ဒေါ်လာ ၅ သိန်းကျော်ကုန်ကျသည့် ကျောက်ဖြူ အမှတ် (၃) ဆိပ်ခံတံတား ပြန်လည် ဖွင့်လှစ်

ဒေါ်လာ ၅ သိန်းကျော်ကုန်ကျသည့် ကျောက်ဖြူ အမှတ် (၃) ဆိပ်ခံတံတား ပြန်လည် ဖွင့်လှစ်
by -
နိရဥ္စရာ

ကိုရီးယား ဒေဝူးကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ရ သန်း အကုန်အကျခံ တည်ဆောက်သော ကျောက်ဖြူမြို့ အမှတ် (၃) ဆိပ်ခံ တံတားကို ဇူလိူင်လ ၁၂ ရက်နေ့က သက်ဆိုင်ရာက ပြန်လည် ဖွင့်လှစ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ကျောက်ဖြူ အမှတ် (၃) ဆိပ်ခံတံတားကို လွန်ခဲ့သော ၃ နှစ်က  ဖြိုဖျက်လိုက်ပြီး ကိုရီးယား ဒေဝူး ကုမ္ပဏီက  အသစ်တဖန် ပြန်လည် တည်ဆောက် ပေးခြင်းဖြစ်သည်။

ဇူလိုင်လ ၁၂ ရက်နေ့က ကျောက်ဖြူ အမှတ် (၃) ဆိပ်ခံတံတားကို အကျဉ်းချံုး ဖွင့်လှစ်ခဲ့သည်ဟု  ကျောက်ဖြူ ဆိပ်ကမ်းမှူး ဦးအောင်နိုင်က နိရဥ္စရာသို့ ပြောသည်။

“ ဟုတ်ပါတယ်။ ဒီလ ၁၂ ရက်နေ့က  ဖွင့်ပါတယ်။ ဖွင့်ပွဲကို ဒေဝူးက ဥက္ကဌ တာဝန်ရှိသူ တစ်ဦး၊ စွမ်းအင်က ညွန်မှူး တစ်ဦးတို့ တက်ရောက်ပါတယ်။ ပို့ဆောင်ရေးက ညွန်မှူးလည်း ဖွင့်ပွဲကို လာပါတယ်။ ကျွန်တော် အပါအဝင် ဌာနဆိုင်ရာ ၀န်ထမ်းတချို့နဲ့ ဆိိပ်ခံတံတားကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အမှတ် (၃) ဆိပ်ခံတံတားကို  ဒေဝူးကုမ္ပဏီက အမေရိကန် ဒေါ်လာ ၅ သိန်း ရ သောင်း အကုန် အကျခံကာ  ပြန်လည်တည်ဆောက်ပေးသဖြင့် ၀မ်းမြောက်ကြောင်း၊ သို့သော်လည်း ပြည်သူများ အနေဖြင့် အသုံးပြုခွင့် ရရှိရန် လိုကြောင်း ကျောက်ဖြူ ဒေသခံ ကို၀ုိင်းမောင်က  နိရဥ္စရာသို့ ပြောသည်။

“ ဒီလို ဒေသခံတွေ သုံးစွဲနေတဲ့ ဆိပ်ခံတံတားကို ဖျက်လိုက်တော့ ပြည်တွင်းသင်္ဘောတွေ၊ ပုဂ္ဂလိက ရေယာဉ် တွေ ဆိပ်ကမ်းကပ်ဖို့ နေရာမရှိဘဲ ဖြစ်နေတာ ၃ နှစ်ကြာသွားပါပြီ။ တံတား မရှိတဲ့ အတွက် ခရီးသွား ပြည်သူတွေ အဆင်မပြေ ဖြစ်နေခဲ့ကြတာလည်း အဲဒီ အချိန်ကတည်းကပါဘဲ။ အခု အမှတ် (၃) ဆိပ်ခံ တံတားကို ပြန်လည် ဖွင့်လှစ်ပေးတဲ့ အတွက် ၀မ်းသာပါတယ်။ ဒါပေမယ့် ဒေဝူးကုမ္ပဏီ တစ်ခုတည်းက သုံးဖို့ အသစ်တည်ဆောက်တာ မဟုတ်ဘဲ ပြည်သူတွေ တွေအတွက်ပါ အသုံးပြုခွင့်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူ ဆိပ်ကမ်းမှူး ဦးအောင်နိုင်မှ  ယခု အသစ် ဖွင့်လှစ်သော အမှတ် (၃) ဆိပ်ခံတံတားကို ပြည်သူများ အသုံးပြုရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် ဆိပ်ခံ တံတားတွင်း ပြည်တွင်း သင်္ဘောများ ဆိပ်ကပ်ရန် နေရာနှင့် ပုဂ္ဂလိက ရေယာဉ် များ ဆိပ်ကပ်ရန် နေရာများကိုလည်း သတ်မှတ် ထားသည်ဟု ပြောသည်။

“ ပြည်တွင်းရေကြောင်း သင်္ဘောတွေ ဆိပ်ကပ်လို့ရပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ မီတာ ၆၀ မှာ မီတာ ၂၀ က ပုဂ္ဂလိက ရေယာဉ်တွေ ကပ်လို့ ရပါတယ်။ ဒါကြောင့် အခု အသစ်ဖွင့်တဲ့ ဆိပ်ခံ တံတားမှာ ပြည်တွင်းသင်္ဘောနဲ့ ပြည်သူပိုင် ရေယာဉ်တွေ အားလုံး ဆိပ်ကပ်လို့ ရပါတယ်”  ဟု ဆိုသည်။

ယခင် တံတားဟောင်း အဖြိုဖျက် မခံရမှီ ကျောက်ဖြူ  မြို့သူမြို့သားများအနေဖြင့် အဆိုပါ တံတား အနီး တဝိုက်တွင်  အနားယူ လေညှင်းခံ အပန်းဖြေလေ့ရှိကြပြီး တချို့ ကျောက်ဖြူ ဒေသခံများမှာ အပျော်တမ်း ငါးမျှားခဲ့ကြသည်ဟု ဆိုသည်။ ၎င်းအခွင့်အရေးများကို ဆိပ်ခံ တံတားသစ် တည်ဆောက် ချိန်မှ စ၍ ဆုံးရှံုးခဲ့ကြသဖြင့် နဂို အခွင့်အရေးများ ပြန်လည် မရဘဲ ဖြစ်မည်ကို ဒေသခံများ  စိုးရိမ်နေကြသည်ဟုကို ၀ိုင်းမောင်က ဆိုသည်။

Most read this week