော့ဘဲ သမ္မတနှင့် တွေ့ဆုံခွင့်ရရန်အထိ စီစဉ်ပေးလိုက်ပါသည်။ ဤအချိန်မျိုုး၌ အစိုးရတပ်များသည် UWSA တောင်ပိုင်းတပ်များနှင့် ပဋိပက္ခဖြစ်ရန် ဖန်တီးလေတော့သည်။
UWSA နှင့် အစိုးရ တပ်ဖွဲ့တို့စတင်ဖြစ်ပွားခဲ့သော ပြသနာများမှာ ရှမ်းပြည်တောင်ပိုင်းမိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် စစ်ဗျူဟာမှူး စိုးတင်ဝင်းမှ UWSA ၏ တပ်တည်နှင့် အင်အား စာရင်းတောင်းခံသည့်ကိစ္စ၊ တပ်စခန်းချင်း မျက်နှာချင်း လာရောက် ဆိုင်ထားသည့် ကိစ္စ၊ UWSA အဖွဲ့၏ စိုက်ခင်းများကို လာရောက် သိမ်းပိုက်သည့် ကိစ္စနှင့် တာချီလိတ်မြို့အတွင်း ဖြစ်ပွားသည့် ရှမ်းတစ်ဦးသေဆုံးသည့် ကိစ္စများကြောင့် အငြင်းပွားကြရာမှ UWSA ၏ လွယ်ဆမ်ဆုမ် တပ်စခန်းကို အစိုးရတပ်များ လာရောက် ၀ိုင်းရာမှ ပြသနာ ပြင်းထန် လာခဲ့ပါသည်။
သို့သော်လည်း ယခင်သဘောတူခဲ့သော သဘောတူညီချက် (၅)ချက်အတိုင်း ပြန်လည်ငြိမ်းချမ်းသွားစေသည်။ ဤသည် စစ်အစိုးရ၏ စမ်းသပ်ချက်များသာဖြစ်ပါသည်။ UWSA သည် စစ်အင်အားတောင့်တင်းသည် သမိုင်းကြောင်းအရ တရုတ်ပြည် ကျောထောက်နောက်ခံရှိသည်။ အစိုးရ၏ သဘော တူညီချက်ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ရေးပေးထားရ သည်မှာ အထင်အရှားဖြစ်ပါသည်။
ဤသို့ကြောင့် UWSA ၏ ၀ပြည်နယ်တောင်းဆိုမှုသည် အစိုးရလိုက်လျှောရမည်လား၊ သို့တည်းမဟုတ် နည်းပရိယာယ် အသစ် ပဋိပက္ခများ ဆက်လက် ဖန်တီးလာမည်လား ဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်ပေသည်။ UWSAက လည်း အသက်ပေါင်းများစွာ ရင်းလာခဲ့သော အခြေအနေတခုတွင် မိမိတို့ကိုယ်ကို ကာကွယ်သွားလိမ့်မည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။