ကမ္ဘာတစ်ဝန်းတွင် မြီးကောင်ပေါက်အရွယ် ကိုယ်ဝန်ဆောင်ရမှုသည် နှစ်စဉ်ဆယ့်ခြောက်သန်းရှိ ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က ဇူလိုင် ၁၁ ရက်၊ ကမ္ဘာ့လူဦးရေနေ့က ထုတ်ပြန်လိုက်သည်။
အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြား မြီးကောင်ပေါက်အရွယ်ဟု သတ်မှတ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဤ အသက်အရွယ် အပိုင်းအခြား မိန်းကလေးများသည် ကိုယ်ဝန်ဆောင်နေရခြင်း ဖြစ်သည်။
“မြီးကောင်ပေါက်ကို ၀န်ဆောင်ရခြင်းဟာ ကျန်းမာရေးဆိုင်ရာ ကိစ္စတင်မဟုတ်ဘူး။ ဒါဟာဖွံ့ဖြိုးတိုးတက် ရေး ကိစ္စဖြစ်တယ်” ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့(UNFPA) ထုတ်ပြန်ချက်က ဆိုသည်။ထို့ပြင် အဆိုပါ ကိုယ်ဝန်ဆောင်နေရမှုသည် ဆင်းရဲမွဲတေမှု၊ လိင်မညီမျှမှု၊ အကြမ်းဖက်ခံရမှု၊ ကလေးသူငယ်နဲ့ အဓမ္မလက်ထပ်ရန် ခိုင်းခံရမှု၊ မြီးကောင်ပေါက် မိန်းကလေးများနှင့် ၎င်းတို့၏ ယောက်ျားလေးအဖော်များ အကြား တစ်ဦးပေါ်တစ်ဦး သြဇာသက်ရောက်မှု၊ ပညာရေးအားနည်းမှု၊ နိုင်ငံရေး စနစ်များ လျော့ရဲမှုနှင့် မြီးကောက်ပေါက်များ၏ အခွင့်အရေးများကို ကာကွယ်ပေးမည့် အဖွဲ့အစည်းများ၏ အားနည်းချက်များ လည်းပါ၀င်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “မြီးကောင်ပေါက် ကိုယ်ဝန်ဆောင် အပေါ် အာရုံစိုက်ခြင်း” ဖြစ်သည်။
“ဒီမိန်းကလေးတွေဟာ သူတို့ရဲ့ ကိုယ်ဝန်ကို သူတို့ကိုယ်ပိုင် ဘယ်တော့မှ ဆုံးဖြတ်နိုင်ခွင့် မရှိကြဘူး” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသည်။
UNFPA ၏ ထုတ်ပြန်ချက်အရ အနိ်္ဒယနိုင်ငံတွင် မြီးကောင်ပေါက်အရွယ် လေးသန်းခန့် နှစ်စဉ် ကိုယ်ဝန်ဆောင် နေရပြီး ၉ ရာခိုင်နှုန်းသည် မိခင်သေဆုံးသည့် မွေးဖွားမှုများ ဖြစ်သည်ဟု ဆိုသည်။
“အချိန်တိုင်း အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား မိန်းကလေးတွေဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ကိုယ်ဝန် ဖျက်ချမှု၊ ကလေးမွေးဖွားမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြီးကောင်ပေါက်အရွယ် ကိုယ်ဝန်ဆောင်နေရမှုကို တိုက်ဖျက်ရန်အတွက် လူထုတစ်ရပ်လုံးနှင့်အတူ တစ်ဦးချင်း တစ်ယောက်ချင်း ပါ၀င်ရန်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကလည်း အဆိုပါမိန်းကလေး များ နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန်လည်း UNFPA က တိုက်တွန်းလိုက်ပါသည်။
ထို့ပြင် အစိုးရများအနေနှင့်လည်း အသက် ၁၈ နှစ်မှ လက်ထပ်နိုင်မည့် ဥပဒေများ ထုတ်သွားပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ရန်၊ ကလေးသူငယ် လက်ထပ်မှုများကို ကာကွယ်ရန်၊ မိန်းကလေးများကို ကူညီ
ထောက်ပံ့နိုင်မည့် လူထုအခြေပြု တွန်းအားပေးခြင်းများကို ပြုလုပ်သင့်ကြောင်းလည်း UNFPA က ပြောဆိုသည်။
ကမ္ဘာပေါ်တွင် မိန်းမပျို(အသက် ၁၅ နှစ် နှင့် ၂၄ နှစ်ကြား) သန်းခြောက်ရာရှိပြီး ၎င်းတို့ထဲမှ သန်းငါးရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိကြသည်။