သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက်တောင်ကြော၌ ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် နှင့် မြန်မာအစိုးရ စစ်တပ်တို့ နှစ်ဘက်တပ်များအင်အားပြိုင်ဖြည့်ကာ အထပ်ထပ်ဝိုင်းရံနေကြောင်း ဒေသခံများကပြောသည်။
“မိုင်းဆတ်- တာချီလိတ်ကားလမ်းမှာရှိတာကြောင့် အဲဒီလွယ်ဆမ်ဆုမ်ဘက်မှာ မြန်မာစစ်တပ်က စခန်းထိုင်တယ်။ အဲဒီစခန်း ရဲ့တောင်ဘက် လွယ်ပါကေတောင်မှာ ဒီလဆန်းကစပြီး မြန်မာစစ်တပ်က ၀ တပ်ဖွဲ့ကို ဝိုင်းလိုက်၊ အပြင်မှာက ဝ က ပြန် ဝိုင်းလိုက်၊ မြန်မာကပြန်ဝိုင်းလိုက်နဲ့ အခုထိဝိုင်းနေကြတုန်း။ ပစ်ခတ်မှုတော့မရှိဘူး။ ကားအသွားအလာတော့တော်တော် ကျဲသွားတယ်။ အရင်က ၅ စီးဆိုရင် အခု ၁ စီးလောက်ဘဲသွားလာတော့တယ်။ အခြေအနေက တင်းမာနေတယ်” ဟု အဆို ပါလမ်း၌ ပြေးဆွဲ နေသူ ကားဆရာတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
လွယ်ပါကေ တောင်သည် လွယ်ဆမ်ဆုမ်တောင်၏ တောင်ဘက် ၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး လွယ်ဆမ်ဆုမ် ထက်ပိုမြင့် ကြောင်း၊ လွယ်ဆမ်ဆုမ်မှာမူ မိုင်းဆတ်မြို့နှင့် ၁၃ မိုင်ခန့်ဝေး၍ တာချီလိတ်မြို့မှ ၅၁ မိုင်ကွာဝေးကြောင်း ဆိုပါသည်။
တောင်ပိုင်းဝ တပ်ဖွဲ့အား မြန်မာစစ်တပ်မှ တပ်စခန်းဆုတ်ခိုင်းမှုကြောင့် နှစ်ဦးနှစ်ဘက်ဆက်ဆံရေး တင်းမာနေရာမှ ဆွေး နွေးကြရန် ယခုလ ၆ ရက် ကျိုင်းတုံမြို့၌ ရွေးချယ်ပြောဆိုထားကြသော်လည်း ၀ တပ်ဖွဲ့က အဆင်အသင့် မရှိသေးဟုဆိုကာ ၁၂ ရက်နေ့သို့ ထပ်မံရက်ရွှေ့ထားကြောင်း ၀ တပ်ဖွဲ့ တပ်မှူးများအသိုင်းအဝိုင်းကပြောပါသည်။
ပုံပါကျင်မြို့ နယ်ခွဲအခြေစိုက် UWSA တပ်ထုနှင့် လူထုကြားတွင်မူ RCSS ၏ နေပြည်တော်ခရီးစဉ်ကြောင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အစိုးရတပ်မတော်တို့ ပူးပေါင်း၍ ဝ တပ်ဖွဲ့အား တိုက်ခိုက်မည်ဟု သတင်းများပျံ့နှံ့နေသည်။
၎င်းနှင့်ပတ်သက်၍ RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က “ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းချင်လို့ သမ္မတကြီးနဲ့သွားရောက်တွေ့ဆုံဆွေးနွေးတာဖြစ်တယ်။ ၀ လူထုကြားက ပျံ့နေတဲ့သတင်းလိုမျိုး ကျနော်တို့ စိတ်ထဲမှာ လုံးဝ မစဉ်းစားမိပါဘူး ” ဟု ဖြေရှင်းပါသည်။
အလားတူ သျှမ်းပြည်တပ်မတော်အရာရှိတဦးကလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် ၁၉၈၉ ကတည်းက မြန်မာအစိုးရစစ်တပ်နှင့်ပူးပေါင်းကာ သျှမ်းပြည်တပ်မတော်အား တိုက်ခိုက်ခဲ့ဖူးသဖြင့် ထိုသို့ (ပြန်လည်လက်စားချေမည်ဟု) တွေးတောမိသည်မှာ သဘာဝကျကြောင်း၊ သို့သော် သျှမ်းပြည်တပ်မတော် အနေဖြင့် အငြိုးအတေးမထားကြောင်းကိုမူ အတည်ပြု အာမခံပြောဆိုနိုင်ကြောင်း သျှမ်းသံတော်ဆင့်အား ဖြေရှင်းချက်ပေးပါသည်။