အမျိုးသားစည်းလုံးညီညွတ်ရေးရှေးရှုသည့် ရခိုင်၂ ပါတီခေါင်းဆောင်အား `ရက္ခိုင့်ဂုဏ်ဆောင်´ဆု ချီးမြှင့်

အမျိုးသားစည်းလုံးညီညွတ်ရေးရှေးရှုသည့် ရခိုင်၂ ပါတီခေါင်းဆောင်အား `ရက္ခိုင့်ဂုဏ်ဆောင်´ဆု ချီးမြှင့်
by -
နိရဥ္စရာ

အမျိုးသား စည်းလုံးညီညွှတ်ရေးကို ရှေးရှုပြီး ပါတီနှစ်ခုကို တစ်ပါတီ အဖြစ် ပေါင်းစည်းခဲ့ကြသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးအေးသာအောင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ( RNDP) ဥက္ကဌ ဒေါက်တာ အေးမောင်တို့အား  ယမန်နေ့က ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြှင့်သည်။

“ ရက္ခိုင့် ဂုဏ်ဆောင်ဆု” အား ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ရခို်င်ပြည်နယ် ဓမ္မာရုံတွင် အခမ်းအနား ပြုလုပ်ပြီး ရခိုင်တမျိုးသားလုံး ကိုယ်စား ရက္ခိတ ဖေါင်ဒေးရှင်းမှ ဇူလိုင်လ ၁၄ ရက်တွင် ကျရောက်သော အဖွဲ့၏ (၁) နှစ်မြှောက်  နှစ်ပတ်လည်နေ့တွင်  ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဆုပေးပွဲ အခမ်းအနားအား နေ့လည် ၁ နာရီတွင်  ရခိုင်မင်္ဂလာစည်တော်ကို တီးခတ် ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ရက္ခိတဖောင်ဒေးရှင်း ဂုဏ်ထူးဆောင် နာယက၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှ ဂုဏ်ပြု အဖွင့်အမှာ စကား ပြောကြားသည်။

RNDP ALD leader

၀န်ကြီးမှ အဖွင့်အမှာ စကားပြောကြားရာတွင် ရခိုင်အမျိုးသားများ အတွက် အမျိုးသား စည်းလုံး ညီညွှတ်မှုမှာ အရေးကြီးကြောင်း၊ စည်းလုံး ညီညွှတ်မှုပြိုကွဲခဲ့ရာမှ ကြီးကျယ်ခမ်းနားခဲ့သော ရခိုင် ဘုရင့်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရကြောင်း၊ သမိုင်း သင်ခန်းစာယူပြီး အမျိုးသား ညီညွှတ်ရေးကို မဖြစ်မနေ တည်ဆောက်ရန်လို ကြောင်း  ယခုလို ပြောကြားသည်။

“ ဒီကနေ့အခမ်းအနားမှာ ဟိုအယင် ရခိုင် အတိတ်သမိုင်းကို ပြန်ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်လူမျိုးဟာ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ မြောက်ဦးမြို့တော် ဆိုရင်လည်း  ကြက်ပျံ မကျ စည်ကား ခဲ့ပါတယ်။ ဘင်္ဂလား ပင်လယ်ပြင် တစ်ခုလုံးကိုလည်း ကျွန်တော်တို့ စိုးမိုး နိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ လွတ်လပ်တဲ့ လူမျိုး၊  လွတ်လပ်တဲ့ ဘုရင့်နိုင်ငံ အဖြစ်နဲ့ တည်ရှိခဲ့ပါတယ်။ ခုလို ကြီးကျယ် ခမ်းနားခဲ့တဲ့ ရခိုင်ဘုရင်နိုင်ငံတော်ဟာ ဘာကြောင့် ပျက်သုဉ်း သွားခဲ့ရသလဲဆိုရင် မညီညွတ်လို့၊ မစည်းလုံးလို့၊ အချင်းချင်း တန်ဖိုးမထားလို့ ဒီလို ဖြစ်ခဲ့ကြရတယ်ဆိုတာ သမိုင်းက အထင်အရှား သက်သေပြနေပါတယ်” ဟု ဆိုသည်။

၎င်းပြင် ၀န်ကြီးက ရခိုင်ပြည်သူများမှာ ခေတ်အဆက်ဆက် တာဝန်ကျေပွန်ခဲ့ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့်လည်း တာဝန် ကျေပွန်ရန်လိုအပ်ကြောင်း ယခုလို ပြောသည်။

“ ဒီရက္ခိုင့် ဂုဏ်ဆောင်ဆုကို ပေးအပ်တာဟာလည်း အလကားပေးတာ မဟုတ်ပါဘူး။ စာချုပ် ချုပ် လိုက်တာပါ။ ရခိုင်ပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာရော၊  ၂၀၁၀ ရွေးကောက်ပွဲတွေမှာရော တာဝန် ကျေခဲ့တယ်။ ယခင် ခေတ်အဆက်ဆက်မှာလည်း တာဝန်ကျေခဲ့တယ်။  ခေါင်းဆောင်တွေဘဲ တာဝန်ကျေဖို့ လိုပါတယ်” ဟုပြောကြားသည်။

“ ရက္ခိုင့်ဂုဏ်ဆောင်” ဆု ပေးအပ် ချီးမြင့်ခြင်းခံသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးအေးသာအောင်မှလည်း အခမ်းအနားတွင် ကျေးဇူးတင် စကားပြောကြားသည်။

ဦးအေးသာအောင်မှ  ကျေးဇူးတင် စကား ပြောကြားရာတွင် “ ရခိုင်ပြည်သူများ ဆန္ဒနှင့် အညီ ပါတီနှစ်ခု ကို တစ်ပါတီ အဖြစ် ပေါင်းစည်းနိုင်ခဲ့သဖြင့် အထူး ၀မ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် အထူး ၀မ်းမြောက်သည်မှာ ရခိုင်တမျိုးသားလုံး၊ ပါတီဝင်များအားလုံး၏ ဆန္ဒနှင့် ထပ်တူကျ၍ ဖြစ်ပါကြောင်း၊ သို့သော်လည်း ပါတီနှစ်ခု ပူးပေါင်းရုံနဲ မပြီးသေးပါကြောင်း၊ ပူးပေါင်းပြီးသည့် နောက်တွင်လည်း အသစ် ဖြစ်ပေါ်လာသည့် ပါတီသစ်ကို ရခိုင်ပြည်သူများက ဆက်လက်ပြီး ထိန်းကျောင်း တည့်မတ် ပေးသွားရန် လိုအပ်ပါကြောင်း”  ပြောကြားသွားသည်။

`ရက္ခိုင့်ဂုဏ်ဆောင်´ဆု ပေးအပ်ချီးမြင့်ခြင်းခံသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP  ဥက္ကဌ ဒေါက်တာအေးမောင်မှလည်း ကျေးဇူးတင်စကား ပြောကြားသည်။

ဒေါက်တာအေးမောင်မှ ကျေးဇူးတင် စကား ပြောကြားရာတွင် “ ရခိုင်တမျိုးသား လုံးပေါင်းစည်းနိုင်သလို ဗမာ တစ်မျိုးသားလုံးလည်း ပေါင်းစည်းရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား ပြည်သူများ အနေဖြင့်လည်း  စည်းလုံး ညီညွတ်ရန် လိုပါကြောင်း၊ သို့မှသာ ပြည်ထောင်စု မြန်မာနိုင်ငံကို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် အဖြစ် ဆောင်ကြဉ်း သွားနိုင်မည် ဖြစ်ပါကြောင်း”    ပြောကြားသည်။

ရက္ခိုင့်ဂုဏ်ဆောင် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာသူ ရခိုင်စာပေနှင့်ယဉ်ကျေးမှု အသင်း ဥက္ကဌ ဆရာမကြီး  ဒေါ်စောခင်တင့်မှလည်း ပါတီ ခေါင်းဆောင် နှစ်ဦးအား ယခုလို ချီးကျူးစကား ပြောကြားသည်။

“ ရခိုင်တမျိုးသားလုံး မျှော်လင့် တောင့်တနေကြသော ရခိုင်နိုင်ငံရေးပါတီ နှစ်ခု ပေါင်းစည်း နိုင်ခဲ့ကြသဖြင့် ပါတီ နှစ်ခုစလုံးအား ရခိုင်တမျိုးသားလုံးက အထူးကျေးဇူးတင်ပါကြောင်း၊ ယခု ဆုပေးပွဲ အခမ်းအနားမှာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအတွက် အားသစ် အင်သစ်များ  မွေးဖွား ပေးလိုက်သော အခမ်းအနားဖြစ်ပါကြောင်း၊  ရခိုင်ြ့ပည်သူများ အတွက် မျှော်လင့်ချက် ရောင်နီသန်းလာပြီဟု တင်စား ပြောလိုပါကြောင်း” ဖြင့် ပြောကြားသွားသည်။

ဆုပေးပွဲ အခမ်းအနားတွင်  ဦးအေးသာအောင်နှင့် ဒေါက်တာ အေးမောင်တို့အားရက္ခိတဖောင်ဒေးရှင်း (Rakhita Foundation)မှ  ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြှင့်သည်။ ယင်းနောက်တွင်  ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်အားလည်း  ရက္ခိတ ဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

ဆုပေးပွဲ အခမ်းအနားသို့  ပြည်သူ ( ၅၀၀) ကျော် တက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသား အဆိုတော်များ၊ တေးသံရှင်များ၊ လေးဝတီ ရခိုင်စည်တော်အဖွဲ့မှ မောင်မယ်များမှလည်း တက်ရောက် ဂုဏ်ပြု သီဆို ဖြေဖျော်ခဲ့ကြသည်။

နေ့လည် (၁) နာရီမှ စတင်ခဲ့သော အခမ်းအနားမှာ ညနေ(၄း၃၀) နာရီအချိန်တွင်  စည်ကါး သိုက်မြိုက်စွာဖြင့် ပြီးဆုံးခဲ့သည်။

Most read this week