မလေးရှားအစိုးရမှ အကြမ်းဖက်မှု တရားခံများ မဖော်ထုတ်နိုင်သေး

မလေးရှားအစိုးရမှ အကြမ်းဖက်မှု တရားခံများ မဖော်ထုတ်နိုင်သေး
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံသား အလုပ်သမား အများအပြား မလေးရှား၌ အကြမ်းဖက် သတ်ဖြတ်မှု ခံခဲ့ရပြီးနောက်  အကြမ်းဖက် သမားများအား မလေးရှား အစိုးရမှ ဖမ်းဝရမ်း ထုတ်ထားသော်လည်း ယနေ့အထိ တစ်ဦးတစ်ယောက်မျှ ဖမ်းမိနိုင်သေးခြင်း မရှိကြောင်း မလေးရှား ကပုန်း (၇) ရက် နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌက ဆိုပါသည်။

“ကနေ့အချိန်ထိ လူသတ်မှုနဲ့ပတ်သတ်ပြီး တရားခံ တစ်ယောက်မှ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး၊ ဒီကိစ္စမြန်မာ အာဏာပိုင်တွေဘက်က ဒီထက်ပိုပြီး ဖိအားပေးသင့်တယ်၊ ဖိအားပေးရာမှာလည်း မလေးရဲတွေက တွေ့သမျှမြန်မာနိုင်ငံသားတွေကို တွေ့ကရာ လိုက်ဖမ်းတာမျိုး မဟုတ်ပဲ အကြမ်းဖက် လူသတ် တရားခံ စစ်စစ်ကို ဖော်ထုတ်ဖို့ ဖိအားပေးသင့်တယ်” ဟု ကိုဆန်းဝန်းက ပြောသည်။

၂၀၁၃ ခုနှစ် ဇွန်လဆန်းတွင် စတည်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသား (၁၀) ဦးထက်မနည်း အကြမ်းဖက် အသတ်ခံရကာ၊ (၁၂) ဦးခန့် အတွင်းလူနာအဖြစ် ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူခဲ့ရသည်။

ယင်းအကြမ်းဖက် သတ်ဖြတ်မှုအတွက် သံသယရှိသူ (၃) ဦးအား မလေးရှား အစိုးရမှ ဖမ်းဝရမ်း ထုတ်ထားခဲ့သော်လည်း ယနေ့အထိ ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်းယခု နောက်ပိုင်းတွင် မလေးရှားရဲများက ယခင်ကထက် စစ်ဆေးမှု၊ စုံစမ်းဖော်ထုတ်ပေးမှုများ ပိုမို လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ကိုဆန်းဝင်းက ဆိုပါသည်။

မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာ အလုပ်သမား နှစ်သိန်းခန့် ၊ တရားမဝင် မြန်မာအလုပ်သမား နှစ်သိန်းခန့်၊ UNHCR မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ထားပြီး တတိယနိုင်ငံ ထွက်ခွာရန် စောင့်ဆိုင်း နေသူများ တစ်သိန်းခန့် စုစုပေါင်းမြန်မာနိုင်ငံသား ငါးသိန်းခန့်ရှိမည်ဟု မလေးရှား အစိုးရက မလေးရှား အစိုးရ သတင်းစာ၌ ထုတ်ဖော်ရေးသား ခဲ့ဖူးသည်။

လက်ရှိ အခြေအနေတွင်လည်း မြန်မာနိုင်ငံသားအများစုမှာ ၄င်းအကြမ်းဖက်သတ်ဖြတ်မှု ခံရမည့် စိုးရိမ်မကင်းစိတ်များ ရှိနေကာ တရားဝင်နည်းလမ်းဖြင့်သော်လည်းကောင်း တရားမဝင် နည်းလမ်းဖြင့် သော်လည်းကောင်း မြန်မာနိုင်ငံသို့ တဖွဲဖွဲပြန်နေကြလျက်ရှိသည်ဟု အထွေထွေ သပိတ်ကော်မီတီ  (၈၈) (မလေးရှား) မှ ကိုအောင်ကြီးကပြောသည်။

“မလေးမှာ ကျန်နေတဲ့ မြန်မာနိုင်ငံသား တွေကတော့ ဘယ်နေ့ ကိုယ့်အလှည့် ရောက်လာမလဲ ဆိုတာကို ရင်တမမနဲ့စိုးရိမ်နေကြတယ်” ဟုကိုအောင်ကြီးက ဆက်ပြောသည်။

ထိုသို့မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသား အလုပ်သမားများ အကြမ်းဖက် သတ်ဖြတ်မှုခံရခြင်းများအတွက် မလေးရှားအစိုးရမှ သက်ဆိုင်ရာ တရားခံများကို အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ရန် ဖိအားပေးသည့် အနေဖြင့် ပြီးခဲ့သည့်ဇွန်လ (၁၁) ရက်နေ့တွင် မြန်မာဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးဇင်ယော် နှင့်အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊ ပြည်ပ အလုပ်အကိုင် အေဂျင်စီ အသင်းချုပ်မှ ကိုယ်စားလှယ် (၆) ဦးနှင့် အလုပ်သမား အေဂျင်တခုမှ ကိုယ်စားလှယ် တစ်ဦးလည်း ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့မလေးရှား အစိုးရ သက်ဆိုင်ရာများနှင့် သွားရောက် ညှိနှိုင်းခဲ့ပြီးလည်းဖြစ်သည်။

၄င်းနောက်ပိုင်းတွင် အကြမ်းဖက် သတ်ဖြတ်ခံရမှု ငြိမ်သက်သွားခဲ့သော်လည်း ပြီးခဲ့သည့် သောကြာနေ့ ဇူလိုင်လ (၆) ရက်နေ့တွင် ပြန်လည်ဖြစ်ပွားခဲ့ပြီး မလေးရှားနိုင်ငံ ဆူဗန်းမေဝတွင် ကားပြင်စက်ရုံ မြန်မာအလုပ်သမား တစ်ဦး ထပ်မံ အသတ်ခံခဲ့ရသည်။

“ဇူလိုင်လ (၆) ရက်နေ့နေ့လည် ၁၂ နာရီလောက်မှာ ရေမြောင်းထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်။ သေတာက ညကတည်းက သေဆုံးပုံ ရတယ်လို့ ယူဆကြောင်း” ဟု အသတ်ခံသူ၏ ဇနီးအပြောကို ကိုးကား၍ ကိုအောင်ကြီးက ပြောသည်။

ထိုအသတ်ခံရသည့် မြန်မာနိုင်ငံသား ကိုရဲဝင်းထွန်း အလောင်းအားလည်း ဆူဗန်းဂျာရာမြို့မှ သက်ဆိုင်ရာ ရဲနှင့် ကပုန်း (၇) ရက်သားသမီး နာရေးကူညီမှု အသင်းတို့မှပီဂျေ ယူနီဗာစတီ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ သက်ဆိုင်ရာ မလေးရှား အာဏာပိုင်များမှလည်း ယင်းအလောင်းအား ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်နေကာ ၄င်းနောက် ခွင့်ပြုချက် ရပြီးမှသာ သင်္ဂြိုလ်နိုင်မည်ဖြစ်ကာ တစ်ပတ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းကြောင်း ၄င်းက ဆက်ပြောသည်။