ရခိုင်အမျိုးသား ပါတီ (သစ်) ဖွဲ့စည်းပုံ ရေးဆွဲရန် ALD နှင့် RNDP တို့ ဆွေးနွေး

ရခိုင်အမျိုးသား ပါတီ (သစ်) ဖွဲ့စည်းပုံ ရေးဆွဲရန် ALD နှင့် RNDP တို့ ဆွေးနွေး
by -
နိရဥ္စရာ

အသစ် ဖြစ်ပေါ်လာမည့် ရခိုင်အမျိုးသားပါတီ Arakan National Party  ၏ ဖွဲ့စည်းပုံ ကို ရေးဆွဲရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနှင့် ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) တို့ ယနေ့ စစ်တွေတွင်  ဆွေးနွေးခဲ့ကြသည်။

စစ်တွေမြို့ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းထိ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ ပါတီနှစ်ခုစလုံးမှ ကိုယ်စားလှယ်များသာမက  မြို့မိမြို့များ တက်ရောက်ကာ ပါတီ ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး  ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဖွဲ့စည်းပုံ အသစ်တစ်ခု ရေးဆွဲနိုင်ရေး အတွက် မူဝါဒ အပိုင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု RNDP ကိုယ်စားလှယ်  အဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ ပြောသည်။

“ လုပ်ငန်းကော်မီတီ အစည်းအဝေးမှာ ပါတီ နှစ်ခု ပေါင်းစည်းထားတဲ့ ရခိုင်ပြည် အမျိုးသား ပါတီ  မှတ်ပုံတင်နိုင်ရေး အတွက် RNDP  ဖွဲ့စည်းပုံနဲ့ ALD  ဖွဲ့စည်းပုံ နှစ်ခုကို ပေါင်းပြီးတော့ ဖွဲ့စည်းပုံ အသစ်တစ်ခု ရေးဆွဲရေး အတွက် ဒီနေ့ မူဝါဒတွေ ချမှတ်ကြတယ်။”

ဖွဲ့စည်းပုံကို ပြင်ဆင်ရာတွင် လျှင်မြန်ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စားလှယ် ၆ ဦးပါသော ကိုယ်စား လှယ်အဖွဲ့တခုကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဦးလှမြင့်က ပြောသည်။

“ မြန်ဆန်အောင် လုပ်ဖို့ မူကြမ်း ရသွားပြီ။ မူကြမ်းရသွားတော့ မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် ကိုယ်စားလှယ် ၆ ဦးပါ အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲဒီ အဖွဲ့ကနေ ဘယ်အချက် တွေကို အဓိက ဖွဲ့စည်းပုံမှာ ထည့်သွင်းမလဲ။ ကျွန်တော်တို့ နေပြည်တော်မှာ ပါတီကို မှတ်ပုံတင်တဲ့ အခါ  ဘယ်မူတွေကို ဆွဲဖို့လိုသလဲ။  အဲဒါကို ဆောင်ရွက်ဖို့ အဖွဲ့ကို တာဝန်ပေးတာ ဖြစ်တယ်။ သူတို့က တာဝန်ယူ ဆောင်ရွက်သွားကြပါလိမ့်မယ်။”

၆ ဦးပါ ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မီတီတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးခိုင်ပြည်စိုး၊ ဒေါ်အေး နုစိန်နှင့် ဦးခင်မောင်ကြီးတို့ ပါ၀င်ပြီး ရခိုင်ဒီမိုကရေစီအဖွဲဲ့ချုပ်မှ ဦးကျော်မြင့်၊ ဦးထွန်းညိုနှင့် ဦးဘကျော်တို့ ပါ၀င်ကြသည်ဟု ဦးလှမြင့်က ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံး၌ ဆွေးနွေးပွဲကို ဆက် လက် ပြုလုပ်ကြမည် ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီကို မှတ်ပုံတင်နိုင်ရေး အတွက် ဖွဲ့စည်းပုံကို  အပြီးသတ် အတည်ပြုကြမည်ဟု သိရသည်။

ယနေ့ ကျင််းပသော ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ၅ ဦး၊ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ် ၄ ဦး၊ မြို့မိမြို့ဖများဖြစ်ကြသည့် ရှေ့နေကြီး ဦးသာပွင့်၊ အင်းပေါက်ဝ ကုမ္ပဏီမှ ဦးမောင်ထွန်း ကျော်၊ ရခိုင်မဂ္ဂဇင်းမှ ဆရာထွန်းနောင်နှင့် ဦးသိန်းမောင်တို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ ၃ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

Most read this week