ရခိုင် ၂ ပါတီ ပေါင်းစည်းရေး ဖွဲ့စည်းပုံ ယခုလတွင် ရေးဆွဲမည်

ရခိုင် ၂ ပါတီ ပေါင်းစည်းရေး ဖွဲ့စည်းပုံ ယခုလတွင် ရေးဆွဲမည်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD မှ ကိုယ်စားလှယ်များ သည် ပါတီ တစ်ခုတည်း ဖြစ်ရေး အတွက် ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင် တွေ့ဆုံကြမည် ဖြစ်ရာ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပါတီ နှစ်ခု၏ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းပုံ တစ်ခုကို ရေးဆွဲကြတာ့မည် ဖြစ်သည်။

ဤခေါင်းဆောင်များတက်ရောက်ခဲ့သော ဆွေးနွေးပွဲတွင် RNDP နှင့် ALD ပေါင်းစည်းရေးကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

nirinjara

အဆိုပါ အစည်းအဝေးအား စစ်တွေမြို့ရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ပါတီ တစ်ခုမှ လုပ်ငန်းကော်မီတီ (၆) ဦးကျစီ တက်ရောက်ကြမည် ဖြစ်ကြောင်း RNDP အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ကျွန်တော်တို့မှာ အခု လက်ရှို RNDP နဲ့  ALD မှာ ဖွဲ့စည်းပုံ နှစ်ခု ဖြစ်နေတယ်။ အဲဒီတော့ အဲဒီ ဖွဲ့စည်းပုံ နှစ်ခုထဲက ကောင်းနိုး ရာရာကို ရွှေးချယ်ပြီး အသစ် ဖြစ်လာမယ့် ရခိုင်အမျိုးသား ပါတီ အတွက် ဖွဲ့စည်းပုံ တစ်ခု ရေးဆွဲမှာ ဖြစ်ပါတယ်။ အဲဒီ ဖွဲ့စည်းပုံ ရေးဆွဲရေးအတွက်လည်း နှစ်ဖက် ပါတီက ကိုယ်စားလှယ်တွေ ပါ၀င်တဲ့ ကော်မီတီ တစ်ရပ်ကို အဲဒီ အစည်းအဝေးမှာ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ပြုလုပ်မည့် အစည်းအဝေးသို့ RNDP ဘက်မှ ဦခိုင်ပြည်စိုးဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးနှင့် ALD ဘက်မှ ဦးကျော်မြင့် ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး တက်ရောက်မည် ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပြီးသည်နှင့် တပြိုင်နက်တည်း ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးကျစီ၊ စုစုပေါင်းလူပေါင်း ၃၀ ဖြင့် ပါတီ ဗဟိုကော်မီတီကို ဖွဲ့စည်းပြီး ရခိုင်အမျိုးသားပါတီ ( Arakan National Party) ကို ရွေးကောက်ပွဲ ကော်မရှင်တွင်  မှတ်ပုံတင်ပြီး နိုင်ငံရေး ပါတီ အဖြစ် လျှောက်ထားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

“ ဒါတွေကတော့ ပေါင်းစည်းရေး လုပ်ငန်းစဉ် အဆင့်ဆင့် ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီ အဖြစ် သတ်မှတ်ခံရပြီး ရ လ အကြာမှာတော့ ပါတီ ညီလာခံကို ကျင်းပသွားမှာ ဖြစ်ပြီး ပါတီ ဗဟိုကော်မီတီတွေကို ရွေးချယ် တင်မြှောက်ကြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ယခု လက်ရှိကာလတွင် ဖွဲ့စည်း အုပ်ချုပ်ပုံ မရှိသေးသည့် အပြင် ပေါင်းစည်းထားသော ရခိုင်အမျိုးသား ပါတီကိုလည်း တရားဝင် မှတ်ပုံ မတင်ရသေးသဖြင့် RNDP နှင့် ALD ပါတီ အသွင်သဏ္ဍန်ဖြင့် ရှိနေမည် ဖြစ်သော်လည်း ပါတီနှစ်ခု အမြန်ပေါင်းစည်းနိုင်ရေး အတွက် လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

Most read this week