မြန်မာတပ်စခန်း ၃ ခုဝန်းရံပိတ်ဆို့ခံရ - တင်းမာမှုကို ကာ/ချုပ်နှင့်သာဆွေးနွေးဖို့ ဝ ဆန္ဒရှိ

မြန်မာတပ်စခန်း ၃ ခုဝန်းရံပိတ်ဆို့ခံရ - တင်းမာမှုကို ကာ/ချုပ်နှင့်သာဆွေးနွေးဖို့ ဝ ဆန္ဒရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်မြို့နယ်တွင် ၁ ပတ်ခန့်အကြာ အထပ်ထပ်ဝိုင်းရံနေကြသော မြန်မာစစ် တပ်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုမရှိသော်လည်း မြန်မာတပ်စခန်း ၃ ခု ပိတ်ဆို့ဝိုင်းရံထားခြင်းခံထားရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဆတ်မြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာရှိ လွယ်ဆမ်ဆုမ်တောင်ကြောအနီး လွယ်ပါကေတောင်တွင် မြန်မာနှင့် ဝ တခုစီခြား၍ စိုက်ထားသော စခန်းများအနက် မြန်မာတပ်စခန်း ၃ ခု  ဝ တပ်ဖွဲ့၏ ဝိုင်းပိတ် ထားခြင်းခံထားရသည်ဟု ဆိုပါသည်။

war-zone1

အတွင်းပိုင်း ပိတ်မိနေသော မြန်မာတပ်စခန်းများထံ ပို့ပေးရန် လွယ်ဆမ်ဆုမ် မှလာသော မြန်မာရိက္ခာ တင်ကားများ ကိုလည်း  ဝ တပ်ဖွဲ့ တားမြစ်ကာ တာဝန်ယူပို့ပေးမည်ဟုပြောဆိုမှုအပေါ် မြန်မာဘက်မှ သဘောမတူဘဲ လှည့်ပြန်သွားကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သည့် မိုင်းဆတ်ဒေသခံတဦးကပြောသည်။

“ မြန်မာရိက္ခာတင်စစ်ယာဉ်တန်း မနေ့က (ဂျူလိုင် ၁၀  ရက်)က လွယ်ပါကေမှာ အဝိုင်းခံထားရတဲ့ သူတို့ တပ်စခန်းဆီပို့ဖို့ ဝ တပ်စခန်းဆီမှာ လာခွင့်တောင်းတယ်။ ရိက္ခာ တာဝန်ယူပို့ပေမယ်ပြောတော့ ဗမာစစ်တပ် သဘော မတူဘူး။ ပြောကြဆိုကြ ငြင်းကြခုန်ကြနဲ့ မနေ့က တိုက်ပွဲဖြစ်တော့ မလိုလို တောင်ဖြစ် ခဲ့ရတယ်။ အင်အားဖြည့်ဖို့ ထပ်ရောက်လာကြတဲ့ ဝ တပ်ဖွဲ့ကိုလည်း လွယ်ဆမ်ဆုမ်မြန်မာ စခန်းက   ဖြတ်သန်းခွင့်မပေးဘူး။ လက်နက်မပါနဲ့။ စစ်ဝတ်စုံမဝတ်နဲ့လို့ပြောတယ်။ အဲတာကြောင့်အခု  လွယ်ပါကေထဲကို ဝ ဘက်ကလဲ ဝင်လို့မရ မြန်မာစစ်တပ်ကလဲဝင်လို့မရ အဲလိုအခြေ အနေဖြစ်နေ တယ်” ဟု ကုန်သည်တဦးလည်းဖြစ် သည့်အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

၎င်းကိစ္စအပါအဝင် နှစ်ဦးနှစ်ဘက်ကြား တင်းမာနေသော အခြေအနေကိုဆွေးနွေးဖြေရှင်းရန် MPC မှ ဂျူလိုင် လ ၆ ရက်နေ့ဟု ရက်သတ်မှတ်၍  ဝ တပ်ဖွဲ့ထံအကြောင်းကြားထားသော်လည်း ဝ တပ်ဖက်က အဆင်မသင့်သေးသဖြင့် ဂျူလိုင် ၁၂ ရက်သို့ပြောင်းရွှေ့ရန် လွန်ခဲ့ သော ၂ ရက်ကပင် အစိုးရထံပြန် လည်  အကြောင်းကြားခဲ့သည်ဟုဆိုပါသည်။

ထို့ကြောင့် ယမန်နေ့က ဝ တပ်ဖွဲ့မှ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံ  ဦးဆောင်သည့်   ပြည်ပဆက် သွယ်ရေးဌာနကြီးမှူး ကျောက်ကော်အန်း၊  အမှတ် (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင်  ၊ ဒုဦးစီးမှူး စိုင်းဆာမ် နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦး ပန်ဆန်းမြို့မှ ကျိုင်းတုံမြို့သို့ထွက်ခွါခဲ့ကြောင်း၊ မြန်မာဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဌ ၂ ဦးသိန်းဇော်မှလာ ရောက်ဆွေးနွေးမည်ဟုဆိုသဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်သာတွေ့ဆုံလို ကြောင်း ဝ ဘက်က ပြောဆိုနေသည်ဟုဆိုပါသည်။

ဆွေးနွေးပွဲကို   ဂျူလိုင် ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် ထိုပုဂ္ဂိုလ်က အတည်ပြုပြောဆိုပါသည်။