ကချင် စစ်ပြေး ဒုက္ခ္ခသည် ကျောင်းသား ၂,၀၀၀ ခန့် ကျောင်းမတက်နို်င်သေး

ကချင် စစ်ပြေး ဒုက္ခ္ခသည် ကျောင်းသား ၂,၀၀၀ ခန့် ကျောင်းမတက်နို်င်သေး
by -
မဇ္ဈိမ

 ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် ကျောင်းသား ၂,၀၀၀ ခန့်မှာ ကျောင်းဆောင် မလုံလောက်၍ စာသင်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အစိုးရ ကျောင်းများတွင် ဇွန်လဆန်းမှ စတင်၍ သင်ကြားနေပြီ ဖြစ်သော်လည်း KIO ဌာနချုပ်ရှိ ကျောင်းသူ/သားအချို့မှာမူ ယနေ့ထိ စာသင်ကြားနိုင်မှု မရှိသေးခြင်း ဖြစ်သည်။

လိုင်ဇာမြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းသား ပြည့်နေပြီး KIO တပ်ရှိရာ အလန်းယန် တောင်ကုန်းတွင် ကျောင်းဆောင်များ ပြန်လည် ပြုလုပ်နေကာ အလယ်တန်း ကျောင်းသားများမှာ ဇူလိုင်လ ၉ ရက်နေ့မှ ကျောင်းတက် ရမည် ဖြစ်သည်။

“တချို့ မတက်နိုင်သေးဘူး။ ကျနော်တို့ ကျောင်းဆောင်တွေ အဆင်သင့် မဖြစ်သေးဘူး။ သူတို့ ဘော်ဒါတွေ နေဖို့တွေ လုပ်ပေးနေရလို့ မတက်နိုင်သေးတာ။ နေရာ မဆန့်တော့လို့ တခြား ပြန်ဆောက်ယူဖို့ အိမ်သာကအစ ဆောက်ဖို့ လိုအပ်လာတယ်” ဟု ဦးဒွဲပီဆား က ပြောသည်။

၉ တန်းနှင့် ၁၀ တန်း ကျောင်းသူ/သားများကမူ ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ စာသင်ကြားနေပြီ ဖြစ်သည်။

ထို့ပြင် မြစ်ကြီးနား၊ ဗန်းမော်၊ ရှမ်းပြည်မြောက်ပိုင်းရှိ အစိုးရကျောင်းမှ ကျောင်းသူ/သား ၂၀၀ ကျော်ခန့်လည်း ထပ်မံ ရောက်ရှိလာ၍ ၎င်းတို့အတွက် စာရေးကိရိယာ၊ အိပ်ယာများမှ အစ ပြန်လည် ထောက်ပံ့ပေးနေရသည်ဟု ဦးဒွဲပီဆား က ဆိုသည်။

မူလက လိုင်ဇာမြို့ပေါ်တွင် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ သာသနာရေးကျောင်း စသည့် ကျောင်း ၄ ကျောင်းအပြင် ဒုက္ခသည် စခန်းတိုင်းတွင် မူလတန်းကျောင်းများကို ဖွင့်လှစ်ပေးထားသည်ဟု ဆိုသည်။

ယခုအခါ မိုးတွင်းဝင်လာပြီ ဖြစ်၍ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဒုက္ခသည် စခန်းတိုင်းလိုလို အနည်းငယ် ဖြစ်ပွားမှုများရှိနေ၍ ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒုက္ခသည်များအား ကူညီနေသည့် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)မှ ဆရာနော်ဘောက် က ပြောသည်။

“ခု ဆေးဝါးတွေ လိုအပ်နေတယ်။ စခန်းတချို့ လူတွေ ပြွတ်ကျပ်ပြီး ခိုလှုံနေနေရတယ်။ မိုးတွင်းမှာ တုတ်ကွေး၊ ဝမ်း၊ ငှက်ဖျားတွေ ဖြစ်လာရင် အရမ်းစိုးရိမ်နေရတယ်။ ခုလောလောဆယ်က နေစရာနဲ့ ပတ်သက်လို့ အမြန်ဆုံး လိုအပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့မှ KBC မှ သိက္ခာတော်ရဆရာ ဦးဒရှီဂမ်ဆိုင်း အပါအဝင် ၈ ဦးတို့သည် ဇူလိုင်လ ၃ ရက်နေ့မှ ယနေ့ထိ လိုင်ဇာရှိ ဒုက္ခသည်များအား သွားရောက် တွေ့ဆုံခဲ့သည်။

အလားတူ မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်း ၅ ရှိ ကျောင်းသားပေါင်း ၃,၀၀၀ ကျော်မှာလည်း ကျောင်းဆောင် မလုံလောက်၍ မနက်ပိုင်းနှင့် ညနေပိုင်း ခွဲ၍ သင်နေရသည်ဟု ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (WPN) မှ တာဝန်ခံ ဒေါ်မေရီတောမ် က ပြောသည်။

“လိုအပ်တာက အများကြီးပဲ။ မိုးရွာထဲ ထီးမပါ၊ မိုးစီးဖိနပ် မပါဘဲ သွားနေတဲ့ ကျောင်းသားတွေ အများကြီး။ နေ့၊ ည တက်နေရတယ်။ ကျောင်းဆောင် ဆောက်ဖို့ လို့တယ်။ ထိုင်ခုံတွေ၊ ကျောင်း ယူနီဖောင်း ပြောင်းလိုက်တော့ အဲဒီ ယူနီဖောင်းအတွက်လည်း လိုအပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

ဇွန်လ ၁၄ ရက်နေ့က ကုလသမဂ္ဂ အဖွဲ့အစည်းများက မိုင်ဂျာယန်ရှိ ဒုက္ခသည်များ တလစာ ထောက်ပံ့ပေးခဲ့ သော်လည်း ဘော်ဒါဆောင်တွင် ခိုလှုံနေသူ ကျောင်းသား ၁,၁၀၀ ကျော်အတွက် အစားအသောက်များ လိုအပ်နေပြီဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလကုန်က အစိုးရနှင့် KIO တို့ သဘောတူညီချက်တွင် ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးကိစ္စများ ပါဝင်သော်လည်း ယနေ့ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

Most read this week