NBF ၏ တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ အကြိုဆွေးနွေးပွဲ

NBF ၏ တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ အကြိုဆွေးနွေးပွဲ
by -
ရွှေဟင်္သာ

ညီနောင် တိုင်းရင်းသား ဖက်ဒရေးရှင်း (NBF) သည် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ ဥပဒေနှင့် ပတ်သတ်ပြီး ပြင်ဆင်၊ ဖြည့်စွက်ချက်များ အကြို ဆွေးနွေးရန်လာမည့် ဇူလိုင် (၆) ရက်မှ (၇) ရက်နေ့ အထိ နေပြည်တော်ရှိရတနာသိင်္ခ ဟိုတယ်၌ကျင်းပရန် ရှိကြောင်း NBF မှ ပြောရေး ဆိုခွင့်ရှိသူ စောသန်းမြင့်က ဆိုပါသည်။

“ပြည်မမှာ နေတဲ့ ဗမာ တိုင်းရင်းသားတွေထက် စာရင် ပြည်နယ်မှာ နေတဲ့ တိုင်းရင်းသားတွေက လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူညီမျှမှုတွေ၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ ဥပဒေ ပြဌာန်းပေးထားတယ် ဆိုပေမယ့်တကယ့် လက်တွေ့မှာ ဘာမှ အခွင့်အရေး မပေးဘူး။ ဒေသ ဖွ့ံရေးမှာလည်း အများကြီး နောက်ကျတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါတာတွေ သုံးသပ်ပြီး ဘယ်နေရာမှာ ပြုပြင်ပြောင်းလဲ မလဲ၊ ဘယ်လိုဟာမျိုးက တိုင်းရင်းသားတွေ အတွက် ဖြည့်စွက်သင့်သလဲ ဆိုတာတွေကို ဆွေးနွေးကြမှာပါ” ဟုဆိုပါ သည်။

တိုင်းရင်းသား (၁၅) ပါတီမှ NBF အဖွဲ့ဝင်များ တိုင်းရင်းသား (၁၅) ပါတီမှ NBF အဖွဲ့ဝင်များ (ဓါတ်ပုံ - ကျားဖြူ)

ယင်းအလုပ်ရုံ  ဆွေးနွေးပွဲတွင်နိုင်ငံတော် သမ္မတ အကြံပေးသူ တစ်ဦးဖြစ်သည့် ဒေါက်တာ ဆလိုင်းမွန်ကျွန်းလျံ အပါအဝင် ပြည်တွင်းမှ တိုင်းရင်းသား ပညာရှင် တစ်ဦးကို ဖိတ်ခေါ် ထားပါသည်။ ထို့အပြင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် (၂၃) ဦးနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီခေါင်းဆောင် (၁၇) ဦးကိုလည်း ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။

အကြိုဆွေးနွေးပွဲမှ ရရှိသော ရလဒ်များကိုလည်း ပြည်ပမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကျွမ်းကျင်သူ နိုင်ငံတကာ ပညာရှင် များနှင့် လူ့အခွင့်အရေး ပညာရှင်(၃) ဦးကို ဖိတ်ခေါ်ပြီး လာမည့် ဇူလိုင် (၁၃)ရက်နေ့ နှင့် (၁၄) ရက်နေ့များတွင် ထပ်မံ ဆွေးနွေးရန်  စီစဉ်ထားကြောင်း ဆိုပါသည်။

NBF အဖွဲ့ဝင်များသည် ဖက်ဒရယ် ယူနီယံ ပါတီ (FUP)ဖွဲ့စည်းရန် ပြီးခဲ့သည့် မေလ (၁၁) ရက်တွင် ကျင်းပသော တောင်ကြီး အစည်းအဝေးမှ ဆုံးဖြတ်ထားပါသည်။NBF သည် ဤ FUP ပါတီ ဖွဲ့စည်းရန် အဖွဲ့ဝင် (၁၅) ဖွဲ့ ရှိသည့် အထဲမှ (၁၀) ဖွဲ့သည် အမည်စာရင်း ပေးပို့ ထားပြီး ဖြစ်ကြောင်း ဆိုပါသည်။

အဖွဲ့ဝင် ကိုယ်စားလှယ်များ စုံညီပါကFUP အစည်းအဝေး ကျင်းပရန် ရှိပြီး  FUP ပါတီ၏ ဖွဲ့စည်းပုံ မူကြမ်းကို အသေးစိတ် ဖြည့်စွက် အတည်ပြုကာ ရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြနိုင်ရန်နှင့် ပါတီ မှတ်ပုံတင်နိုင်ရန် ဇူလိုင်လ အတွင်း အပြီးသတ် ဆောင်ရွက် သွားမည်ဟု စောသန်းမြင့်က ဆိုပါသည်။

FUP ပါတီသည်လာမည့် (၂၀၁၅) ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး ပါ၀င်နိုင်ရန်နှင့် လွတ်တော်တွင် တိုင်းရင်းသား ကိုယ်စားလှယ် အင်အားများလာရန် ရည်ရွယ် ထားပါသည်။ ဤသို့ကြောင့် တိုင်းရင်းသား ပါတီများသည် ပြည်နယ် လွှတ်တော်အတွက် စိုးရိမ်စရာ မရှိသော်လည်း ပြည်မ၌ စုပေါင်းသည့် နည်းဖြင့် ပါ၀င်ယှဉ်ပြိုင်ကြရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ သို့မှသာ ပြည်နယ်၊ ပြည်မပေါင်းပြီး လာမည့် လွှတ်တော်တွင် တိုင်းရင်းသား အင်အားများလာရန် ဖြစ်ပါသည်။

ဤကဲ့သို့ ရည်ညွန်းချက်အတိုင်း ဖြစ်လာပါက လာမည့် လွှတ်တော်တွင် ပြည်နယ်၌လည်း အစိုးရ ဖွဲ့နိုင်သလို ပြည်ထောင်စု လွှတ်တော်တွင်လည်း အစိုးရဖွဲ့နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုပါသည်။