တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့WGEC ( Working Group for Ethnic Co-ordinating) သည် နှစ်ရက်တာ အစည်းအဝေး ကျင်းပပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော တိုင်းရင်းသား ညီလာခံ တစ်ရပ် ဖြစ်ပေါ်လာရေးနှင့် နယ်စပ် တစ်လျှောက်ရှိ တိုင်းရင်းသား အဖွဲ့အစည်းများ နောက်ထပ် ညီလာခံ တစ်ရပ် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သော ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။
“ အစည်းဝေးကိုတော့ ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ဇူလိုင် ၃ ရက် ၄ ရက်နေ့မှာ ကျင်းပခဲ့တယ်။ အဓိက ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံ တစ်ရပ်ဖြစ်လာဖို ့ UNFC နဲ့ ညှိနှိုင်းမယ်။ နောက်တစ်ခုက WGEC အဖွဲ့ကို ဆက်လက် ထားသင့် မသင့် နောက်လမှာ ညီလာခံခေါ်ပြီး ဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟုဆိုပါသည်။
WGEC သည်သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဖွဲ့စည်းထားသော အလုပ်အဖွဲ့ ဖြစ်ပါသည်။ဤအလုပ်အဖွဲ့သည် UNFC နှင့် အစိုးရတို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် အခါ UNFC အဖွဲ့ဝင် မဟုတ်သော အခြား တိုင်းရင်းသား အဖွဲ့များ၏ အမြင် သဘောထားများ ရယူရန်ဆောင်ရွက် ပေးရေးပင်ဖြစ်ကြောင်း UNFC အရာရှိ တစ်ဦးကဆိုပါသည်။
ဤသို့ကြောင့် WGEC သည်ပြည်တွင်းပြည်ပရှိ UNFC မဟုတ်သော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောထား တူညီသော လမ်းပြမူ (၆) ချက် ရရှိခဲ့ပါသည်။ ဤသည်UNFC မှပေးသော WGEC ၏ တာဝန်ဖြစ်ပြီးတာဝန် ပြီးဆုံးပါက WGEC အဖွဲ့ကို UNFC မှ အလိုအလျှောက် ဖျက်သိမ်းခဲ့သည်ဟု၄င်းက ဆိုပါသည်။
သို့သော် WGEC တွင်ပါ၀င်သော UNFC အဖွဲ့ဝင် မဟုတ်သည့်တခြား တိုင်းရင်းသားများကမူ WGEC သည် ပြည်ပရှိ တိုင်းရင်းသားများ ညီလာခံ တစ်ခုမှဖွဲ့စည်းပေးထားသည့် အတွက် အဆိုပါ ညီလာခံကသာ ဆက်လက် ရပ်တည်ခွင့်သင့်မသင့်ကို ဆုံးဖြတ်သွားရန် လိုအပ်သည်ဟု စောဒက တက်ခဲ့ပါသည်။ ဤအခြေအနေကြောင့် UNFC အဖွဲ့သည် WGEC အဖွဲ့တွင်း ဦးဆောင်နေမှုမှ နှုတ်ထွက် သွားကြောင်းကရင် အမျိုးသားအစည်းအရုံး KNU မှတွဲဖက် အတွင်းရေးမှူး ပဒိုမန်းမန်းက ဆိုပါသည်။
WGEC အဖွဲ့တွင်း ကျန်ရှိနေသော အဖွဲ့များကမူ WGEC အဖွဲ့ ဆက်လက် ရပ်တည် သွားသင့်မသင့်ကို နောက်လ၌ ညီလာခံ တစ်ရပ်ကျင်းပပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။အကယ်၍WGEC ဆက်လက် ရပ်တည်ခွင့် ရှိခဲ့ပါက တစ်ပြည်လုံး အတိုင်းအတာ ဆောင်သော တိုင်းရင်းသား ညီလာခံ တရပ် ကျင်းပရန် ရှိလာသည့်အခါ UNFC နှင့်လည်း ညှိနှိုင်းသွားမည်ဟု ဆိုပါသည် ။
“ WGEC သက်သက် ဆိုရင်လည်း တစ်ပြည်လုံး အတိုင်းအတာ မဆောင်သလို UNFC သက်သက် ဆိုရင်လည်း တစ်ပြည်လုံး အတိုင်းအတာ မဆောင်ပြန်ဘူး။ ဒီတော့ အပြန်အလှန် ညှိနှိုင်း သွားဦးမယ်လို့ RCSS ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။ (၂) ရက်တာ ကျင်းပသည့် WGEC အစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး ( KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ချင်းအမျိုးသား တပ်ဦး (CNF)နှင့် ပြည်တွင်း လူ့အဖွဲ့အစည်းများ (Civil society အပါအဝင် တခြား ခေါင်းဆောင်းများ တက်ရောက်ဆွေးနွေး ကြပါသည်။
လာမည့် သြဂုတ်လတွင် ကျင်းပမည့် တိုင်းရင်းသား ညီလာခံကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊နယ်စပ် တစ်လျှောက်တွင် ရှိသည့် တိုင်းရင်းသား အရပ်ဖက် အဖွဲ့အစည်းများ ၊လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ ပါတီ ကိုယ်စားလှယ် တချို့အား ဖိတ်ခေါ်ပြီး ထိုင်းနိုင်ငံ နယ်စပ် တစ်နေရာတွင် ကျင်းပသွားမည် ဟုဆိုပါသည်။
မူလက ရှိခဲ့သည့် UNFC အဖွဲ့ဝင်များမှာ (၁) လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ (၂) မွန်ပြည်သစ် ပါတီ (NMSP)၊ (၃) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ (၄) ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ (၅) ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊(၆) ၀အမျိုးသား အဖွဲ့ချုပ်(WNO)၊ (၇) ANC ရခိုင်ပြည် အမျိုးသား ကောင်စီ၊ (၈) ချင်းအမျိုးသား တပ်ဦး (CNF)၊ (၉) ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ (၁၀) ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် (၁၁) ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ဖြစ်ကြပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) မှ အဖွဲ့ဝင်များကို အခြေခံပြီး တိုးချဲ့ ဖွဲ့စည်းထားသည့် အပြင် အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ် အဖွဲ့အစည်းများဖြင့် စုပေါင်းပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။