လူထုအားထားရတဲ့ ငွေတောင်ဆည်လမ်း အလေးလွန်ကားများကြောင့်ပျက်စီး

လူထုအားထားရတဲ့ ငွေတောင်ဆည်လမ်း အလေးလွန်ကားများကြောင့်ပျက်စီး
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှ နှစ်ပေါင်းများစွာ အများပြည်သူ အားကိုအားထားလာခဲ့ရတဲ့ ငွေတောင်ဆည် ရေလှောင်တာမံကန် ကြီးရဲ့ တာဘောင်လမ်းမှာ ၀ိတ်ကြီးတဲ့ကုန်တင်ကားကြီးတွေသွားလာမှု ဒဏ်မခံနိုင်တော့ဘူးလို့ ပြည်နယ် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီး ဦးချစ်လှက ပြောပါတယ်။

ဝန်ကြီးက "ကုန်တွေတင် သစ်လုံးတွေတင် ကန်ပေါင်ပေါ်မှာ အနှစ်နှစ်လလ ဖြတ်သန်းတဲ့အခါရေကိုထိမ်းသိမ်း နိုင်တဲ့တာပေါင်က ကြာရှည် ကြံ့ခိုင်မှုက အားနည်းသွားပြီ" လို့ ပြောပါတယ်။

ဒေသခံတွေက ၎င်းဆည်ရေကို အဓိက စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် မှီခိုအားထားနေကြရ တာဖြစ်ပါ တယ်။ ငွေတောင် ဆည်ကန်ရဲ့ တာဘောင်လမ်းမကြီးမှာ ဆည်ရေကိုထိမ်းသိမ်းဖို့အတွက် ကြံ့ခိုင်မှုမရှိတော့ လို့ တာဘောင်ရဲ့ အောက်ဘက်မှာ ကားကြီးတွေ သွားလာနိုင်ဖို့  လမ်းအသစ်ထပ်မံဖောက်လုပ် တိုးချဲ့သွားမှာဖြစ်ပါတယ်။

ငွေတောင်ဆည်တာဘောင်လမ်းက လွိုင်ကော်ကနေ ဖားဆောင်း၊ မယ်စဲ့ ထိုင်းနယ်အစပ်အထိ နေ့စဉ်နှင့်အမျှ ကုန်တင်ကားတွေ ၊ သစ်လုံးတင်ကားတွေ အဆက်မပြတ်သွားလာနေကြတဲ့ အဝေးပြေးလမ်းမဖြစ်တဲ့အတွက် တာဘောင်လမ်းမှာ ပျက်စီးနေပြီဖြစ်လို့ မကြာခဏ ပြုပြင်နေကြရတာဖြစ်ပြီး ရေရှည်အတွက်စိုးရိမ်နေကြရ တာဖြစ်ပါတယ်။

အဝေးပြေးလမ်းမကြီးအနေဖြင့် ယခုလို ငွေတောင်ဆည်တာဘောင်ပေါ်တွင် နှစ်ပေါင်းကြာရှည်စွာမရှိသင့်တော့ ဘူးလို့ ပြည်နယ် အင်ဂျင်နီယာ မှူးကြီး ဦးခင်မောင်ဖြူက ပြောပါတယ်။

အင်ဂျင်နီယာ မှူးကြီး ဦးခင်မောင်ဖြူက "တကယ်တမ်းကျတော့၊ ဆည်ပေါ်မှာ ကားလမ်းဆိုဒါ မရှိသင့်ဘူးပေါ့၊  High way ကားဘဲပေါ့ ၊ ဆည်ကို စစ်ဆေးတဲ့  ဟို  Especially rule လို့ ခေါ်ဒါပေါ့ ဆည်တွေ တာတွေ ဒီ ဆည် ကြီး ကို လိုက်စစ်ဆေးတဲ့ ဆည်မြောင်း ဖောက်ထားတဲ့ လမ်းတွင်ကရှိဒါပေါ့ ၊ အခု High way ပေါ့နှော် အဝေးပြေးလမ်းမကြီးဆိုဒါ ဆည် ဘောင်ပေါ် မှာ ဖြတ်သွားတယ်ဆိုတာ  ဘယ်မှာ မှ မရှိဘူးလေး" လို့ ပြောပါတယ်။

လာမည့်နှစ်တွင် စီမံကိန်းစတင်ပြုလုပ်ဖို့စီစဉ်ထားကြောင်း ပြီးစီးသွားပါက လက်ရှိ သွားလာနေသည့်တာ ဘောင်လမ်းကို ကားငယ်များကိုသာသွားခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ တာဘောင်  ရဲ့အောက် မှာ လမ်းသစ်ဖောက်မယ် ၊ တံတားသုံးဆင့် လောက်ထိုးထားမယ်။ လမ်းကတော့ သာမန်လမ်းပေါ့။  မြေကြီးတွင် ဖို့ပြီးတော့ ဖောက်မယ် ၊ အဲ့ဒီတော့ လမ်းကနှစ်လမ်းဖြစ်သွား မှာပေါ့ ၊ အပေါ်တစ်လမ်းလဲကျန်ခဲ့မယ် အောက်တစ်လမ်းလည်း ဖြစ်ရမယ် " လို့အင်ဂျင်နီယာမှူးက ပြောပါတယ်။

ယခုအသစ်ဖောက်မည့်တာဘောင်အောက်လမ်းကိုတော့ အနည်းဆုံးကားနှစ်စီး သွားလာလို့ရမည့်အကျယ်ခန့် ဆောက်လုပ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

ငွေတောင်ဆည် ရေလှောင်တမံကို ၁၉၆၂ ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တာဘောင်လမ်းမှာ ကန်ရေပြင်အလျား ပေ ၁၂၀၀၀နှင့် ကန်ရေပြင်ရဲ့အကျယ်ပျှမ်းမျှ ၂၂၅၀ ပေရှိပါတယ်။