ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးဆောင်သော အဖွဲ့သည် စနေနေ့ နေ့လည်ပိုင်း ၀၁းဝဝ နာရီအချိန်တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) အဖွဲ့နှင့် ရှမ်းပြည်မြောက် ပိုင်း လာရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရွှေလီရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။
“ တွေ့တာက တစ်နာရီလောက်ပါဘဲ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ဦးသိန်းဇော်တို့နဲ့ တန့်ယန်းမြို့မှာ တွေ့တုန်းက သဘော တူထားတဲ့ ၄ ချက် အတိုင်းကိုပဲ နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ကြဖို့နဲ့ လျှပ်စစ်မီး ကိစ္စ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးကြတာပါ။ သဘော တူညီချက် လက်မှတ်ထိုးပြီး ကြေငြာချက် ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး” ဟု ဆိုပါသည်။
အစိုးရ ကိုယ်စားလှယ်များသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) နှင့် အဓိက တွေ့ဆုံခြင်း ဖြစ်ပြီး အပြန်ခရီး၌ SSPP နှင့် တစ်နာရီခန့် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဆွေးနွေးချက် များမှာလည်း ယခင်ဆွေးနွေး ချက်များပင် ဖြစ်ကြောင်း၊ အရေးကြီး တကြီး ကိစ္စဖြစ်သော အစိုးရတပ်ဖွဲ့၏ တိုက်ခိုက်မှုကိစ္စများ၊ ရာဇသံကိစ္စ နှင့် တာ့ဆမ်ပူး စခန်း ဆုတ်ခွာပေးခြင်း ကိစ္စများကိုမူ ထည့်သွင်းပြောကြားခြင်း မရှိဟု ဆိုပါသည်။
ယခင် သဘောတူထားသည့် အချက် (၄) ချက်မှာ (၁) ပစ်ခတ်နေမှုများ ရပ်ဆိုင်းရန်။ (၂) တပ်နေရာပြန်လည် ချထားရေး နှင့် အခြေခံ နယ်မြေများ သတ်မှတ်ရန်။ (၃) ပြသနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြ ရန်နှင့် (၄) ဒေသဖွ့ံ ဖြိုးရေးကိစ္စ၊ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီပံ့ပိုးရေးကိစ္စများကို သဘောတူခဲ့ပါသည်။
ယင်းတွေ့ဆုံပွဲတွင် ဦးသိန်းဇော်က နောက်နောင်တွင် SSPP အား တိုက်ခိုက်တော့မည် မဟုတ်ကြောင်း၊ ယခုဖြစ်ပွားခဲ့ သော ပြသနာများသည် ငြိမ်းချမ်းရေးကို ထိခိုက်စေလောက်သော ပြသနာများ မဟုတ်ဟု ဆိုသွားခဲ့ပါသည်။ ထို့အပြင် ဖြစ်ပွားသော ပြသနာများကိုလည်း စစ်ရေး နည်းဖြင့် ပြသနာဖြေရှင်း ရေးထက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်းရန် ပြီးခဲ့သည် မေလ (၁၁) ရက်နေ့က သဘော တူခဲ့ပါသည်။
“ အစိုးရရဲ့ ဂတိတွေ သိပ်မယုံဘူးဗျ။ အရင်တုန်းက တန့်ယန်းစခန်းကို မပေးရင် တိုက်မယ် ဆိုပြီး ၆ ကြိမ် ရကြိမ်တိုက်တယ်။ တိုက်လို့ မရတော့ ဦးသိန်းဇော်တို့ ဘက်ကဘဲ ကောင်းကောင်း ပြန်နေကြရအောင်ဆိုပြီး၊ တလတောင် မပြည့်ဘူး လာရှိုးဘက် ကျေးသီးဘက်ကို တိုက်တယ်။ တချိန်ထဲမှာ တာဆန်းပူစခန်းကို တောင်းပြန်တယ်။ မပေးလို့ တိုက်ပြန်တယ်။ ဒီတော့ ဂတိတွေက ဟုတ်ပါ့မလား” ဟု စစ်ရုံး တပ်မှူးတဦးက ဆိုပါသည်။
ဤကဲ့သို့ ဂတိများပေးခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင် (၁၀) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ်၌ (၁၅) မိနစ်ကြာထပ်မံ တိုက်ပွဲဖြစ်ခဲ့ပြီး ဇူလိုင် (၁၁) ရက်နေ့တွင် မိုင်းရူးမြို့နယ်၌ ထပ်မံ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် SSPP နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲ ထားသော်လည်း ယုံကြည်မှု မတည်ဆောက်နိုင်သေးဘဲ ရှိနေပါသည်။
ဦးသိန်းဇော်ကမူ “အောက်ခြေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အတွက် ပြီးခဲ့တာတွေကို တစ်ယောက်ကို တစ်ယောက် အမှား ရှာရင်ပြီးတော့မှာ မဟုတ်ဘူး။ ရှေ့လျှောက်ကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုပဲ ပြောကြတာပေါ့၊ ပြီးခဲ့တာတွေကို သင်္ခန်းစာ ယူပြီးမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားဖို့ အတိုချုပ်ပြောခဲ့ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း သမ္မတက လက်နက်ကိုင် အဖွဲ့အားလုံးကို ခေါ်ယူတွေ့ဆုံမဲ့ အစီအစဉ် ရှိနေကြောင်း ရှေ့လျှောက်ငြိမ်းချမ်းရေးကို ဘယ်လို လုပ်သွားကြမလဲဆိုတာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ သိရမှာပါ ဟု ဆိုခဲ့ကြောင်း ဗိုလ်မှူးစိုင်းလက ဆိုပါသည်။
ယင်းဆွေးနွေးပွဲတွင် SSPP မှ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်ပြီး ဗိုလ်မှူးစိုင်းလ အပါအဝင် ကိုယ်စားလှယ် ၆ ဦးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ ဦးခင်မောင်စိုး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် ၀န်ကြီး တချို့ အပါအဝင် ကိုယ်စားလှယ် ၁၃ ဦးတို့ဖြင့် ဆွေးနွေးခဲ့ကြပါသည်။
SSPP သည် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း အကြိမ်ပေါင်း (၁၂၀) ခန့် အတိုက်ခံခဲ့ရပြီး ယနေ့အထိ တပ်နေရာ ချထားရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ခြင်း မရှိသေးဟု ဆိုပါသည်။ ဤသို့ ကြောင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၄င်းတို့၏ နိုင်ငံရေး မဟာဗျူဟာထဲမှ စစ်ဆင်ရေး နည်းပရိယာယ် တစ်ခုအဖြစ် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကို အသုံးပြုနေခြင်းပင် ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။