ယခုလက်ရှိဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အစိုးရတပ်မတော်ကြားက တိုက်ပွဲများ၊ ပြဿနာများသည် ဖြစ်လေ့ဖြစ်ထရှိသောပြဿနာသာဖြစ်ကြောင်း SSPP/SSA နှင့်လားရှိုး၌တွေ့ဆုံစဉ် အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု- ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ကပြောသည်ဟု ဆိုသည်။
“ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ပြောတယ်။ တိုက်ပွဲတွေဖြစ်နေရတာဟာ ဗမာစစ်တပ်ဘက်က မှားတာရှိသလို သျှမ်းတပ် ဘက်ကမှားတဲ့အခါလဲရှိတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပြဿနာတွေဖြစ် တယ်တဲ့။ အပြစ်ရှာ နေကြမယ့်အစား အခုကျနော်တို့ ဆောက် နေတဲ့ ငြိမ်းချမ်းရေးကို တည်တံ့ခိုင်မြဲအောင် ဘယ်လိုလုပ်သွား ကြမလဲဆိုတာသာ စဉ်းစားသင့်တယ်လို့ ပြောသွားတယ်။ တိုက်ပွဲ တွေကိစ္စ တပ်ဆုတ်ခိုင်းဖို့ကိစ္စ ဘာမှ မဆွေးနွေးဘူး” ဟု သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ယခုလ ၁၃ ရက် စနေနေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် တွေ့ဆုံပြီးနောက်ပိုင်းအစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်နှင့် လားရှိုးမြို့ အခြေ စိုက် ရမခ (အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ရွှေလီရိပ်သာတွင် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ခွဲအထိ အလွှတ်သဘောတွေ့ ဆုံဆွေး နွေးခဲ့ကြသည်။
ထို့အပြင် ၂၀၁၄ အတွင်း မိုင်းရှူးမြို့၌ ၂၄ နာရီ လျှပ်စစ်မီး ရရှိတော့မှာဖြစ်ကြောင်းလည်း၊ ဝမ့်ဟိုင်းဌာနချုပ်လည်း လျှပ်စစ်မီးရရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောသည်ဟုဆို၏။
ယင်းဆွေးနွေးပွဲတွင် SSPP အတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်ပြီး ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ အပါအဝင် ကိုယ်စားလှယ် ၆ ဦးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်၊ ဦးခင်မောင်စိုး၊ ကာကွယ် ရေး ၀န်ကြီးဌာနမှ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့ မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် ဝန်ကြီး တချို့ အပါအဝင် ကိုယ်စားလှယ် ၁၃ ဦးတို့ပါဝင်ပါသည်။
၎င်းနှင့်ပတ်သက်၍ ဗိုလ်မှူးစိုင်းလက “ တန့်ယန်းသဘောတူညီချက်အတိုင်းလုပ်ရမှာလေ။ တိုက်ပွဲမဖြစ်အောင် ကျနော် တို့ဘက်က အတတ်နိုင်ဆုံးရှောင်ပေမယ့် သူတို့ဘက်က လုံးဝ မလိုက်နာတာ။ အဲတာကြောင့်တိုက်ပွဲတွေလဲ မရပ်နိုင်တာလေ။ ကျနော်တို့တော့ ကေအိုင်အေ ဆွေးနွေးလို့ အဆင်ပြေဖို့ဘဲမျှော်လင့်တယ်။ သူတို့အဆင်ပြေသွားပြီဆိုရင်တော့ သမ္မတနဲ့တွေ့ဆုံပြီး တပြည်လုံး အ ပစ်ရပ်ရေး ဆွေးနွေးမှု ကိုလိုလားတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ကျနော်တို့ ခေါင်းဆောင် တွေကို - အသက်ကြီး ပြီ။ ကျန်းမာရေးဂရုစိုက်။ လိုချင်တာတွေ လွှတ်တော်ထဲမှာသွားတောင်းကြမယ် - လို့ပြောသွားတယ်” ဟု ဗိုလ်မှူးစိုင်းလ ကပြော သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ယနေ့ခေတ်သည် လက်နက်ဖြင့် ပြဿနာများကိုဖြေရှင်းရ မည့်ခေတ် မဟုတ် တော့ ကြောင်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် လွှတ်တော်ထဲမှာသာ ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။
သို့သော် ဂျူလိုင်လ ၁၀ ရက်နေ့က သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ် ကောင်းခါးအုပ်စုတွင် မြန်မာစစ်တပ် ခမရ ၅၀၂ နှင့် SSPP/SSA တပ်မဟာ ၂၇ လက်အောက်ခံ တပ်ဖွဲ့ ရ၂၅ နှင့် တိုက်ပွဲဖြစ်ပွားရာ နှစ်ဘက်စလုံး သေကြေဒဏ်ရာ ရမှုရှိခဲ့သည်။ အဆိုပါနေ့ရက်၌ပင် မိုင်းရှူးမြို့နယ် နမ့်မော်ဆိုင်ရွာအနီးတွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့သည်။
တိုက်ပွဲအပြီး သျှမ်းပြည်တပ်မတော်ဘက်မှ ကွင်းဆင်းစစ်ဆေးရာတွင်လည်း မြန်မာစစ်တပ်၏ လက်နက်ကြီး ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသေးသည်ဟုလည်း ဆိုပါသည်။ SSPP တပ်ဖွဲ့အား ဒု-ဗိုလ်မှူးကြီးစောမိန်းက ဦးဆောင်၍ တပ်ဖွဲ့ ရ၂၅ အား ဗိုလ်မောင်ပီး က ဦးဆောင်ပါသည်။
ထိုတိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) အခြေစိုက် ခိုလမ်မြို့နယ်ခွဲ မြောက်ဘက် မိုင်းဇျာန်မှ ခလရ ၁၅၀ ကလည်း မိုင်းရှူးမြို့နယ် အတွင်းသို့ အားဖြည့်ရာ သံလွင်မြစ်အနီး SSPP/SSA ၏ လွယ်ချိုတပ်စခန်းဘက်သို့ အင်အား ဖြည့်ကြောင်းလည်း SSPP/SSA သတင်း ရပ်ကွက်က ပြော ဆိုပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်ရေး ထိုးထားသော်လည်း ထိုချိန်မှစ၍ ယနေ့အထိ တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖြစ်ပွားခဲ့ သည်ဟု ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ ကပြောပါသည်။