“နိုင်ငံရေး အရ အသုံးချခံ ရတဲ့ ၀ ၀ိဖြစ်အောင် တည်ဆောက် လာနိုင်သော အခါ ” အပိုင်း (၂)

“နိုင်ငံရေး အရ အသုံးချခံ ရတဲ့ ၀ ၀ိဖြစ်အောင် တည်ဆောက် လာနိုင်သော အခါ ” အပိုင်း (၂)
by -
ရွှေဟင်္သာ

ရှမ်းပြည်တောင်ပိုင်းသို့ ရွှေ့ပြောင်း လာသော ၀ လူမျိုးများသည် တာချီလိတ်ခရိုင် မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်ရှိ ထိုင်းမြန် မာနယ်စပ်၌ အခြေချနေထိုင်ကြပါသည်။ စတင် အခြေချစဉ် ရှိနေသော UWSA အင်အားသည် (၆၀၀၀) ခန့် ရှိသော်လည်း ယခုအချိန်တွင် (၁၉၀၀၀) တစ်သောင်းကိုထောင်ကျော် ရှိနေပြီးဖြစ်ပါသည်။ တပ်မဟာ(၅) ခု ဖြင့် စုဖွဲ့ထားပြီး၊ အမှတ် (၁၇၁) စစ်ဒေသဟု ခေါ်တွင်ပါသည်။ စစ်ဒေသမှူးအဖြစ် စစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင် ဦးဆောင်ပြီး ဒု-စစ်ဦးစီးမှူး စိုင်းဆာမ် နှင့် တပ်မဟာ (၅) ခုမှ တပ်မဟာမှူးများက ဦးဆောင်ခဲ့ကြပါသည်။

ဦးအောင်ကျော်ဇော် အမြင်ကတော့ “၀တွေဟာ ဘိန်းစိုက်ချင်ကြတာ မဟုတ်ပါဘူး။ သူတို့နေတဲ့ နေရာဒေသကိုက ရာသီဥတုနဲ့ မြေဆီလွှာပြသနာကြောင့် စိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ အစားထိုးသီးနှံဆိုတာကလည်း နည်း ပညာနဲ့ အရင်းအနှီးလိုတယ်လေ။ အဲဒါတွေကျတော့ ဘယ်သူကမှ လာကူညီတာ မဟုတ်ဘူး။ အသုံးချဖို့ဘဲ စဉ်းစားကြ တယ်လေ။ တကယ်တော့ ၀လူမျိုးတွေဟာ ရှမ်းပြည် အရှေ့မြောက်ပိုင်းတွေမှာဘဲ နေကြတာပါ။ နိုင်ငံရေး နောက်ခံတွေ နဲ့ အစိုးရတွေက အခုလို အသုံးချခဲ့လို့ တောင်ပိုင်းကို ရောက်လာတာဘဲလေ။ အဓိကကတော့ စစ်အစိုးရပါ” ဟုဆိုပါသည်။

phophtaw

စစ်အစိုးရသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း (၁၉၈၉) ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း၌ UWSA တပ်မဟာ တခုသာရှိပါသည်။ ထိုအချိန်တွင် တောင်ပိုင်းဒေသ၌ UWSA ၏ အခြေခံဒေသ ဟူ၍မရှိခဲ့ပေ။ UWSA ၏ အင်အား သည်ပင် အားလုံးမှ နှစ်သောင်းနီးပါးသာ ရှိပါသည်။ ယခုအချိန်၌ အမြဲတမ်း အင်အား (၃)သောင်းခွဲခန့် ရှိနေပြီးသောင်း နှင့်ချီသော ပြည်သူ့ စစ်အင်အားများဖြင့် ၀ိုင်းရံထားပြီးဖြစ်ပါသည်။

“ တောင်ပိုင်းဆင်းရေးပေါ်လစီကို တရုတ်ကလည်း သဘောတူသလို UWSA ကလည်း ကျေနပ်တယ်ဗျ။ တရုတ်ကလည်း သူ့အကျိုးစီးပွားနဲ့သူလေ။ မြောက်ပိုင်းမှာက ဘိန်းပဲစိုက်လို့ရတယ်လေ။ ဒါကြောင့် တောင်ပိုင်းသွားကြဆိုပြီးပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ ကျေနပ်တယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်ခင်ညွန့်ပေါင်းပြီး ကားကြီးကားငယ်တွေနဲ့ ထိုင်းမြန်မာနယ်စပ်ကို ပို့လိုက်တာဘဲလေ” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။

မြန်မာနိုင်ငံသည်  ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရလာခဲ့သော်လည်း လွတ်လပ်ရေးနှင့် အပြိုင်၊ ၀ါဒရေးရာများ၊ အမျိုးသားရေး ၀ါဒီများဖြင့် နိုင်ငံတော်တွင်း နိုင်ငံရေး အရှပ်တော်ပုံကြီး ဖြစ်လာခဲ့ပါသည်။ ဤအရှုပ်တော်ပုံကြီးကို အဆက်ဆက်သော အစိုးရများက နေရာကျအောင် ယနေ့အထိ မဖြေရှင်းနိုင်ခဲ့သည်ကို တွေ့ရပါသည်။

ဤအရှုပ်တော်ပုံများကြောင့် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင်များ ပေါ်ပေါက်လာပြီး စစ်တပ် အာဏာသိမ်းခဲ့ပါသည်။ဤ အချိန်မှ စပြီး နေရာတိုင်းတွင် နိုင်ငံရေး ပုံစံထက် စစ်တပ်ပုံစံ ဖြစ်လာခဲ့ပြီး တဖြည်းဖြည်း ကျင့်သားရလာခဲ့ပါသည်။ နိုင်ငံတော်၏ ပြသနာမှန်သမျှအား စစ်တပ်အမြင် တခုထဲဖြင့် ဆုံးဖြတ်လာရာမှ အရာရာသည် စစ်တပ်အတွက် အသုံးချစရာ စနစ်ဆိုးများဖြစ်လာခဲ့ပါသည်။ ဤအထဲတွင် ၀လူမျိုးများလည်း အစိုးရတပ်ဖွဲ့များ၏ အသုံးချစရာ မြေဇာပင်များဖြစ်လာ ခဲ့ပါသည်။

မြန်မာစစ်အစိုးရသည်  ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်ရန် ကြံစည်ခြင်း၊ ဦးခွန်ဆာ၏ ရှမ်းတပ်များ (MTA) တပ်ဖွဲ့အား တိုက်ခိုက်ရာတွင် ပ့ံပိုးခြင်း၊ အပစ်အခတ်ရပ်စဲပြီး၊ ဘိန်းစိုက်ခွင့် အထူးအခွင့်အရေးများပေးခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲတွင် ၀ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသပေးခြင်းအားဖြင့် UWSA ကို အသုံးချရန် ပြုမူဆောင်ရွက်ခဲ့ပေသည်။

ဤအထဲတွင် ဦးခွန်ဆာ၏ ရှမ်းတပ်များ(MTA) တပ်ဖွဲ့ အား တိုက်ခိုက်ရာတွင် မည်ကဲ့သို့ ပ့ံပိုးပေးခဲ့သည်ကို အနည်း ငယ်တင်ပြချင်ပါသည်။

“ အဲဒီတောင်ပိုင်း ယိုးဒယား နယ်စပ်ကို ကျနော်တို့က ၁၉၈၃-၈၄ ခုလောက်က စပြီး ဆင်းတော့ နယ်စပ်မှာ ရှိတဲ့  ဦးခွန်ဆာတို့ တပ်ကို တိုက်ရတယ်။ တောင်ပိုင်းမှာက အဲဒီတုန်းက လားဟူ အဖွဲ့လည်း ရှိတယ်။ နောက် ၀ အမျိုးသား တပ်မတော်ဆိုတဲ့ WNA လည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ မြောက်ပိုင်းတပ်ဖွဲ့ထဲကနေပြီးတော့ ဝ တပ်တချို့ ကယန်းပြည် သစ်ပါတီနဲ့ ပေါင်းပြီးတော့ ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားပြီး ထိုင်းနယ်စပ်မှာ အခြေစိုက်ကြတယ်။

ထွက်ပြေးတော့ အဓိကက အဲဒီနေရာတွေ တစ်ဝိုက်ဟာ မူးယစ်ဆေးဝါး နယ်ပယ်လေ။ အဲဒီမှာ WNA လည်းရှိတယ်။ နောက်လားဟူ လက်နက်ကိုင် အဖွဲ့လည်း ရှိတယ်။ ဦးခွန်ဆာအဖွဲ့လည်းရှိတယ်။ ၁၉၈၁ ခုနှစ်မှာ ဆိုရင် ထိုင်း မြန်မာနယ် စပ်မှာ ကျနော်တို့က ဗကပတွေက ဘိန်းသယ်ဖို့ လုပ်ဖို့ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က base တစ်ခု လိုလာပါတယ်။ ဒီလို အခြေခံနေရဖို့ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ အဖွဲ့တွေနဲ့ တိုက်ရပါတယ်။ အဲဒါကြောင့် ဦးခွန်ဆာနဲ့ တခြားအဖွဲ့တွေနဲ့ ရန်စဖြစ်ခဲ့တာပေါ့။

၁၉၈၁ ခုနှစ်နောက်ပိုင်း ယိုးဒယားကို ဘိန်ရောင်းနိုင်တဲ့အခါမှာ ရောင်းပြီးရတဲ့ငွေနဲ့ ယူနီဖောင်းတွေ ကျည်ဆံတွေဝယ် ရပါတယ်။ အခြား တပ်ဖွဲ့တွေလည်း ဒီလိုပါပဲ။ KIA နဲ့ရှမ်း SSA အပါအဝင် ဘိန်းရောင်းပြီး ရတဲ့ငွေနဲ့ ယူနီဖောင်း ကျည်ဆံတွေ ဝယ်ရပါတယ်။ ဒါတွေ ရဖို့ကျနော်တို့ base တစ်ခုရှိဖို့လိုတယ်။ တပ်မဟာ တစ်ခုကို တိုက်တယ်။ ၈၇-၈၈ခုနှစ် လောက်မှာဆိုရင် ပွဲကတော်တော်ပြင်းထန်ခဲ့တယ်။ တစ်ချို့နေရာက ရတယ်။ တစ်ချို့နေရာကတော့ မရဘူး။ အဲဒီတုန်းက ကျနော်နဲ့ တိုက်ပွဲဖြစ်တာက ဦးခွန်ဆာတပ်နဲ့ဖြစ်တယ်။ ဦးခွန်ဆာကလည်း  WNA ကိုချတယ်။ အဲဒီလိုဘိန်းစျေးကွက် လုခဲ့ကြတယ်လေ” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။

ဤသို့ကြောင့် ရှမ်း MTA အဖွဲ့၊ လားဟူအဖွဲ့၊ ၀အမျိုးသား တပ်မတော် အဖွဲ့နဲ့ ရန်စရှိလာခဲ့တာဖြစ်ပါတယ်။ ဤအခြေအနေကို သိရှိထားသည့် စစ်အစိုးရကလည်း တချက်ခုတ်နှစ်ချက်ပြတ်သည့် အနေဖြင့် အချင်းချင်း ရန်ဘက်ဖြစ်လာစေရန်နှင့် ဖြိုခွဲမှုမှ လက်နက် ချလာစေရန် ဖန်တီးလေတော့သည်။ ဤသို့ဖြင့် စစ်အစိုးရသည် အင်အားကြီးသည့် UWSA အဖွဲ့နှင့် ညှိပြီးဦးခွန်ဆာအဖွဲ့ လက်နက် ချလာသည်အထိ အသုံးချလေတော့သည်။