အာရက္ခဖေါင်ဒေးရှင်း နိုင်ငံရေး သင်တန်း တိုင်းရင်းသား လူငယ်ပေါင်းစုံ တက်ရောက်

အာရက္ခဖေါင်ဒေးရှင်း နိုင်ငံရေး သင်တန်း တိုင်းရင်းသား လူငယ်ပေါင်းစုံ တက်ရောက်
by -
နိရဥ္စရာ

အာရက္ခဖေါင်ဒေးရှင်းမှ  “ တိုင်းရင်းသားလူမျိုးများ နိုင်ငံရေး အမြင်ဖွင့် အသိပညာ ပေးသင်တန်း” တစ်ခုအား ရန်ကုန်မြို့တွင်  ဖွင့်လှစ်ခဲ့ရာ ရခိုင်လူငယ်များသာမက တစ်ခြား တိုင်းရင်းသား လူငယ်များလည်း တက်ရောက်နေကြောင်း သိရသည်။

၎င်းသင်တန်းအား ဇူလိုင်လ ၉ ရက် နံနက်  (၈)နာရီက ဖွင့်လှစ်ခဲ့ရာ တိုင်းရင်း ခေါင်းဆောင်များ ဖြစ်ကြသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်နှင့် အတွင်းရေးမှူး ဦးမျိုးကျော်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်းနှင့် ကရင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ကရက်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစောဟယ်ရီနှင့် အခြား တိုင်းရင်းသား ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

သင်တန်းသို့ တက်ရောက်နေကြသည့် သင်တန်းသားများမှာ ရခိုင်ပြည်မှ သင်တန်းသူ – သင်တန်းသား ၁၁ ဦး၊ မွန်ဒီမိုကရေစီပါတီမှ ၂ ဦး၊ ကယန်းမှ ၂ ဦး၊ ပလောင် တိုင်းရင်းသား ၂ ဦး၊ ရှမ်းတိုင်းရင်းသား ၂ ဦး၊ ကရင်တိုင်းရင်းသား ၂ ဦး နှင့် ဇိုမီးပါတီမှ ၁ ဦး အသီးသီး တို့ ဖြစ်ကြသည်။

သင်တန်း ဖွင့်ပွဲတွင် မွန်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်းက လူမျိုး တစ်မျိုးနှင့် တစ်မျိုး လေးစား ချစ်ခင်ဖို့ဆိုလျှင်  လူမျိုး တစ်မျိုး၏ သမိုင်းကြောင်းကို အခြား လူမျိုးတစ်မျိုးက သိရှိ နားလည်ရန် လိုကြောင်း၊ ထိုမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းက တက်ရောက်သူများကို အပြန်အလှန် နားလည်မူနှင့် ဗဟု သုတမျာကို တိုးပွားစေမည် ဖြစ်သဖြင့် အကျိုးရှိမည် ဖြစ်ကြောင်း  ပြောဆိုသည်။

ကရင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ကရက်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစောဟယ်ရီ မှလည်း  ယခု သင်တန်းမှာ တိုင်ရင်းသားများ ညီညွှတ်ရေး အတွက် တွန်းအားတစ်ခုကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် အတွင်း- အပြင် တစ်သံတည်း ထွက်ရန်လိုကြောင်း၊ ပန်းတိုင်မှာ အတူတူပင် ဖြစ်ကြောင်း ပြောသည်။

သင်တန်းကို ကမကထ ပြုလုပ်ပေးသည့် အာရက္ခဖေါင်ဒေးရှင်းမှ နာယက တစ်ဦး ဖြစ်သူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဦးအေးသာအောင်မှလည်း  တိုင်းရင်းသားဒေသ အသီးသီးမှ  လူငယ်များကို ပြည်ထောင်စုအသိ၊ ဖက်ဒရယ်အသိ ရှိစေရန်နှင့်  ၂၀၀၈ ဖွဲစည်းပုံ အကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ သမိုင်းကြောင်းကို သိရှိစေလို၍ ယခုလို သင်တန်းများ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း  ပြောဆိုသည်။

သင်တန်းကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ပါရမီလမ်း၊ အာရက္ခ ဖေါင်ဒေးရှင်း ( Aakkkha Foundation) သင်တန်း ခန်းမတွင် ပြုလုပ်နေကြောင်း သိရသည်။

သင်တန်းမှာ ဇူလိူင်လ ၁၈ ရက်နေ့မှ ပြီးဆုံးမည် ဖြစ်သည်။

သင်တန်း ပြုလုပ်နေသည့် အာရက္ခဖေါင်ဒေးရှင်းသည် နိုင်ငံတကာ (NGO) များထံမှ အထောက်အပံ့ဖြင့် ရပ်တည်နေသော အဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ အမေရိကန်ရောက် ရခိုင်များ၏ အကူအညီဖြင့် ရပ်တည်နေသော အဖွဲ့ ဖြစ်ပြီး ပညာရေး၊ လူမူရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းများကို အဓိက ဦးစားပေး လုပ်ကိုင်နေသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

အာရက္ခဖေါင်ဒေးရှင်းကို ၂၀၁၂မှာ စတင်ပြီး ဖွဲစည်းခဲ့ပြီး အဖွဲ့၏ နာယကများမှာ (၁) ပုသိမ်ဆရာတော် (စစ်တွေ)၊ (၂) အရှင် နာယက (အမေရိကန်)၊ (၃) ဦးအေးသာအောင်(ALD) တို့ ဖြစ်ကြသည်။

Most read this week