၂၀၁၅ ခုနှစ်တွင် ကလေးစစ်သား ပပျောက်မည်ဟု ILO ယုံကြည်

၂၀၁၅ ခုနှစ်တွင် ကလေးစစ်သား ပပျောက်မည်ဟု ILO ယုံကြည်
by -
ရွှေဟင်္သာ

 မြန်မာ့ တပ်မတော်မှ သဘောတူထားသည့် ကလေးစစ်သား ပပျောက်ရေး အစီအစဉ်သည် ၂၀၁၅ ခုနှစ် မတိုင်မီအားလုံး ပြန်လွှတ်ပေး နိုင်ဖွယ် ရှိသည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာILO ဌာနေ ကိုယ်စားလှယ်Mr. Stephen က ဆိုပါသည်။

“အခုလက်ရှိ တပ်မတော် ထဲမှာ ကလေးစစ်သား ရှိနေဆဲပဲ ဆိုတာတော့ ယုံကြည်ပါတယ်။ ကလေး စစ်သားနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေ ရှေ့တန်း တပ်စခန်း တွေကနေ ထွက်ပြေးနေတာတွေ ရှိနေတယ်ဆိုတာ ကျွှန်တော်တို့ သိနေရပါတယ်၊ ဒါကြောင့် ကလေးစစ်သားတွေ ရှိနေဆဲဘဲ ဆိုတာ ယုံကြည် နေတာပေါ့” ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့၌ မြန်မာ့ တပ်မတော်သည် တတိယ အကြိမ်မြောက် ကလေးစစ်မှုထမ်း (၄၂) ဦးအား ထပ်မံ လွှတ်ပေးခဲ့သည်။၂၀၁၂ စက်တင်ဘာလတွင် ကလေးစစ်သား (၄၂) ဦးကို ဒုတိယ အကြိမ်မြောက် လွှတ်ပေးပြီး ပထမ အကြိမ်ကို  ကလေးစစ်သား၂၄ ဦးဖြင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် လွှတ်ပေး ခဲ့ပါသည်။

ဤမျှ လွှတ်ပေးယုံနှင့် မြန်မာ့ တပ်မတော်တွင် ကလေးစစ်သား မရှိ သလောက် နီးပါးဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာ များအား ထုတ်ဖော် ပြောကြားခဲ့ဘူးပါသည်။

မြန်မာ့ တပ်မတော်တွင် ကလေးစစ်သား မည်မျှရှိသည်ကို စာရင်း အတိအကျနှင့် မသိရှိရကြောင်းနှင့် တပ်မတော်၏ တပ်တွင်းထိ ဝင်ရောက် စုံစမ်းရန်လည်း မဖြစ်နိုင်ကြောင််း Mr. Stephen မှ ဆိုပါသည်။

ILO သည် ၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကြောင့် စုံစမ်း စစ်ဆေးမှုများ ဖြစ် ပွားခဲ့ပါသည်။ ယင်းစုံစမ်း စစ်ဆေးမှုမှ အရွယ် မရောက် သူများ အဓမ္မ တပ်သားသစ် အဖြစ် စုဆောင်းခြင်း ခံရသည့် အဖြစ်အပျက်များ တွေ့ရှိလာခဲ့ပါသည်။

ထိုအချိန်မှ စပြီး ILO သည် ကျွမ်းကျင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ ဖြစ်လာခဲ့ပါသည်။ ILO ၏ ဖိအားပေးမှုကြောင့် မြန်မာ အစိုးရသည် (၃) နှစ်အတွင်း ကလေးစစ်သား ပပျောက်ရေးနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကို ပံ့ပျောက်ရန် (၂၀၁၂) ခုနှစ် ဧပြီလ (၂၈) ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး သဘော တူခဲ့ရပါသည်။

“ အဲဒီ လက်မှတ် ထိုးပွဲမှာ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်မှတ် ထိုးခဲ့တာဖြစ်ပါတယ်” ဟု ဆိုပါသည်။  

ဤသဘော တူညီမှုအရ မြန်မာ့ တပ်မတော်သည် ကလေးစစ်သား ပံ့ပျောက်ရေးကို ထိရောက်စွာ အရေးယူလာသဖြင့် ယခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော ILO  နှစ်ပတ်လည် ညီလာခံမှ မြန်မာနိုင်ငံအား စီးပွားရေးအရ အရေး ယူထားမှုကို ကင်းလွတ်ခွင့် ပေးခဲ့ပါသည်။ သို့သော် ကလေးစစ်သား ပံ့ပျောက်မှုကို စာချုပ်အတိုင်း အပြီးတိုင် ဆောင်ရွက်သွားရန်  တာဝန် ရှိနေဆဲဖြစ်ပါသည်။

မြန်မာ အစိုးရသည် ကလေးစစ်သား ပပျောက်ရေးကိုILO နှင့် လက်မှတ်ရေးထိုးသလို UN လုံခြံုရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ အရွယ် မရောက်သေးသည့် ကလေး သူငယ်များအား စစ်သားအဖြစ် အသုံးပြုနေမှုကို ၂၀၁၅ မတိုင်မီ ရှာဖွေ ဖော်ထုတ်ပြီး စစ်တပ်မှ နှုတ်ထွက်ခွင့် ပြုရေး သဘောတူညီချက်ကိုလည်း သဘောတူ ထားပါသည်။

မြန်မာ အစိုးရသည်သဘော တူချက်အတိုင်း ၂၀၁၅ ခုနှစ် မတိုင်မှီ ကလေးစစ်သား အသုံးပြုနေမှု ပပျောက်ရေး လုပ်ငန်းများ၏ တိုးတက်မှုကို ILO အား နှစ်စဉ် တင်ပြ သွားရမည်ဖြစ်ပါသည်။  အကယ်၍ တင်ပြနိုင်ခဲ့ခြင်း မရှိခဲ့လျှင် အိုင်အယ်အို အုပ်ချုပ်ရေး အဖွဲ့သည် နှစ်စဉ် ဇွန်လ၌ ကျင်းပသည့် ILO ညီလာခံသို့ တင်ပြပြီး ပြန်လည် သုံးသပ်ခြင်း ခံရပါက ယခုနှစ်၌ ရရှိထားသော စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ခွင့် အခွင့်အရေးလည်း ထိခိုက်နိုင်ဖွယ်ရာ ရှိသွားနိုင်ကြောင်း ဆိုပါသည်။

ဤသို့ကြောင့် ၂၀၁၅ ခုနှစ် မတိုင်မှီ မြန်မာ့ တပ်မတော်သည် ကလေးစစ်သား အသုံးပြုမှု ပ့ံပျောက်ရန် လုပ်ဆောင်သွား လိမ့်မည်ဟု ယုံကြည်ကြောင်း Mr. Stephen ကဆိုခြင်း ဖြစ်ပါသည်။ စာချုပ်အရ မြန်မာ့ တပ်မတော်တွင် ကလေးစစ်သား အသုံးပြုမှု ကင်းရှင်းကြောင်း တပ်ဖွဲ့ အသီးသီးသို့ ၀င်ရောက် လေ့လာ ဆန်းစစ်ခွင့် ရှိပါသည်။

ရန်ကုန် အခြေစိုက် ILO ရုံးချုပ်သည် ကလေး စစ်သားနှင့် ပတ်သက်၍ တိုင်ကြားချက်များကို လက်ခံ ဆောင်ရွက် ပေးခြင်း၊ တွေ့ရှိချက်များကို အစိုးရနှင့် ညှိနှိုင်းပြီး မိသားစုထံပြန်လည် အပ်နှံပေးခြင်း၊ ကလေးများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးခြင်း၊ ကလေးစစ်သား အကြောင်းကို သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှ တဆင့် ပညာပေးခြင်း စသည့် လုပ်ငန်းများလုပ်ဆောင်နေပါသည်။