လယ်သမား အရေး ကူညီသူများ မရေရာသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရ

လယ်သမား အရေး ကူညီသူများ မရေရာသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရ
by -
ရွှေဟင်္သာ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့တရားရုံးတွင် မတရား အသင်းအဖွဲ့မှ လူစုလူဝေးခြင်း အမှုဖြင့် စွပ်စွဲကာ ရုံးထုတ် စစ်ဆေး ခံနေရသည့် လယ်သမားများ၏ မြေသိမ်း ခံရမှု အရေးကို အကူအညီ ပေးခဲ့သည့် လူ(၃) ဦး အပေါ် စွပ်စွဲမှုအထ မမြောက်ကြောင်း၊ ရှေ့နေက တင်ပြခဲ့သည်ဟု အမှုတွင် ပါ၀င် ကူညီပေးနေသော ဦးဇော်ရမ်းက ဆိုပါသည်။

“ဒီအမှုကို မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲပြီး ရဲတွေက သက်သေပေါ့။ ကျနော်တို့ ဘက်ကတော့ ရှေ့နေ ဦးအောင်သိန်းပါ။  တရားရုံးမှာ  မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတွေကို ဘာကြောင့် မတရား အသင်းအဖွဲ့ လို့ စွပ်စွဲသလဲ ကွန်ယက် ဆိုတာ ဘာလဲသိလား လို့မေးတော့ သူတို့က အဓိပ္ပါယ်ကို မသိပါဘူး။ မတရား အသင်းအဖွဲ့လောက်ပဲ သိပါတယ်။ ဘယ်အချက်မှာ ဘာရှိသလဲ ဆိုတာ မသိပါဘူးလို့ တရားရုံးရှေ့တွင် ထွက်ဆို သွားတာတွေ့ရပါတယ်။ ဒါကြောင့် အမှုမမြောက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

phophtaw041

ဤအမှုဖြင့် အဖမ်း ခံရသူများမှာ ပြည်သူ့ အကျိုးဆောင် ကွန်ယက် အဖွဲ့ဝင်မှ ဒေါ်မြင့်မြင့်အေး၊ ဒေါ်မိမိခိုင်နှင့် ကိုသန့်ဇင်ထက် တို့သုံးဦးဖြစ်ပါသည်။ ၄င်းတို့သည် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့တွင် အဖမ်း ခံခဲ့ရခြင်းဖြစ်ပြီး နတ်တလင်း မြို့ နယ် ချောင်းကမ်းကြီးနှင့် သဲမခန်း ကျေးရွာ အုပ်စု၌ ရှိသော သက်ကြီးကုန်း ကြိုးဝိုင်းမှ လယ်မြေများကို ဦးရင်ကြည် ဦးဆောင်သော ဒေသခံ လယ်သမား (၁၀၀) ကျော်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲရန် ကမကထ ပြုခဲ့သူများဟု စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်း ဖြစ်ပါသည်။

ဖော်ပြပါ ကျေးရွာ များမှ မြေဧက ၁၄၀ ခန့် ရှိသော လယ်ယာ မြေကို အင်းမ အခြေစိုက် တပ်မ (၆၆) လက်အောက်ခံ ခမရ  ၅  မှ ဧက ၁၀၀ သိမ်းယူ ထားပြီး ဧက ၄၀ မှာ နတ်တလင်း မြို့ရှိ ရဲများ တို့က လယ်ပိုင်ရှင် (၅၂) ဦးထံမှ သိမ်း ယူ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ (၃) ဦးသည် ပြည်သူ့ အကျိုးဆောင် ကွန်ယက် အဖွဲ့ဝင်များဖြင့် ပေါင်းစပ်ထားပါသည်။ ရဲများသည် ကွန်ယက်အဖွဲ့ ၀င်များကို မတရား အသင်းဟု ပုဒ်မ တပ်ပြီး ရဲအဖွဲ့က ရုံးတင် စွပ်စွဲခြင်းဖြစ်ပါသည်။

“ကျမတို့မှာက ဥက္ကဌမရှိ အတွင်းရေးမှူးမရှိ ဘဏ္ဍာရေးမှူး မရှိဘူး။ တူရာကိုစုပြီး ပြည်သူ့ အကျိုးအတွက် ကူညီပေးတဲ့ ကွန်ယက်ပဲ ဖြစ်တယ်။ နိုင်ငံခြားသားတွေ အတွက်တော့ လယ်ပိုင်ဆိုင်မှု ဧက ငါးထောင်နှင့် အထက်ပိုင်ဆိုင်ခွင့် ပေးထားတယ်။  မြန်မာနိုင်ငံသားတွေ အတွက်တော့ ကိုယ့်လယ်ကို ထွန်ယက် နိုင်ဖို့အတွက် ပြန်လုပ်နေ ရ သည့်အခြေအနေဘဲ ရှိသေးတယ်” ဟု ဒေါ်မြင့်မြင့်အေးက ဆိုပါသည်။

၄င်းတို့အား ရုံးထုတ် စစ်ဆေးခဲ့သည့်မှာ ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ (၂) ရက်နေ့၌ တစ်ကြိမ် နှစ်ကြိမ်တိုင် စစ်ဆေး ခဲ့သော်လည်း မရေရာမှုဖြင့် ဖမ်းဆီးထားသည့် သဘော သက်ရောက်နေပါသည်။ မြန်မာနိုင်ငံတွင် ကွန်ယက်ပေါင်းစုံ ရှိနေပါသည်။ ဤကွန်ယက်များသည် အဖွဲ့အစည်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ (၆) အရ တရား စွဲခြင်းသည်  မြန်မာတစ်နိုင်ငံလုံး ကွန်ယက်အား တရားစွဲသည်နှင့် အတူတူပင် ဖြစ်ကြောင်း ဆိုပါသည်။

ရှေ့နေ ဦးအောင်သိန်းသည် ဒေါ်မြင့်မြင့်အေးနှင့် ဒေါ်မိမိခိုင်တို့အား အဖွဲ့အစည်းဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ (၆) အရ စွဲချက်တင်ထားသည်မှာ မှန်ကန်မှု မရှိကြောင်း၊ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ အများပြည်သူတို့၏ အကျိုး လယ်သမား၏ အကျိုး လူမှုရေး ကိစ္စများကို ကူညီလုပ်ဆောင် ပေးသည့် ကွန်ယက်ဖြစ်သည့်အတွက် အသင်းအဖွဲ့ မှတ်ပုံတင်စရာမလိုကြောင်း၊ အဖွဲ့အစည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်နေသည် မဟုတ်သည့်အတွက် ဥပဒေအရ ကျူးလွန်ခြင်း မရှိကြောင်း တရားရုံးအား လျှောက်ထားခဲ့ပါသည်။

ကိုသန့်ဇင်ထက်သည် ပုဒ်မ (၆) နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ (၁၈) အရ ခွင့်ပြုချက် မယူပဲ ဆန္ဒဖော်ထုတ်သည်ဟု စွပ်စွဲထားပါသည်။ ပုဒ်မ (၁၈) အရ တကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒပြသည်မှာ လျှောက်ထားစရာ လိုသည့်အတွက် ဥပဒေအရ တရားစွဲပိုင်ခွင့် မရှိကြောင်း။ စွဲဆိုသည့် ပုဒ်မ နှင့်လည်း အကြံုးမဝင် ကြောင်း။ တရားစွဲသူများအား ယင်းဥပဒေ ပုဒ်မ၏ ပုဒ်မ (၂) (ခ) နှင့် (ဂ) တွင် တစ်ဦးထက် ပိုသည့် လူစုလူဝေးဖြင့် စီတန်း လှည့်ခြင်းကိုသာ ခွင့်ပြုချက် တောင်းခံရခြင်းဖြစ်သည်။  တကိုယ်တော် ဆန္ဒပြသည်မှာ ခွင့်ပြုချက်တောင်းစရာ မလိုကြောင်း ဦးအောင်သိန်းက တင်လျှောက်ထားခဲ့ပါသည်။

ဤသို့ကြောင့် လယ်သမားများ၏ သိမ်းဆည်း လယ်ယာပြန်ရရေး ဆန္ဒပြမှုကို အားပေး ကူညီခဲ့သော အဆိုပါ ကွန်ယက် အဖွဲ့ဝင် (၃) ဦးအား တရားသေ ပြန်လွှတ်ပေး သင့်သည်ဟု တရားရုံးကို ဦးတိုက်လျှောက် ထားခဲ့ပါသည်။

Most read this week