လူပေါင်း (၃၀၀) ၀န်းကျင် တက်ရောက်ခဲ့သည့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ခဝဲခြံတွင် ရှိသော မြန်မာနိုင်ငံ ခရစ်ယာန် အသင်း မျက်မမြင်ကျောင်း၌ ဒုတိယအကြိမ် ကျင်းပခဲ့ကြကြောင်း ကော်မီတီဝင် သူတဦးဖြစ်သည့် သိက္ခာတော်ရ ဆရာတော် စောမက်သယူအေးက ဆိုပါသည်။
“ ဒီအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ (၂၉-၃၀) ရက်နေ့က ဘားအံမြို့မှာ ကျင်းပတဲ့ ပွဲရဲ့နောက်ဆက်တွဲ အစီအစဉ်ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းထားတာက နေရာ (၆) ခုမှာ လုပ်ဖို့ ရည်ရွယ်ထားတာပါ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ လုပ်ဖို့ ဘားအံဆွေးနွေးပွဲတုန်းက ဆုံးဖြတ်ထားပါတယ်။ အခုတော့ ကရင်ပြည်နယ်နဲ့ အခု ရန်ကုန်တိုင်းပေါ့ဗျာ နှစ်နေရာတော့ လုပ်ခဲ့ပါပြီ” ဟု ဆိုပါသည်။
ဤဆွေးနွေးပွဲတွင် (၁) ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မီတီကို အထောက်အကူပြုရန်အတွက် (၁၅)ဦး ပါသော ရန်ကုန်တိုင်း အဆင့် အထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ (၂) လာမည့် ကရင်ရေးရာ ညီလာခံအတွက် ပြင်ဆင်ရန်၊ တင်ပြထားသည့် အစီရင်ခံစာများ၊ အကြံပြု စာတမ်းများနှင့် အကြံပြုချက်များကို စုစည်းပြီး ကရင် လူထုအား ချပြသွားမည်ဖြစ်သည်။ (၃) ရန်ကုန်တိုင်းအတွင်း မှော်ဘီနှင့် ကော့မှူး ကွမ်းခြံကုန်းဖက်တွင် ဤကဲ့သိုသော ဆွေးနွေးပွဲမျိုး နှစ်နေရာ ထပ်မံ ကျင်းပသွားရန် ရန်ကုန်တိုင်း ကရင်ရေးရာ ၀န်ကြီး စောထွန်းအောင်မြင့်၏ တင်ပြမှုကို သဘောတူ ဆုံးဖြတ်ထားပါသည်။
ဆွေးနွေးကြသည့် အကြောင်းအရာများမှာ အပစ်အခတ် ရပ်စဲထားသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအား အကြံပြုချက်များ။ ကရင်စာပေ သင်ကြားရေး ဆိုင်ရာ လုပ်ငန်းစဉ်နှင့် အခက်အခဲများ။ ဖက်ဒရယ်စမစ်နှင့် ပါတ်သက်သော အကြံပြု စာတမ်းများနှင့် လာမည့် ကရင်ရေးရာ ညီလာခံအတွက် အကြံပြု စာတမ်းများကို ဆွေးနွေးကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ စောလှထွန်းက ဆိုပါသည်။
ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ကရင်လူမှု အဖွဲ့အစည်းများ၊ဘာသာရေး အဖွဲ့အစည်းများ နိုင်ငံရေး အဖွဲ့အစည်းများမှ ကရင်အမျိုးသားများ၊ NGO အဖွဲ့များမှ ကရင်အမျိုးသားများနှင့် စိတ် ၀င်စားသော ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းမှ ကရင်ရေးရာ ၀န်ကြီးများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ကရင်စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေး ကိစ္စနှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား ညီညွတ်မှု ရှိစေရန် ဖြစ်ပေါ်လာသော ပြသနာများကို ၀ိုင်းဝန်းဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းကြောင်း ဆိုပါသည်။
ကရင့်ရေးရာ ဆွေးနွေးပွဲကို ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပခဲ့ပြီး ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မီတီကို အဖွဲ့ဝင် (၃၇) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ဤကော်မီတီမှ ကမကထ လုပ်ပြီး တိုင်းပြည်နယ် (၆) နေရာတွင် ဆွေးနွေးပွဲ ကျင်းပသွားရန်ဖြစ်ပါသည်။ ကရင်ပြည်နယ်၌မူ ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ကော့ကရိတ်မြို့နှင့် လှိုင်းဘွဲ့မြို့တွင် ကျင်းပခဲ့ပါသည်။