ရွှေသဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ဦးစားပေးဖို့ လူထုတောင်းဆို

ရွှေသဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ဦးစားပေးဖို့ လူထုတောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ ထွက်ရှိသော ရွှေသဘာဝဓါတ်ငွေ့ကို  တရုတ်ပြည်သို့ မတင်ပို့မှီနှင့် ပြည်တွင်း သုံးစွဲမူများ မပြုလုပ်မှီ ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေးအတွက် ဦးစားပေးလုပ်ဆောင်ပေးရန် ဒေသခံ ပြည်သူများက  တောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဇူလိုင်လ ၁၁ ရက်နေ့က ကျောက်ဖြူမြို့နယ် မလကျွန်းအုပ်စု လိပ်ခ မော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဒေသခံ ပြည်သူများက ထိုသို့ တောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့ကြ သည်ဟု  အစည်းအဝေးတွင် တက်ရောက်ခဲ့သူ  ကိုချိုလေးက ပြောသည်။

“ ကျွန်တော်တို့ ဓာတ်ငွေ့ သန့်စင် စက်ရုံ အနီးတဝိုက်က ရွာသားတွေ၊ ပိုက်လိုင်းဖြတ်သန်းရာ နေရာ အနီးတဝိုက်က ကျေးရွာသား တွေက ဓါတ်ငွေ့ စ  လွှတ်ပြီဆိုတဲ့ သတင်းကို ကြားတဲ့အတွက် ရခိုင်ပြည်နယ်  ဖွံ့ဖြိုးရေး အတွက် သဘာဝ ဓါတ်ငွေ့ကို ပထမ ဦးစားပေး အသုံးပြု လုပ်ဆောင်ပေးဖို့ တောင်းဆိုဖို့ ရည်ရွယ်ချက်နဲ့  ဇူလိုင်လ ၁၁ ရက်နေ့မှာ အစည်းအဝေး တရပ်ပြုလုပ်ကြပါတယ်။ အဲဒီ အစည်းအဝေးက ခုလို တောင်းဆိုဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။”

၎င်းပြင်သူက “ ကျွန်တော်တို့ ရခိုင်ပြည်က တွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို တရုတ်ကို မတင်ပို့မှီနဲ့ ပြည်တွင်း သုံးစွဲမူ မလုပ်မှီ ကျွန်တော်တိိုိ့ ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် ပြုလုပ်ပေးရပါမယ်။ ဒါကို ကျွန်တော်တို့ တရားနည်းလမ်း တကျ တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။

အစည်းအဝေးသို့  ရွာပေါင်း ၁၁ ရွာမှ ရွာသား ၅၀ ခန့်တက်ရောက်ပြီး ၁၁ ဦးပါ ကော်မီတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ တောင်းဆိုမူကို ရခိုင်တပြည်နယ်လုံး အတိုင်းအတာဖြင့် တောင်းဆိုသွားနိုင်ရန် ကျယ်ပြန့်သည့် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်နေကြောင်း ကိုချိုလေးက ပြောသည်။

လက်ရှိ အစိုးရ အနေဖြင့်လည်း ယခင် အစိုးရများကဲ့သို့  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိိုးတက်ရေးကို လုပ်ပေးမည်ဟု အသံကောင်း ဟစ်နေသော်လည်း  လက်တွေ့တွင် တစ်စုံတစ်ရာဆောင်ရွက် ပေးခြင်း မရှိသဖြင့် သဘာဝ ဓါတ်ငွေ့ဖြင့် ရခိိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန် ရခိုင်ပြည်သူများက အထူးလိုလားနေ သည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် သဘာဝ ဓါတ်ငွေ့ အပြင် ဆန်ရေစပါး သားငါး သစ်သီးဝလံ သဘာဝ သဘာဝ သယံဇာတများ အထူးပေါကြွယ်ဝသော်လည်း အုပ်ချုပ်သူ အစိုးရ အဆက်ဆက်မှ  တိုးတက်အောင် မပြုလုပ်ဘဲ  လျစ်လျူရှု့ ခံရသဖြင့် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ် ဖြစ်ကာ လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်နေသည်။

ယခု ရခိုင်ကထွက်သော သဘာဝ ဓါတ်ငွေ့ကိုလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်စုံတစ်ရာ အသုံးမပြုဘဲ တရုတ်သို့ တင်ပို့ ရောင်းစားထားသည်။

ရခိုင်က ဓါတ်ငွေ့ကို တရုတ်သို့ တင်ပို့ရေး အတွက် အခုအခါ စမ်းသပ် ပို့လွှတ်မူများကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week