အမိမြေကို ပြန်လာလှည့်ပါ

အမိမြေကို ပြန်လာလှည့်ပါ
by -
ကန္တာရဝတီတိုင်း(မ်)

ကျနော်ဟာ နေ ့စဉ် မနက် ငါးနာရီလောက်ဆိုရင် အိပ်ပျော်နေဆဲပါ။ ဒါပေမဲ့ အဒေါ်ရှိရာ ကယား(ကရင်နီ)ပြည်နယ် ကျေး လက်ကို ရောက်နေတဲ့အတွက် စောစော မထလို့ မဖြစ်တော့ပါဘူး။ အရှေ့ရောင်နီသန်းလို ့အိပ်ရာ ထထချင်း ၀ါးရံတာကနေ လှမ်းကြည့်လိုက်တော့ နှင်းထုနဲ့ မိုးဖွဲတွေ အောက်မှာ မားခရော်ရှေ့ ရွာသားတွေ တစီတတန်းကြီး ရွာမြောက်ဘက် ယာခင်းဆီကို ချီတက်နေကြပါပြီ။

အချိန်က ၂၀၁၂ ခုနှစ် နိုဝင်ဘာအကုန် ဒီဇင်ဘာအကြို ဖြစ်နေပေမဲ့ မိုးတွေက တဖွဲဖွဲ ရွာချနေပါတယ်။ မိုးတွေ ဘယ်လိုရွာနေနေ ဒီနေ့ အဒေါ်တို့ ယာခင်း စပါးပုတ်တဲ့ အလှည့်ကျနေတာမို့ ရက်မရွှေ့ဆိုင်းဘဲ မိုးရွာထဲမှာ စပါးပုတ် ကြမဲ့ပုံပါဘဲ။ အတွေးထဲမှာတော့ မိုးရွာထဲမှာ စပါးပုတ်နေပုံ ဗွီဒီယို ကောင်းကောင်း ရိုက်ကူးနိုင်ဘို ့ အိမ်က ညီအစ်ကို မောင်နှမတွေနဲ့အတူ ယာထဲ လိုက်ဆင်းဖို့ ဆုံးဖြတ်ပြီးသား။

ဒါပေမဲ့ ကယားပြည်နယ်ကို နှစ်ပေါင်း ၃၀အတွင်း ပထမဦးဆုံးအကြိမ် ပြန်လာခွင့်ရတဲ့ကျနော့ကို အဒေါ်က ယာ မဆင်းခိုင်းဘဲ စပါးပုတ် သူတွေအဖို့ အိမ်မှာနေပြီး ထမင်း ဟင်း ချက်ပြုတ် ကူညီ ခိုင်းပါတယ်။ ဒါကြောင့်လဲ ချက်ပြုတ်ရေး ကူညီချင်တာနဲ ့ဓါတ်ပုံနဲ ့ဗီဒီယို လိုက်ရိုက်ဖို ့ကိုတောင် မေ့ထားလိုက်ပါတယ်။ သူ ခိုင်းတာကို လုပ်တာဟာလည်း တနည်းတဖုံ နှစ် ၃၀ ကျော် မွေးရပ်မြေကို ဘာမှ ပြန်ပြီး အကူအညီမပေးခဲ့တဲ့ ကျနော့်အဖို ့ ကူညီခွင့်ရတာပဲ မဟုတ်လား။ အကျိုးရှိသားပဲ ဆိုတဲ့ ခံယူချက်နဲ့ မီးဖိုဆောင်ထဲ ၀င်ခဲ့ပါတယ်။

အလျားပေ ၂၀ အနံ ၁၀ ပေ လောက်ရှိတဲ့ အခန်းကျယ်ကြီးရဲ့ အလည်ဗဟို ကြမ်းခင်းပေါ်မှာ ကျေးလက် ပုံစံ ကျကျ မြေသားနဲ့ လေးပေပတ်လည်ခန့် ခင်းထားတဲ့ မီးဖိုအနားမှာ အဒေါ်က အဆင်သင့်ရှိနေပြီ။

တောင်ယာမှ ပြန်လာသော မာခရော်ရှေ့ မိသားစု တစု (ဓါတ်ပုံ-ကေတီ)
ထမင်းအိုး၊ ဟင်းအိုး သုံးလုံးလောက် တပြိုင်နက် ချက်ပြုတ်လို့ရတဲ့ ရှည်မြောမြော သံဖိုခုံလောက် အောက်မှာ မနက်စာ ချက်ပြုတ်ထားခဲ့တဲ့ မီးခဲအကျွင်းအကျန်ထဲ အဒေါ်က ထင်းလေးငါးချောင်း ပစ်ထည့်ပြီး လောင်စာ စ ပျိုးလိုက်ပါတယ်။

အဒေါ်က စပါးပုတ်တဲ့ လူအယောက် ၂၀အတွက် ခေါင်ရည် ဖောက်ဖို့နဲ့ ထမင်းတအိုး ချက်ဖို့ တာဝန်ယူပြီး ဟင်းလျာ ချက်ပြုတ်ဖို့ ကိစ္စကိုတော့ ကျနော့်ကို ခိုင်းပါတယ်။ ရေတဝက်လောက် ဖြည့် ထားတဲ့ မြေအိုးကြီးထဲ ဆန်ပြုတ် ပြုတ်ဖို့ ဆန် ၆ ခွက်ထည့်ပြီး မီးအရှိန်ရနေတဲ့ ရှည်မြောမြော သံဖိုလောက်ပေါ် အရင်တည်ထား လိုက်ပါတယ်။ အိမ်မွေး ကြက်ဖကြီး နှစ်ကောင်ကို အလောတော်လောက် တုံးပြီး ဟင်းအိုးကြီးနဲ့ ရေလုံပြုတ်ဖို့ ဆန်ပြုတ် အိုးဘေးမှာ နောက်ထပ် အိုးတလုံး ပြိုင်တူ တည်ထား လိုက်ပါတယ်။

ဆန်ပြုတ်မြေအိုးထဲကို ခတ်နုတ်နုတ်စင်းထားတဲ့ ကြက်ရင်ပုံသား၊ ခြံထွက်စပါးလင်၊ မက်ခါသီး၊ ကြက်သွန်ဖြူ ဆီသတ် စတဲ့ အဆာပလာတွေ ထည့်ပြီး မီးအေးအေးနဲ့ နှပ်ထားလိုက် ပါတယ်။ ဆူပွက်နေတဲ့ ကြက်သား ရေလုံပြုတ်ထဲ ခြံထွက် ကျောက်ဖရုံသီး နှစ်လုံးကို သေးသေးလေးတွေ တုံပြီး စပါးလင်၊ မက်ခါတီး၊ ကြက်သွန် ဖြူ ဆီသတ် ထည့်ပြီး မီးအေးအေးနဲ့ နွေးထား လိုက်ပါတယ်။

မီးဖိုချောင် စားရိတ်ကတော့ တပြားမှ မကုန်ပါဘူး။ အခု စပါးပုတ်သူ အယောက် ၂၀ အတွက် အဒေါ်နေတဲ့ ကျေးလက် မီးဖိုထဲမှာ ထမင်းဟင်းဘိုး ငါးပြားမှ ကုန်ကျစရာမလိုဘဲ ညနေစာကို လုံလုံလောက်လောက် ပြင်ဆင် ပေးနိုင်ပါတယ်။  

မီးဖိုဆောင် ကုန်ကျစားရိတ်နဲ့ ပတ်သက်ပြီး အဒေါ့်ရွာနဲ့ ကျနော်နေတဲ့ ပတ်ဝန်းကျင်ကို နှိုင်းကြည့်လိုက်ရင် အများကြီး ကွာဟနေပါတယ်။ ဥပမာ… လူဦးရေ လေးယောက်ရှိတဲ့ ကျနော့် မိသားစုအဖို့ ထမင်းတနပ်စာ အတွက် အနည်းဆုံး ကျပ် ၃၀၀၀ ကုန်ကျပါတယ်။

အဒေါ့်ရဲ့ အိမ်ခြံထဲမှာ ရောင်စုံပန်းခင်း လှလှလေးတွေ၊ ရေကူးကန်တွေ၊ ကားဂိုဒေါင်တွေမရှိပါဘူး။ စပါး၊ မြေပဲ၊ ပဲကြား၊ ပြောင်းကောက်၊ ကျောက်ဖရုံသီး၊ ဖရုံသီး၊ သခွား၊ ဘူးသီးခွံချောက်တွေ ထားတဲ့ စပါးကျီ၊ ကြက်ခြံ၊ ၀က်ခြံ၊ နွားမွေးခြံတွေနဲ့ ရှုပ်ယှက်ခတ် နေတာပါ။

အိမ်ခြေ (၉၀) လောက်ရှိတဲ့ အဒေါ့ရွာမှာ ဆီကြိတ်စက် တလုံးရှိတယ်။ အဒေါ်တို့ ဆီသွားကြိတ်ရင် ငွေ ပေးစရာ မလိုဘဲ စက်ရုံက ပဲဖတ်တွေကိုဘဲ ယူတာပါ။ ပဲဆီ စစ်စစ် အဒေါ့်အိမ်မှာ စားလို့ကိုမကုန်။ ပြောင်းကောက်ကို အဒေါ်တို့က ခေါင်ရည်ချက်လုပ်ပါတယ်။ ကယားပြည်မှာ နာမည်ရနေတဲ့ ခေါင်ရည်ဟာ အဒေါ်တို့လို ကျေးရွာတွေကထွက်တဲ့ ပြောင်းကောက်နဲ့ ချက်လုပ်ကြတာပါ။

အဒေါ်တို ့ရွာဝန်းကျင်မှာ ထုံးဖုတ်ကြတယ်။ အိမ်တိုင်းလိုလို ခြံထဲမှာ ထုံးတွေနဲ့ သဲကျောက်တွေ စုဆောင်း ထားတာကို တွေ့ရတယ်။ ထုံးနဲ့ သဲကျောက်တွေ ရောနှောပြီး သူတို့ကိုယ်တိုင် အုပ်ပလောက်တွေနဲ့ အိမ်တွေ ဆောက်ကြတယ်။ အဲ့ဒီ အရင်းအမြစ်တွေနဲ့ အဒေါ်တို့ ပတ်ဝန်းကျင်မှာ သာယာလှပ စေကြပါတယ်။

ကျေးလက်မှာ ရှေး ဘိုးဘွားဘီဘင် ကတည်းက တတ်မြောက်ထားကြတဲ့ တောင်ယာစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေနဲ့ အသက်မွေးလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း လက်ရှိမှာ ဖူလုံတယ်ဆိုတဲ့ စံချိန် တခုကို ဆက်ထိမ်းထားနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေပါပြီ။

ဘဝတွေ ဒီထက် ကောင်းမွန် တိုးမြင့်ဖို့ ဆိုရာမှာ ပညာတတ်မြောက်ဖို့ လိုတယ်ဆိုတဲ့ အယူအဆကို အဒေါ် တို့လို ပညာသင်ယူ လေ့လာခွင့် မရခဲ့တဲ့ သူတွေက လက်ခံ ယုံကြည် ထားကြပါတယ်။ ဒါ့ကြောင့်လဲ ရွာထဲက သားသမီးတွေကို မိဘတို့က ငွေကုန်ခံပြီး ကျောင်းထားကြပါတယ်။ တချို့ဆိုရင် နိုင်ငံခြားမှာ ပညာတော်သင် သွားခွင့် ရတဲ့ သူတွေလဲ ရှိနေပါပြီ။ ရှိခဲ့ပါပြီ။ ရှိပြီးကြပါပြီ။

မာကရော်ရှေ့ကျေးရွာ ညနေခင်းမြင်ကွင်း... (ဓါတ်ပုံ-ကေတီ)
ဒါပေမဲ့ ကျနော်အပါအဝင် အဒေါ်တို့လို ကျေးလက်ဒေသက မိဘတွေ မွေးထုပ်လိုက်တဲ့ ပညာတတ် သား သမီး တွေ ကိုယ့်ရပ် ကိုယ့်ရွာမှာ ပြန်လာပြီး မိဘ၊ ဘိုးဘွား ဘီဘင်ခေတ် အဆက်ဆက်ကတည်းက လုပ်ကိုင်လာခဲ့ ကြတဲ့ တောင်ယာ လယ်ယာလုပ်ငန်းကို ပြန် လာလုပ်ဖို့ စဉ်းစားတော့ တယောက်မှ မတွေ့ရပါဘူး။ ပညာတတ် သွားပြီးမှဘဲ Laptop ကွန်ပြူတာဝယ်ဖို့ မိဘတွေက ငွေကျေး ထပ်ပို့ ပေးရတာတွေပဲ ရှိနေပါတယ်။

မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲတွေ လက်ရှိ အနေအထားအတိုင်း ဆက်လက် ထိမ်းသိမ်း သွားနိုင်မယ် ဆိုရင်ဖြင့် အဒေါ်တို့လို တိုင်းရင်းသားတွေ သူတို့လုပ်အား သူတို့အစွမ်းအစနဲ့ ထုပ်လုပ် ရရှိထားတဲ့ ထွက်ကုန် အပိုအလျှံတွေကို စျေးကွက်တွေမှာ မိတ်ဆက်ပေးတဲ့ အစီအစဉ်တွေ ရှိလာဖို့ လိုအပ် ပါလိမ့်မယ်။

ဒါဟာ အဒေါ်တို့လို တိုင်းရင်းသား ကျေးလက်ဒေသက ပြည်သူတွေအတွက် လာမည့် ၂၀၁၅ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း ASEAN Economic Community-AEC ရဲ့ ဒေသအတွင်း လွတ်လပ်တဲ့ ကုန်သွယ် ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု ခေတ်တခုမှာ ရင်ဆိုင် ကြံုတွေ့ရမယ့် စိန်ခေါ်မှုပါ။

တဘက်နိုင်ငံက နယ်စပ်လမ်းတွေ ဖွင့်လာရင်ဖြင့် အဲ့ဒီ စိန်ခေါ်မှုကို ဦးစွာ ရင်ဆိုင်ရမည့်သူတွေက အဒေါ်တို့လို တိုင်းပြည်ရဲ့ နယ်စွန်နယ်ဖျားမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေပါ။ ဒါကြောင့် ကိုယ့်ဒေသမှာ ကိုယ့်လုပ် အားနဲ့ ထွက်လာတဲ့ ဒေသထွက် ကုန်ပစ္စည်းတွေကို စျေးကွက်တွေထဲရောက်အောင် မိတ်ဆက်ပေးဖို့ တာဝန် ကို ရပ်ရွာထဲက ပညာတတ် လူငယ်တွေအနေနဲ့ ပါ၀င် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒီလိုမှ မဟုတ်ရင် စားဝတ်နေရေး အတွက် ဖူလုံမှု စံချိန်ကို နှစ်ပေါင်းများစွာ ထိမ်းသိမ်း လာခဲ့ကြတဲ့ မိဘ၊ ဘိုးဘွားတို့ရဲ့ လုပ်ရိုး လုပ်စဉ် အတိုင်း ပြန်သွား ကြရပါလိမ့်မယ်။ အဲ့လို ပြန်သွားလို့ကကော ယခုခေတ် လူငယ်တွေ မိဘဘိုးဘွား လက်ထက်တွေကလို တောင်ယာ အလုပ် သွားနိုင်တဲ့ ခံနိုင်ရင်စွမ်း ရှိကြ ပါတော့မလား။

အခုလို ကျနော် စဉ်းစားနေတုန်းမှာပဲ ညနေစောင်းရောက်လာပါပြီ။

တနေကုန် တိတ်ဆိပ် နေခဲ့တဲ့ မာခရော်ရှေ ့ကျေးရွာလေးဟာ နွားလှည်းသံတွေ၊ ထော်လာဂျီ စက်သံတွေနဲ့ ယာခင်းက ပြန်လာကြတဲ့ ရွာသူ/သားတို့ရဲ့ အသံတွေနဲ့ ပြန်လည် အသက်ဝင် လာခဲ့ကြပါပြီ။ ယာခင်းဆီကနေ မိုးစိုစိုရွှဲရွှဲ၊ မောမောပန်းပန်းနဲ့ ပြန်လာကြ သူတွေကို အဒေါ်ကတော့ သူဖောက်ထားတဲ့ ခေါင်ရည် ပူပူ နွေးနွေး လေးနဲ့ ဦးစွာ ကြိုဆို လိုက်ပါတယ်။ အလုပ်ပမ်းလာသူတွေ ခေါင်ရည် သောက်နေကြပါပြီ။  

အဲ့ဒီနောက် ယာခင်းက ပြန်လာသူတွေ ရေချိုး အဝတ်အစား လဲပြီး ကျနော်နဲ့ အဒေါ်တို ့ပြင်ဆင်ထားတဲ့ ညနေစာ မစားမီ ခေါင်ကြိုက်သူ အမျိုးသားတွေက ခေါင် ဆက်စုပ်ကြပါတယ်။ ခေါင်နဲဲ့မြည်းဖို ့ ကျောက်ဖရုံသီး အိုးထဲမှာ ပြုတ်ထားတဲ့ ကြက်သားတုံးတွေကို ငရုပ်သီးနဲ့ တို့စားဖို့ အဒေါ်က စိတ်ရှည်ရှည်နဲ့ ဆယ်ပေးပါတယ်။

ကလေးတွေနဲ့ အမျိုးသမီးတွေလည်း တဝိုင်းထဲထိုင်ပြီး ထမင်းဟင်းလျာများ သုံးဆောင်ကြပါတယ်။ ဒီနေ့ လုပ်ခဲ့တဲ့ အလုပ်အကြောင်းတွေကို အစပျိုးပြီး ဆွေးနွေး ပြောဆိုကြရာမှာ ခေါင်ရည်ရဲ့ အရှိုန်ကြောင့် စကားသံ တွေက ရယ်မောသံတွေနဲ့ ရောနှော ထွက်လာတာကြောင့် တနေကုန် မောပမ်းခဲ့တာတွေကို ပြေစေတဲ့ ပျော်စရာ ညနေခင်း တခု မဟုတ်လား…။

ဒီမြင်ကွင်းကို ကြည့်ရင်းက ကျနော် တခု စဉ်းစားမိလာပါတယ်။

ကိုယ့်ရပ်ကိုယ့်ဒေသမှာ ကိုယ်လုပ်နိုင်တဲ့ လုပ်အားအပေါ်မှာ အမှီသဟဲ ပြုပြီး အေးအေးဆေးဆေး ဖူဖူလုံလုံနဲ့ အသက်မွေး ၀မ်းကြောင်း နေထိုင်နိုင်တဲ့ အခြေအနေဟာ အဒေါ်တို့လို ကျေးလက်ဒေသခံတွေ အနှစ်သက်ဆုံး ဘဝတခုပါ။ သားသမီးတွေ ဒီဘဝထက် တိုးတက်ဖို့ လိုနေတယ်ဆိုတာ လက်ရှိ သူတို့ ကျိုးပမ်း လုပ်ကိုင်မှုတွေက ထင်ဟပ် ပြသနေပါတယ်။

ဒီလို တောင်ပေါ် ကျေးလက် ဒေသက အဝေးမှာ ပညာသွားရောက် သင်ယူနေသူတွေ အနေနဲ့ ကိုယ့်ကိုမွေးထုတ် ကျွေးမွေး ပြုစု ပျိုးထောင် ပေးခဲ့ကြတဲ့ မိဘ၊ ဘိုးဘွား ဆရာသမားတို့ရဲ့ နိစ္စဒူဝ ဘဝရပ်တည်ရေး အသက်မွေး ၀မ်းကြောင်း လုပ်ငန်းတွေ တိုးတက်ရေး တဘက်တလမ်းက ပါ၀င် လုပ်ဆောင် ပေးသင့်ပါတယ်။

ဒါကြောင့်လဲ မြန်မာပြည်တဝှမ်းနဲ ့ကမ္ဘာတလွှားရောက် ကရင်နီလူငယ်တွေဟာ (ကရင် ပအိုဝ် ချင်း ကချင် စတဲ့ တိုင်းရင်းသား အဝေးရောက် လူငယ်တိုင်းဟာ) မိခင်မြေကို ကူညီဘို ့ပြန်မလာသင့်ဘူးလား…။

သူတို ့ပြန်လာနိုင်ခြင်းဖြင့် တိုင်းရင်းသား တောင်ပေါ် ကျေးလက် တောရွာတွေရဲ့ ဘဝ ဒီထက် တိုးတက် ပြောင်းလဲ လာနိုင်မှာ ဖြစ်ပါတယ်။