ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားလှယ်များသည် နေပြည်တော် ခရီးစဉ် တုန်းမှ မပြီးပြတ် သေးသော ကိစ္စများကို ထပ်မံ ဆွေးနွေးရန် ယနေ့နေ့လည် ၂ နာရီခန့်တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အထောက် အကူပြု အဖွဲ့များနှင့် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ယမ်ခမ်း ဟိုတယ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု RCSS အဖွဲ့မှ သွားရောက် ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် ဗိုလ်မှူး စိုင်းမိဏ်းက ဆိုပါသည်။
“ ကျနော်တို့ နေပြည်တော် ခရီးစဉ်တုန်းက နောက်ဆက်တွဲတွေပါ။ ဆွေးနွေးပွဲကတော့ ညနေ (၆) နာရီအထိ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ကလည်း အကျိုးဆောင် အဖွဲ့တွေဘဲ ဆိုတော့ ဘာမှတော့ အဆုံးအဖြတ် မပေးနိုင်ပါဘူး။ အထက်ကို တင်ပြရုံလောက်ပါဘဲ” ဟု ဆိုပါသည်။
ဆွေးနွေးကြသော ကိစ္စများမှာ (၁) RCSS မှ တောင်းဆိုထားသည့် ဆက်ဆံရေးရုံး (၂)နေရာ ထပ်မံတိုးခြင်း ကိစ္စအခြေအနေ (၂) RCSS တပ်ဖွဲ့ဝင်များနှင့် (၁၉၉၆) ခုနှစ်တွင် ဖြတ်လေးဖြတ် စနစ်ကြောင့် ထွက်ပြေးခဲ့ရသော ပြည်သူများ၏ မှတ်ပုံတင်ခွင့်ရရေး ကိစ္စအခြေအနေ။ (၃) အစိုးရတပ်မှ ဖမ်းဆည်းထားသော RCSS တပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး ကိစ္စ၊ (၄) ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေး ကော်မီတီ ဖွဲ့စည်းခြင်း ကိစ္စများကို ဆွေးနွေး ခဲ့ကြသည်ဟု ဆိုပါသည်။
RCSS ကိုယ်စားလှယ်များမှာ အတိုင်ပင်ခံ ဦးခွန်စိုင်း ခေါင်ဆောင်သည့် ဗိုလ်မှူး စိုင်းမိဏ်းနှင့် စိုင်းမင်းတို့ပါ၀င်ပြီး MPC အစိုးရ ကိုယ်စားလှယ်များမှာ ဦးလှမောင်ရွှေ ခေါင်းဆောင်သော အဖွဲ့ဝင် (၇) ဦး ဖြစ်ပါသည်။ RCSS သည် ဤဆွေးနွေးပွဲမျိုး များများ ကျင်းပပေးနိုင်ရန် လိုအပ်သည်ဟု အဆိုပြုထားပါသည်။
RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့တွင် သမ္မတနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ရောက်ရှိခဲ့ပါသည်။ ထိုခရီးစဉ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအပါအဝင်၊ (၁၉၉၆) ခုနှစ်မှ အစိုးရ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထွက်ပြေး ခဲ့ရသော ရှမ်းပြည်သူများအား ပြန်လည် နေရာ ချထားရေးနှင့် မှတ်ပုံတင် ရရှိရေးကို ဗဟို အစိုးရ အပါအဝင် ပြည်နယ် အစိုးရနှင့်ပါ ဆွေးနွေးခဲ့ပါသည်။
ယခုဆွေးနွေးပွဲသည် ထိုခရီးစဉ်၌မပြီးပြတ်သေးသော ကိစ္စများနှင့် သဘော တူထားသည့် အချက်များ၏ လက်တွေ့အခြေအနေကို ပြန်လည်တင်ပြကြခြင်း ဖြစ်သည်ဟု ဗိုလ်မှူးစိုင်းမိဏ်းက ဆိုပါသည်။
အလားတူ MPC အဖွဲ့ဝင်များသည် RCSS ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက်ပိုင်း တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating) ၏ ကိုယ်စားလှယ်များနှင့် ထပ်မံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။