လစာတစ်သိန်းအထက်ရပါက ဆမ်ဆောင်းပစ္စည်းများ အရစ်ကျဝယ်နိုင်ပြီ

လစာတစ်သိန်းအထက်ရပါက ဆမ်ဆောင်းပစ္စည်းများ အရစ်ကျဝယ်နိုင်ပြီ
by -
မဇ္ဈိမ

လစာ တစ်သိန်းအထက်ရရှိသော ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအတွက် ဆမ်ဆောင်း အမှတ်တံဆိပ်ဟန်းဆက်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည်ဟု ဆမ်ဆောင်းအမှတ်တံဆိပ်ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် O2 Mobile မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

၀ယ်ယူနိုင်သည့်ပစ္စည်းများမှာ ဆမ်ဆောင်းအမှတ်တံဆိပ်ဟန်းဆက်၊ တက်ဘလက်နှင့် အီလက်ထရွန်း နစ်ပစ္စည်းများကို ခြောက်လ၊ တစ်နှစ်၊ တစ်နှစ်ခွဲမှ နှစ်နှစ်အထိ နှစ်ကာလ အပိုင်းအခြားအလိုက် အရစ်ကျ စနစ်ဖြင့် ဗိုလ်အောင်ကျော်လမ်း၊ BAK တာဝါအနီးရှိ Samsung Brand Showroom တွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။

Samsung Showroom မှ တာဝန်ရှိသူက “လစာတစ်သိန်းနဲ့အထက်ရတဲ့ ၀န်ထမ်းတွေကို ရောင်းပေး သွားမယ်။ အရစ်ကျအနေနဲ့ ဟန်းဆက်ဆိုရင် ခြောက်လ၊ တစ်နှစ်ဆိုပြီး ခွဲပေး နိုင်ပြီး အီလက်ထရွန်းနစ် ပစ္စည်းဆိုရင်တော့ တစ်နှစ်ခွဲ၊ နှစ်နှစ်ဆိုပြီး ခွဲပေးနိုင်တယ်”ဟု ပြောသည်။

အရစ်ကျစနစ်ဖြင့်ဝယ်ယူရန် လျှောက်ထားရာတွင် နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ နေထိုင် သည့်ရပ်ကွက်မှ နေထိုင်ကြောင်းထောက်ခံစာ ယူဆောင်လာရမည့်အပြင် ကုမ္ပဏီမှ တာဝန်ရှိသူ၏ ထောက်ခံစာများ ယူဆောင်လာပြီး Samsung Showroom တွင် လာ ရောက်လျှောက်ထားရမည်ဖြစ်သည်။ ပစ္စည်းလာ ရောက်ထုတ်ယူရာတွင် application fee (စာရွက်စာတမ်းကြေး) ကျပ် ၅၀၀၀ ပေးသွင်းရမည်ဖြစ်သည်။ အထက်ပါတာဝန်ရှိသူက “ရန်ကုန်မြို့အတွင်းနေထိုင်သူဖြစ်ပြီး ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူတွေ ယူလာ ရင်ရပါတယ်။ အဲဒါကိုမှန်ကန်ကြောင်း စိစစ်ပြီးတဲ့အခါ ပစ္စည်းလာရောက်ထုတ်ယူဖို့ Message  ပို့ပေးမယ်”ဟုု ပြောသည်။

စတင်ဝယ်ယူရာတွင် အရစ်ကျငွေကြေး ပေးသွင်းရန် မလိုသေးဘဲကျပ် ၅၀၀၀ သာပေးရမည်ဖြစ်ကာ ပစ္စည်းထုတ်ယူသောလ၏ လကုန်ရက်ရောက်မှသာ ပထမအရစ်ငွေကြေး ပေးသွင်းရမည်ဖြစ်သည်။ အရစ်ကျဝယ်ယူရာတွင်ပေးသွင်းသည့် ကာလအပိုင်း အခြားအလိုက် အတိုးနှုန်းကွာခြားမည်ဖြစ်ပြီး ခြောက်လ အရစ်ကျဆိုပါက အတိုးနှုန်းမှာ ပစ္စည်းတန်ဖိုး၏ ၁ ဒသမ ၄ ရာခိုင်နှုန်းပေးရမည်ဖြစ်သည။်

ယင်းအတိုးနှုန်းကို အရစ်ကျဝယ်ယူမည့်ကာလအလိုက် စုစုပေါင်းတွက်ချက်ထားပြီး လစဉ်ပေး သွင်းငွေတွင် ခွဲသွင်းရမည်ဖြစ်သည်။ ၀န်ထမ်းတစ်ဦးလျှင် ပစ္စည်းတစ်မျိုး တည်းသာ ရောင်းချပေးသွားမည်ဖြစ်သည်။

Most read this week