ဒုက္ခသည် စခန်းက ပြန်နိုင်ဖို့ ဆိုတာ အဝေးကြီး လိုပါသေးတယ်

ဒုက္ခသည် စခန်းက ပြန်နိုင်ဖို့ ဆိုတာ အဝေးကြီး လိုပါသေးတယ်
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နဲ့ မြန်မာအစိုးရ တို့အကြား တိုက်ပွဲတွေဖြစ်လာခဲ့တာ (၂) နှစ်ကျော် ကာလ ရှိပါပြီ။ ကနေ့အထိ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး မပြုလုပ် နိုင်သေးသော်လည်း တိုက်ပွဲဖြစ်ပွားမှုများက သိသိသာသာ ကျဆင်း လာပါသည်။ ဤသည် နှစ်ဖက်တွေ့ဆုံဆွေးနွေးရေး၏ တိုးတက်မှု ပြယုဂ်အဖြစ် KIO ဘက်မှ ရှုမြင်ထားပါ သည်။

phophtaw121

သို့သော် လူထုများအတွင်း ဖြစ်ပေါ်ခဲ့သော အကျိုုးဆက်များမှာ ၄င်းတို့၏ ကျေးရွာများ မီးရှို့ခံရခြင်း(သို့) ဖျက်ဆီးခံရခြင်း ၊ လယ်ယာ လုပ်ငန်းဂွင် အပါအဝင် ရပ်တည်ရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ကျေးရွာကြား မိုင်းကွင်းဖြစ်ပေါ်ခြင်း၊ စစ်ရေး အရ ခြိမ်းခြောက် ခံရခြင်း များသာ အဖတ်တင်နေခဲ့ပါသည်။ ဤသို့ကြောင့် မိမိနေရပ်ပြန်ရေး ဟူသည်မှာ နီးလျှက်နှင့် ဝေးနေရခြင်းဖြစ်ပါသည်။

ဤသို့ကြောင့် မိမိတို့ရပ်ရွာများနှင့် ဝေးနေရသော စစ်ပြေး ဒုက္ခသည်များသည် ယခုကဲ့သို့ မိုးရာသီ ရောက်နေချိန်မျိုးတွင် မည်သို့သော အခြေအနေမျိုး ဖြစ်ရှိနေသည်ကို  ရွှေဟင်္သာ သတင်းထောက် တဦးက ကချင်ဒုက္ခသည် အရေး တာဝန်ခံများနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

 ဦးဒွဲပီဆာ (ကချင်ဒုက္ခသည်စခန်းများတာဝန်ခံ)

 “ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ လုံလောက်မှုဆိုတာက ပြောဖို့ခက်တယ်။ ဒုက္ခသည်တွေရှိနေတယ် ဆိုတော့စေတနာရှိတဲ့ အဖွဲ့အစည်း၊ ကူညီမယ့်အဖွဲ့အစည်းတွေက သူတို့တတ်နိုင်သလောက် ကူညီမယ်။ လောလောဆယ် စားဖို့တော့ရှိပါတယ်။ လုံလုံလောက်လောက်တော့ မရှိဘူး။ ပြောမယ်ဆိုရင် တစ်လအတွက်တော့ စီစဉ်ထားတယ်။ ပြတ်သွားတယ်။ ငတ်သွားတာဆိုတာကမရှိပါဘူး။ တစ်ယောက်ကို တစ်ရက်မှာ ပိုက်ဆံ ၂၀၀၀ နှုန်းနဲ့ ဟင်းသီးဟင်းရွှက်ဖိုးတွေ အသားတွေဝယ်စားဖို့ပေးတယ်။ သူတို့အတွက်တော့ လုံလောက်ပါတယ်။ ကျနော်တို့က ပစ္စည်းတစ်ခါထုတ်ပေးရင် (၁၀) ရက်အတွက် ထုတ်ပေးတယ်။ ဒေသတွင်း အကူအညီပေးရေး အဖွဲ့တွေရောက်လာရင်တော့ တစ်လအတွက် ထုတ်ပေးတယ်။ ဆီကတော့ အကူအညီပေးတဲ့သူတွေက သူတို့နှုန်းနဲ့သူတို့ပေးတယ်။ တစ်ခါတစ်လေပဲတွေပါတယ်။ တစ်ချို့ဆိုရင်ခေါက်ဆွဲထုပ်ပေးပါတယ်။ လူအရေအတွက်ကိုကြည့်ပေးတယ်။ အကူအညီပေးတဲ့လူ မရှိရင် ကျနောတို့ အဖွဲ့အစည်းကနေ မပြတ်အောင် စီစဉ်ပေးနေတယ်။”

ဒါ့အပြင်ကို အခြားဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူ တစ်ဦးကိုလည်း ရွှေဟင်္သာသတင်းဌာနကမေးမြန်းထားပါတယ်။

ဦးရော့ဆော့ (ကယ်ဆယ်ရေးနှင့်ပညာရေးဆပ်ကော်မတီဥက္ကဌ)

“တစ်နေ့ကို နို့ဆီဗူးနှစ်လုံးဆီ တွက်ပြီး တလစာပေးပါတယ်။ ဆန်၊ ဆား၊ ဟင်းရွက်ဖိုး၊ တစ်ခါတလေ Donor  အပြင် ကလာလှူရင်တော့ ပဲတို့၊ ဆီတို့ပေးပါတယ်။ ကိုယ့်စခန်းမှာ ရာသီသီးနှံတွေ စိုက်ခိုင်းတာမျိုး လုပ်ပါတယ်။ လှူတာမရှိရင် ကယ်ဆယ်ရေးက ပေးတာမျိုး ရှိပါတယ်။ လောလောဆယ်မှာ ဒေသအဖွဲ့အစည်း တချို ့ ပေးသလို၊ နိုင်ငံတ ကာကလည်း လာပေးတာမျိုး ရှိတယ်။”

 အထက်က ဖြေကြားချက်တွေကတော့ လက်ရှိ ကချင် စစ်ပြေးဒုက္ခသည်တွေကို ထောက်ပံ့မှုပေးနေတာနဲ့ပတ်သက်ပြီး KIO ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ကချင်ဒုက္ခသည်အရေးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်ရှိ စစ်ပြေး ဒုက္ခသည်တွေရဲ့ ကျန်းမာရေး အခြေအနေ၊ ပညာသင်ကြားမှု အခြေအနေအကြောင်းကိုလည်း ရွှေဟင်္သာ သတင်းဌာနက ဆက်လက်ပြီး မေးမြန်းထားပါတယ်။

ဦးဒွဲပီဆာ (ကချင်ဒုက္ခသည်စခန်းများတာဝန်ခံ)

 “ဒုက္ခသည်တွေရဲ့ ကျန်းမာရေးက မိုးတွင်းပိုင်းဆိုတော့ ဝမ်းရောဂါတို့ ငှက်ဖျားရောဂါတို့ဖြစ်တာ နည်းနည်းရှိတယ်။ ဒုက္ခသည်စခန်းတိုင်းမှာ ကျောင်းဖွင့်ဖြစ်အောင် ဖွင့်ထားတယ်၊ မူလတန်း အလယ်တန်း အဆင့်ဖွင့်ထားတယ်။ အခုကျနော်တို့ ဒီနှစ်အလယ်တန်းကို ဖြုတ်ပြီးမှ အထက်တန်းကျောင်း သီးသန့်ဖွင့်ထားတယ်။ ဒီပတ်အတွင်းတော့ ကျောင်းတက်ဖို့ အခက်အခဲရှိသေးတယ်။ နောက်တစ်ပတ်မှ ကျောင်းတက်ဖို့ အဆင်ပြေမယ်။ ဆရာမက နဂိုက ဆရာ မနဲ့ လုပ်အားပေးဆရာမပဲရှိတယ်။ နယ်စပ် တစ်လျှောက်မှာလည်း ကျောင်းဖွင့်ထားတယ်။ ကျောင်းမတက်နိုင်တဲ့ အခက်အခဲမရှိပါဘူး။ နောက်ကျောင်းသားတွေအတွက် ငွေရေးကြေးရေး အခက်အခဲဖြစ်လို့  ကျောင်းမတက်နိုင်တာမျိုး မဖြစ်အောင် ကျနော်တို့ ကျောင်းသားတွေမှာ ဘာမှ ငွေရေးကြေးရေး ကောက်ခံတာတို့မရှိဘူး။”

 ဒါကတော့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို ထောက်ပံ့နေမှု အနေအထားနဲ့ ပညာရေး၊ ကျန်းမာရေး အခြေအနေတွေအကြောင်းကို ရွှေဟင်္သာသတင်းဌာနက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ တင်ပြလိုက် တာက အခုလိုပြည်တွင်း စစ်ဒဏ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေက နဂိုမိမိတို့ရဲ့ နေရပ်ဌာနကိုပြန် လည် အခြေချဖို့ အခြေအနေတွေဖြစ်ပါတယ် ၊ဒီလိုပြန်လည် အခြေချနိုင်ဖို့အတွက် ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ ဆိုတဲ့ အကြောင်းကိုလည်း သက်ဆိုင်သူတွေက အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဦးဒွဲပီဆာ (ကချင်ဒုက္ခသည်စခန်းများတာဝန်ခံ)

“ဒုက္ခသည်တွေက ကိုယ့်ဒေသကိုယ့်နယ်မြေကို မပြန်ချင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ အားလုံးကပြန်ချင်ကြတာပဲ။ ကိုယ့်ဒေသ ကိုယ့်နယ်မြေပြန်နိုင်မယ့် အခြေအနေမှမရှိတာ။ တစ်ချို့အိမ်တွေလည်း ပျက်ဆီးနေပြီ။ တစ်ချို့ရွာတွေမီးရှိူ့ခံရတယ်။ ခိုင်မာတဲ့ သဘောတူညီမှုရှိရင် မိုင်းကိစ္စ အခြားအရာတွေ အားလုံးကို ရှင်းပေးပြီး ကိုယ့်ဒေသကို ပြန်နိုင်ဖို့ လုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်သွား  ရမှာပဲ။ နောက်တစ်ဦး တစ်ယောက်က ပြန်ချင်တယ် ဆိုရင် တစ်ယောက်တည်း ပြန်လို့မှ မရတာ။ ဒီအခြေအနေဆိုရင် ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေးက မဖြစ်နိုင်သေးဘူး။ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ငန်းတွေကို ဆောင်ရွက်သွားရမယ်။ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီချက်ရှိတယ်။ ဒုက္ခသည် စခန်းမှာ နေစရာမလိုတော့ဘူး ဆိုတာ အဝေးကြီး လိုပါသေးတယ်။”

အပစ်အခတ် ရပ်စဲရေးဟာ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နိုင်ငံရေး ပြသနာလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ အကြောင်းပြချက်က နိုင်ငံရေးပြသနာ  ပြေလည်မယ် ဆိုရင် အခုလိုမျိုး လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေရမှုတွေ မရှိတော့ဘူးလို့ဆိုပါတယ်။ ဒါ့ကြောင့် ကချင် လွတ်လပ်ရေးအဖွဲ့ဟာ ဆွေးနွေးပွဲတွေမှာတောင်“အပစ်အခတ်ရပ်စဲရေး” ဆိုတဲ့စကားလုံးအစား “စစ်ရှိန်လျော့ ချရေး” လို့သုံးတာကိုလေ့လာတွေ့ရှိရပါတယ်။

ဒါ့ပြင်ကိုနိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်ဖို့တာ တစိုက်မတ်မတ်တောင်းဆိုလာခဲ့ပြီးတော့ နှစ်နှစ်တာကာလကျော် နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်လာတဲ့နောက်ပိုင်း အခုချိန်ထိလည်း အပစ်အခတ်ရပ်စဲရေးကိုထပ်မံလက်မှတ် ရေးထိုးရသေးခြင်းမရှိသေးပါဘူး။

နိုင်ငံရေးပြသနာကစတဲ့နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်လာတယ်ဆိုပေမယ့် အဲဒီပစ်ခတ်မှုရဲ့နောက် ဆက်တွဲအဖြစ် ထပ်ချပ်မကွာလိုက်လာတဲ့အဖြစ်ကတော့ “စစ်ပြေးဒုက္ခသည်” တွေရဲ့ပြသနာပါ။ တစ်ယောက်မဟုတ်ပါဘူး၊တစ်ရာမဟုတ်ပါဘူး၊ထောင်ဂဏန်း၊သောင်းဂဏန်း၊ သိန်းဂဏန်းချီတဲ့လူတွေကိုထောက်ပံ့၊ကျွှေးမွေး၊ နေရာထိုင်ခင်းစီစဉ်ပေး၊ကျန်းမာ၊ပညာအားလုံးကိုတာဝန်ယူပေးရတဲ့ဒုက္ခသည်ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အတွက်ကြီးစွာသောရင်ဆိုင်မှုတစ်ရပ်ပါ။

ကချင်လွတ်လပ်ရေးအဖွဲ့KIO နဲ့မြန်မာအစိုးရတို့ဟာ နှစ်ဖက်အကြား ဆွေးနွေးပွဲတွေ ခပ်စိပ်စိပ် လုပ်လာအပြီးမှာတော့ တိုးတက်မှုဖြစ်စဉ် အချို့ကိုမြင်တွေ့ခဲ့ရပါတယ်။ အခုဆိုရင်တော့နှစ်ဖက်စစ်ရှိန် လျော့ချရေး အပါအဝင် ဒုက္ခသည်တွေအရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအရေးကို နှစ်ဖက်အကြား ညှိနှိုင်းပေးမယ့် လုပ်ငန်းအထောက်အကူပြု အဖွဲ့ (Technical Team) ကလည်း ယခုလအတွင်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရုံးထိုင်ပြီး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ရှိနေပါတယ်။

ဒါဟာ ကောင်းတဲ့ လက္ခာဖြစ်ပြီးတော့ နှစ်ဖက်အကြား နားလည်မှုတွေ ပိုမိုတည်ဆောက်နိုင်မယ်လို့ ကချင်အဖွဲ့တွေက ခန့်မှန်းနေကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ KIO နဲ့မသက်ဆိုင်တဲ့ သီးခြားအဖွဲ့ တစ်ခုဖြစ်တဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ ကောင်စီ အဖွဲ့ကို ဆက်သွယ် မေးမြန်းထားပြီး ၄င်းအဖွဲ့ရဲ့ ရှူ့မြင်သုံးသပ်ချက်တွေကိုလည်း တင်ပြပေးလိုက်ပါတယ်။

ဦးလဘမ်-န်အောင် (ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့)

လုပ်ငန်း အထောက်အကူပြုအဖွဲ့ကို (Technical Team) ကိုမြစ်ကြီးနားမှာ ထားဖို့နဲ့ဒုက္ခသည်အရေး ကိစ္စ အပါအဝင် တခြား ကိစ္စတွေကို ဆွေးနွေးပြီး(Technical Team) ကိုတင်ပြသွားမှာဖြစ်တယ်။ ဒုက္ခသည်တွေ အခက်အခဲဖြစ်တဲ့ စားဝတ်နေရေးနဲ့ လတ်တလော ကျန်းမာရေးအရ ဆေးဝါး လိုအပ်ချက်တွေ၊ ရပ်ရွာပြန်မယ် ဆိုရင် အစိုးရနဲ့ KIO ဘက်ကမြုပ်ထားတဲ့ မိုင်းတွေက ရှိနေသေးတော့ မသွားရဲမလာရဲကြဘူး။ နေရာကို ပြန်ရင်လဲ ဘာမှ အာမခံချက် မရှိသေးဘူး။ အစိုးရတပ်တွေကလည်း မဆုတ်ပဲ ရှိနေတဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမလဲဆိုတာကို ကြောက်လန့်ပြီး  ရွာသားတွေက မပြန်ရဲပဲရှိနေတဲ့ အနေထားတွေတွေ့ရတယ်။ ဒါတွေကိုလည်း (Technical Team) မှာ တင်ပြနိင်ဖို့အတွက် ဆွေးနွေးကြပြီး ဒီကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ တင်ပြသွားမှာပါ၊ မူးယစ်ဆေးဝါး ပြသနာကိုလည်း (Technical Team) က အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားမယ်လို့ မျှော်လင့်ပါတယ်။”

ဒါကတော့ ရွှေဟင်္သာ သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်တွေဖြစ်ပါတယ်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဟာ ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲတွေ အကြိမ် ပေါင်းထောင်ချီဖြစ်ပွား ခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေ အတွင်းမှာ မြန်မာအစိုးရဘက်က လေကြောင်း စစ်ဆင်ရေးတွေပါ ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ပွဲကြောင့်မို့လို့ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေး ဒုက္ခသည် အရေအတွက်ကလည်း သောင်းဂဏန်း ဝန်းကျင်ကနေ သိန်းဂဏန်း ဝန်းကျင်ကို ချဉ်းကပ်နေပြီဖြစ်ကြောင်း သက်ဆိုင်သူတွေ အပြောအရသိ ရပါတယ်။ လောလောဆယ်မှာတော့ ဒုက္ခသည်ပေါင်း (၈) သောင်းဝန်းကျင်ခန့်ကို KIO ဒုက္ခသည် ကော်မီတီတွေက အဖွဲ့အစည်းစုံကပေးပို့လာတဲ့ အကူအညီတွေကို အသုံးပြုပြီး ပုံမှန်ထောက်ပံ့မှုတွေ ပေးနေရဆဲဖြစ်တယ်လို့ ဦးရောဆော့က ဆိုပါတယ်။

ဒုက္ခသည်တွေ  အတွက်အထောက်အပံ့ အကူအညီတွေ ရရှိမှုအနေအထားကတော့  ပြီးခဲ့တဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ အနေအထားနဲ့ အခုအနေအထားနဲ့ ယှဉ်ကြည့်မယ် ဆိုရင် တိုးတက်ရရှိလာကြောင်း သုံးသပ်ရမှာဖြစ်တယ်လို့ ဦးရော့ဆော့က ပြောပေမယ့် ကိန်းဂဏန်း အတိအကျကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

Most read this week