ဗုဒ္ဓဂါယာတွင် တနင်္ဂနွေနေ့က ဖြစ်ပွါးခဲ့သော ဆက်တိုက် ဗုံးပေါက်ကွဲမှုများသည် ဆော်ဒီ အာရေးဗျနိုင်ငံ Jeddah မြို့တွင် ပြုလုပ်နေသော မြန်မာ နိုင်ငံအရေး အစ္စလာမ္မစ် ကွန်ဖရင့်နှင့် ချိန်ကိုက်ပြုလုပ်
လေသလားဟု အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်း သတင်းစာကြီးက မေးခွန်းထုတ် ရေးသားလိုက်သည်။
ထို ကွန်ဖရင့်မှာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ မူဆလင်များအပေါ် ကျူးလွန်ခဲ့သော ကြမ်းကြုတ် ရက်စက်မှုများကို မီးမောင်းထိုးပြမည့် ကွန်ဖရင့်ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ မူဆလင်ဘာသာဝင်များ ခံစားနေရသည့် ဆင်းရဲဒုက္ခများကို မီးမောင်းထိုးပြနိုင်ရန် ရခိုင် ရိုဟင်ဂျာသမဂ္ဂ (ARU) က Jeddah မြို့တွင် တနင်္ဂနွေနေ့က ကွန်ဖရင့်တရပ်ကို စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့က သူတို့သည် ကမ္ဘာတဝှမ်းရှိ ရိုဟင်ဂျာများကို ကိုယ်စားပြုသည့် တရားဝင် ကိုယ်စားလှယ်အဖွဲ့ဖြစ် သည်ဟုလည်း ဆိုသည်။
ထောက်လှမ်းရေးက သံသယဖြစ်နေသူများ
ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများသည် မြန်မာနိုင်ငံရှိ မူဆလင်များအပေါ် ဗုဒ္ဓဘာသာဝင်များက ကျူးလွန်ခဲ့သည်ဟု ဆိုသည့် ရက်စက်ကြမ်းကြုတ်မှုများအပေါ် ကန့်ကွက်သည့်အနေနှင့် အိန္ဒိယ မူဂျာဟေဒင် (IM) အဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အိန္ဒိယ လုံခြံုရေး အေဂျင်စီများက အကြီးအကျယ် သံသယရှိနေကြသည်။
၎င်းတို့ သံသယဖြစ်နေသည့်အဖွဲ့မှာ IM တခုတည်းမဟုတ်ဘဲ ရိုဟင်ဂျာ သွေးစည်းရေးအဖွဲ့ (RSO) လည်း ပါဝင်သည်။ ယင်းအဖွဲ့သည်ယခုအခါ တောင်အာရှ ဒေသတခုလုံးတွင် အကြမ်းဖက် လှုပ်ရှားမှုများ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး လက်စားချေရန် ရည်ရွယ်ချက်ဖြင့် အာဆီယံ နိုင်ငံများတွင် မတည်မငြိမ်ဖြစ်စေရန် ပြောက်ကျား တိုက်ပွဲများ ပြုလုပ်နေသည့် အဖွဲ့လည်း ဖြစ်သည်။
“ဒီအဖွဲ့ကို စတင်ထူထောင်သူများဖြစ်ကြတဲ့ မော်လာနာ အဏ္ဏဝါ (Maulana Anawar) နဲ့ ဒေါက်တာ ယူနွတ်စ် (Dr. Younus)တို့ မြန်မာနိုင်ငံကို ဇန်နဝါရီ လဆန်းပိုင်းက ပြန်လည် ဝင်ရောက်လာကြတယ် ဆိုတဲ့သတင်းကို ကျနော်တို့ရဲ့ ပြည်ပထောက်လှမ်းရေးအဖွဲ့ (RAW) ဆီက ရတဲ့အချိန်ကတည်းက သူတို့ကို စိတ်ဝင်တစား
စောင့်ကြည့်နေတာဖြစ်ပါတယ်” ဟု ထောက်လှမ်းရေးဗျိူရို (IB) အရာရှိတဦးအား ကိုးကား၍ ဟိန္ဒူစတန်တိုင်း သတင်းစာကြီးက ရေးသားသည်။
စစ်အစိုးရက ထိုအဖွဲ့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းပြီးနောက် အဆိုပါ ခေါင်းဆောင် နှစ်ဦးသည် လန်ဒန်နှင့် ဆော်ဒီအာရေးဗျ နိုင်ငံများသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။ သူတို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မာရီချာ (Marichar) ခရိုင်တွင် စစ်အခြေစိုက်စခန်းနှင့် လေ့ကျင့်ရေး စခန်းတို့လည်း ရှိသည်ဟု IB က ဆိုသည်။
“သူတို့ သင်တန်းဆရာတွေထဲမှာ အူဇဘက်ကစ္စတန် အစ္စလာမ်လှုပ်ရှားမှု (IMU) အဖွဲ့နဲ့ ခါဇတ်စတန် အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ (IMK) စတဲ့ အဖွဲ့တွေကလည်း ပါကြပြီး ဘင်္ဂလာဒေ့ရှ် ဒေသခံ အဖွဲ့များဖြစ်ကြတဲ့ Hafiat-e-Islam နဲ့ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ ISI က ကျောထောက်နောက်ခံ ပေးထားတဲ့ Lashkar-e-Taiba (LeT) တို့ရဲ့အကူအညီတို့နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါအရာရှိက ပြောကြောင်း ဆက်လက်ရေးသားထားသည်။
မြန်မာအစိုးရနှင့် ဒေါ်စု ဝေဖန်
ဇူလိုင်လ ရ ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် မဟာဗောဓိ ပရဝုဏ်အတွင်းတွင် ဗုံးလေးလုံး အပါဝင် ဗုဒ္ဓဂယာတွင် စုစုပေါင်း ဗုံး ၁၃ လုံးအနက် ကိုးလုံး ပေါက်ကွဲခဲ့ရာ မြန်မာ သံဃာတော် တပါးနှင့် တိဘက် လူမျိုးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ်တင်ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက် အပေါ် ထိခိုက် တုန်လှုပ်မိရကြောင်းနှင့် လုံခြံုရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai နှင့် တနင်္လာနေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ကြကြောင်း အိန္ဒိယ သတင်းစာများက ရေးသားသည်။
အိန္ဒိယ အတွင်းဝန် အနေနှင့်လည်း အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းရရှိသမျှကို မြန်မာနိုင်ငံသို့ မျှဝေမည်ဖြစ်ပြီး နှစ်နိုင်ငံ လုံခြံုရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့သည်။
လုံခြံုရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။
ဗုဒ္ဓဂယာ အရပ်ဒေသမှာ ဗုဒ္ဓဘုရား ပွင့်တော်မူရာ အရပ်ဖြစ်၍ ကမ္ဘာတဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့် မြန်မာ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့မှ ဘုရားဖူးများ လာရောက်လေ့ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှု များကြောင့် အိန္ဒိယအနေဖြင့် သံတမန် ဆက်ဆံရေးတွင် ထိုနိုင်ငံများနှင့် အရှက်ရဖွယ် ဖြစ်ခဲ့ရသည်။