ရွှေတိဂုံရင်ပြင်တွင် သတင်းသမားများ တိုက်ခိုက်ခံရမူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရွှေတိဂုံရင်ပြင်တွင် သတင်းသမားများ တိုက်ခိုက်ခံရမူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
by -
နိရဥ္စရာ

မြန်မာ သတင်းထောက်များ ရွှေတိဂုံ ရင်ပြင်ပေါ်တွင် တိုက်ခိုက်ခံခဲ့ရမှုနှင့် ဆက်စပ်ပြီး Myanmar Journalist Network မှ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ယမန်နေ့  ဇူလိုင်လ ၃  ရက်နေ့က ပြုလုပ်ခဲ့သည်။

conflict-with-reportor

၎င်းသတင်းစာရှင်းလင်းပွဲတွင် European Pressphoto Agency မှသတင်းထောက် ကိုလင်းဘိုဘိုက   ထိုင်းဘုရင့် သမီးတော် သီရိဒုံ ရွှေတိဂုံစေတီတော်သို့ လာရောက်ကြည်ညို ဖူးမျှော်စဉ် ဓါတ်ပုံ သတင်းထောက်များအား ရွှေတိဂုံ လုံခြံုရေး အဖွဲ့ဝင်များက ကိုယ်ထိ လက်ရောက် တိုက်ခိုက် ခဲ့သည်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုလင်းဘိုဘိုမှ ရှင်းလင်းရာ - ဇူလိုင်လ ၂ ရက်နေ့က ထိုင်းဘုရင့် သမီးတော် သီရိဒုံ  မြန်မာပြည်လာသဖြင့် ရွှေတိဂုံဘုရားတွင် သတင်း မီဒီယာသမားများ သွားရောက် သတင်း ယူခဲ့ကြကြောင်း၊ မိုးရွာနေသဖြင့် သီရိဒုံက ညနေ (၇ ) နာရီကျော်မှ ရောက်လာခဲ့ ကြောင်း၊ ဧည့်သည်တော်မှတ်တမ်းတွင်  လက်မှတ် ရေးထိုးနေချိန်ထိ ဓါတ်ပုံ မရိုက်ဘဲ အများပြည်သူများ ဘုရားရှိခိုးရာ ဧရိယာမှ နေကာ   ဓါတ်ပုံရိုက်ရန် စောင့်နေကြောင်း၊  ရွှေတိဂုံဘုရားအောင်မြေတွင် သီရိဒုံမှ ဆီမီးထွန်းပြီးချိန်တွင် ဓါတ်ပုံ ရိုက်ရန် သွားရောက်စဉ် ရွှေတိဂုံ လုံခြံုရေး တယောက်ကအနောက်မှနေပြီး  ဆောင့်တွန်း လိုက်သဖြင့်  ရပေ - ၈ပေလောက်ထိ   ရောက်သွားပြီး  မှောက်လျက် လဲကျ သွားကြောင်း၊ ၄င်း၏ ကင်မရာ  Canon 1D Mark III တွင် တပ်ထားသော  70-200mm F4 L IS USM Lens  ခါးလည်မှ  ကျိုးသွားကြောင်း၊ သတင်းထောက် ၂ ယောက်က အခင်းဖြစ်ရာသို့ပြေးလာရာ ပထမဆုံးဝင်လာသော လူငယ်ကိုလည်း လုံခြံုရေး တစ်ဦးက ရန်ရှာခဲ့သေးကြောင်း သို့အတွက် ဒေါသဖြစ်သော တခြား ဓါတ်ပုံ  သတင်းထောက်များက ဒီလောက် မိုက်ရိုင်းတာ ဓါတ်ပုံ မရိုက်တော့ဘူးဟု ဆိုပြီး ထွက်သွားခဲ့ကြကြောင်း၊ ထိုအချိန်တွင် သူနှင့်  အတူ သတင်းထောက် လူငယ် နှစ်ယောက်သာရှိပြီး ပတ်ပတ်လည်တွင် လုံခြံုရေးအဖွဲ့ဝင်  ၃၀ကျော် လောက်ရှိကြောင်း၊ ၄င်းအား ထိုးမယ် ကြိတ်မယ်ဆိုသည့် ပုံစံမျိုး လုပ်ကြကြောင်း၊ လုံခြံုရေး တစ်ဦးက တွန်းထိုးသည့် အချိန်တွင် ပေါ်ပြူလာ သတင်းဂျာနယ်မှ   ဓါတ်ပုံ သတင်းထောက်က ဓါတ်ပုံရိုက်ကြောင်း၊ လုံခြံုရေး အဖွဲ့ဝင်များက သူ့ကင်မရာကို ဝိုင်းဆွဲကြောင်း၊ ထပ်ရိုက်ရင် ကင်မရာရိုက်ခွဲမည်ဟု ပြောကြောင်းဖြင့် ရှင်းပြသည်။

ပေါ်ပြူလာ ဓါတ်ပုံသတင်းထောက် ကိုအောင်နိုင်စိုး ကင်မရာကို ဝင်လုသည့် ဓါတ်ပုံများကို ပါ သူက ပြသခဲ့သည်။

သတင်းထောက် နှစ်ယောက်ကို လူအင်အား အများအပြားနှင့် ယခုလို ပုံစံမျိုး ပြုမူ ဆောင်ရွက်ရန် လိုအပ်သလား မလိုအပ်ဘူးလား စဉ်းစားကြည့်ရန် လိုအပ်ကြောင်း၊ မတရား တာကို မတရားဟု မပြောရဲ- မဆိုရဲ-  ပြန်မတုံ့ပြန်ရဲရင် သူ့အနေဖြင့်  သတင်းသမား မလုပ် တော့ကြောင်း၊ နောက်အဆိုးဆုံးကိစ္စမှာ  သတင်းထောက်၊ ဓါတ်ပုံသတင်းထောက်မှန်း သိရက်နှင့် ဘုရား လုံခြံုရေးများက မိုက်မိုက်ရိုင်းရိုင်း လုပ်သောကိစ္စဖြစ်ကြောင်း၊ သတင်းထောက်တွေကို ရွှေတိဂုံ လုံခြံုရေးများက မိုက်မိုက်ရိုင်းရိုင်းလုပ်သည်မှာ  ယခုအကြိမ်မှာ ပထမဆုံး မဟုတ်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာတုန်းက တစ်ကြိမ်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်လာတုန်းကလည်း တစ်ကြိမ် ပြုလုပ် ခဲ့ကြောင်း၊ မိန်းကလေး သတင်းထောက်ကို ရင်ဘတ်တွန်းတာတို့  TV သတင်းထောက်ကို တံတောင်နှင့် တွတ်တာတို့ လုပ်ခဲ့ကြကြောင်း၊ ယခု ကိစ္စမှာ ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် ဖြစ်သွားဖို့ မမျှော်လင့်ခဲ့ကြောင်း၊ သူ့ဌာနအတွက် မှန်ဘီလူးတလုံးက ဘာမှမဖြစ်သလို သူ့ဒဏ်ရာကလည်း ဘာမှမဖြစ်ကြောင်း၊ သို့သော် သတင်းထောက်၊ သတင်းဓါတ်ပုံသမားများကို ကိုယ်ထိ လက်ရောက်  မိုက်မိုက်ရိုင်းရိုင်း  စော်ကား၍ ရသည်ဟု ထင်မြင်မှုမျိုး နောက်ထပ် အဖြစ် မခံနိုင် ကြောင်း  European  Pressphoto  Agency မှ သတင်းထောက် ကိုလင်းဘိုဘိုမှ ပြောကြား သည်။

Most read this week