ညီနောင် တိုင်းရင်းသား ဖက်ဒရေးရှင်း (NBF) အဖွဲ့သည် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာမူဘောင် (frame work) များ ရေးဆွဲနိုင်ရေးအတွက် အမြင်သဘောထားများ ရယူရာတွင် အမေရိကန် ပညာရှင်များနှင့်လည်း ထပ်မံဆွေနွေးရန် ရက်သတ်မှတ် လိုက်ပြီးဖြစ်သည်ဟု NBF မှ ပြောရေး ဆိုခွင့်ရှိသူ စောသန်းမြင့်က ဆိုပါသည်။
"ဇူလိုင် (၁၃) နဲ့ (၁၄) ရက်နေ့မှာ frame work လုပ်မှာပေါ့။ နေပြည်တော်မှာ ရှိတဲ့ ရတနာသိင်္ခ ဟိုတယ်မှာဘဲဆက် လုပ်မှာပါ။ ဆွေးနွေးမှာက ပြီးခဲ့တဲ့ ဇူလိုင် (၇)ရက်နေ့မှာ လုပ်ခဲ့တဲ့ နေပြည်တော်ပွဲကိုဘဲ အခြေခံမှာပါ။ ID GROUP ဆီက ရတဲ့ အချက်လက်တွေကို အသေးစိတ်ကို ယူမယ်။ အဲဒီက ရတဲ့ အချက်လက်တွေကို ပညာရှင်တွေနဲ့ ဆွေးနွေးမယ် ပြီးမှ အစည်းဝေးခေါ်ပြီး အချိန်မှီ ဆုံးဖြတ်မှာပါ” ဟု ဆိုပါသည်။
ပြီးခဲ့သည့်ဇူလိုင်လ (၇) ရက်နေ့ ဆွေးနွေးပွဲတွင် ပြည်သူ့လွတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး၊ NBF ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ် (၂၀) ဦး တက်ရောက်ပြီး နေပြည်တော် ရတနာသိင်္ခ ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲကို သမ္မတ အကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းမွန်ကျွန်းလျံက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သူ ဦးဦးလှစောက ဆိုပါသည်။
ဒေါက်တာသည် Federalism နှင့် ပတ်သတ်သည့် ကိစ္စကို အဓိက ပြောဆိုခဲ့ပြီး တက်ရောက်သူများက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ၌ တိုင်းရင်းသားများ အတွက် ကာကွယ်ပေးရေး၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် တန်းတူညီမျှမှု အခွင့်အရေးပေါ်ပေါက်လာရန် အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြုပြင်ရေး ဘက်ကို အဓိကထား ဆွေးနွေးဖြစ်ခဲ့သည်ဟု ဆိုပါသည်။
ထို့အပြင် အဆိုပါ ဆွေးနွေးပွဲတွင် Federalism နှင့်ပတ်သတ်သည့် သိသင့်သိထိုက်သည့် အချက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ၏ အားနည်းချက်များ၊ ဖွဲ့စည်းပုံကို ပြုပြင်ပြီး ဖရယ်စနစ်ကို အကောင်းအထည် ဖော်လျှင် တွေ့ကြံုရမည့် အခက်ခဲနှင့် ပြင်ဆင်ရမည့် အပိုင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
လွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုုပ်ပုံကို ပြန်လည် ဆန်းစစ်ရန် ကော်မတီ ဖွဲ့ထားသည့် အထဲတွင် တိုင်းရင်းသား အမတ်များလည်း များစွာ ပါ၀င်နေကြောင်း၊ ယင်းလွတ်တော် အမတ်များမှ တဆင့် NBF တင်ပြလိုသော အချက်အလက်များ အချိန်မှီ တင်ပြနိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ဦးဦးလှစောကဆိုပါသည်။
ဤသို့ကြောင့်၂ ရက်တာ ကျင်းပခဲ့သည့် ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိသော အချက်အလက်များကို အမေရိကန်မှ ပညာ ရှင် (၃) ဦးကို ထပ်မံ ဖိတ်ခေါ်ပြီး အပြန်အလှန် ဆွေးနွေးသွားရန် ဇူလိုင်လ (၁၄) ရက်နေ့ကို ရက်သတ်မှတ်လိုက်ခြင်းဖြစ် သည်ဟု ဆိုပါသည်။
NBF သည် အမေရိကန် ပညာရှင်များနှင့် ဆွေးနွေးပြီးနောက် ရရှိလာသည့် အချက်များအပေါ် ဆုံးဖြတ်နိုင်ရန် ထပ်မံ စည်းဝေးရန် ရှိပါသည်။ ယင်းအစည်းအဝေးမှ ရရှိသည့် ဆုံးဖြတ်များကို ၂၀၀၈ ဖွဲ့စည်း အုပ်ချုုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် ဆန်းစစ်သည့်ကော်မတီသို့ အချိန်မှီ တင်ပြမည်ဖြစ်ပါသည်။
ညီနောင် (၁၅) ပါတီသည် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာများကို ကြိုးစားနေသလို Federal Union Party (FUP) ပါတီ ဖွဲ့စည်းရန် ကြိုးစားနေပါသည်။ ဤအစီအစဉ်ဖြင့် ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ညီလာခံ ကျင်းပခဲ့ ကြပါသည်။
FUP ဖွဲ့စည်းခြင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အဓိကထား ယှဉ်ပြိုင်ရန် အဓိက ရည်ရွယ်ထားသည့် ပါတီ ဖြစ်ပြီး FUP ကို ဖွဲ့စည်းပြီးပါက ပါတီ မှတ်ပုံတင် သွားမည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံရေးပါတီ (၅၆) ပါတီ ရှိသည့် အနက် တိုင်းရင်းသား ပါတီသည် (၃၀) ခန့် ရှိသည်ဟု ဆိုပါသည်။