လက်ရှိ လွှတ်တော်တွင် ဆွေးနွေးနေသော “တောင်သူ လယ်သမား အကျိုးစီးပွား မြုင့်တင်ရေး ဥပဒေကြမ်း” သည် လယ်သမားများ၏ အကျိုး စီးပွားကို အကာအကွယ် ပေးနိုင်ရန် ရေးဆွဲ ထားခြင်းထက် အရင်းရှင်များ၏ အကျိုးစီးပွား များကိုသာ အဓိက ဦးစားပေးရေးဆွဲ ထားခြင်းသာ ဖြစ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆိုပါသည်။
“ဥပဒေ ကြမ်းကြီးကို ဖတ်လိုက်တဲ့ အခါမှာ လယ်သမား အကျိုးစီးပွားဆိုတာထက် အရောင်း အဝယ် ကိစ္စတွေ စက်မှု၊ ဘဏ်၊ ကုန်သည် လုပ်ငန်းရှင် တွေနဲ့ ပတ်သက် တာတွေရဲ့အကျိုး စီးပွားတွေကို မြုင့်တင်ဖို့ လုပ်နေ တာလားလို့ မေးခွန်း ထုတ်စရာတွေ အများကြီး ဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ လယ်ယာ စီးပွားနှင့် တောင်သူ လယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးထွန်းမြင့်အောင် က ဆိုပါသည်။
ယင်းဥပဒေ မူကြမ်း တစ်စုံလုံးတွင် ချေးငွေ ကဏ္ဍနှင့် သက်ဆိုင်သည့်အပိုင်းသည်သာ လယ်သမားများ အတွက် အကျိုးရှိ စေနိုင်သည့် အပိုင်း ဖြစ်ပြီး ကျန်ကဏ္ဍ များမှာ အကျိုးပြုမှု မရှိကြောင်းလည်း ဆိုပါသည်။
၈၈ မျိုးဆက် ကျောင်းသားများသည် တောင်သူ လယ်သမားများ အကျိုးစီးပွား မြင့်တင်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ရှင်းလင်း တင်ပြပွဲကို ၄င်းတို့၏ သင်္ကန်းကျွန်းမြို့နယ်ရှိ အဖွဲ့ရုံး၌ ကျင်းပရာ ဝေဖန်ပြောဆို သွားခြင်း ဖြစ်ပါသည်။ ၄င်းတို့ အနေဖြင့် တောင်သူလယ်သမား အခွင့်အရေးများကို အကာအကွယ် ပေးသည့် ဥပဒေကိုသာ ပထမရေးဆွဲ အတည်ပြု သင့်ကြောင်း အကြံပြုခဲ့ပါသည်။
ထိုဥပဒေ မူကြမ်းကို ပထမ၌“တောင်သူလယ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေ” ဟု ခေါင်းစဉ် ဖြင့် နေပြည်တော်တွင် တစ်ကြိမ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ရုံးတွင် တစ်ကြိမ် ဆွေးနွေး ခဲ့ကြပါသည်။ နေပြည်တော်တွင် ဆွေးနွေးစဉ် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။
သို့သော် လုပ်ငန်းရှင်များသည် တောင်သူ လယ်သမားများ၌ အခွင့်အရေး ရှိနှင့်နေပြီး ဖြစ်ကြောင်း၊ ဤသို့ကြောင့် ၄င်းတို့၏ အကျိုး စီးပွားများကိုသာ မြုင့်တင်ရန် လိုအပ်ကြောင်း၊ စောဒက တက်ပြီး ၄င်းတို့ အကျိုးစီးပွားအား ဤဥပဒေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားလာခဲ့ ခြင်းဟု ဆိုပါသည်။
တောင်သူ လယ်သမားများနှင့် ပါတ်သက်သော ဥပဒေဖြစ်ခဲ့လျှင် တောင်သူ လယ်သမား ကိုယ်စားလှယ်များပါဝင် ရေးဆွဲရန် လိုအပ်လှပါသည်။ ဤဥပဒေ၌မူ တောင်သူလယ်သမားနှင့် ပါတ်သက်သော အကျိုးစီးပွား မဟုတ်သဖြင့် အစိုးရ ကိုယ်စားလှယ် များဖြင့်သာ ရေးဆွဲ ထားခြင်းဖြစ်သည်ဟုဆိုပါသည်။
“ဒီဥစ္စာက ရှင်းပါတယ်၊ တောင်သူ လယ်သမားတွေ အကျိုးစီးပွားအတွက် ပညာရှင်က ရေးဆွဲထားတဲ့ ဥပဒေကြမ်း မဟုတ်ဘူး ဆိုတာက လုံးဝ သိသာတယ်၊ တောင်သူလယ်သမား ကိုယ်စားပြု ဆိုပြီး စီးပွားရေး လုပ်ငန်းရှင် တွေပဲပါတယ်၊သက်ဆိုင်သူ ကာယကံ ရှင်တွေ မပါပါဘူး၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မပါပါဘူး” ဟု ဦးထွန်းမြင့်အောင် က ပြောသည်။
ယခင်က ရှိခဲ့သည့် ''၁၉၆၃ ခုနှစ် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေ'' သည်လည်း ၂ဝ၁၂ တွင် ပြဌာန်း ခဲ့သော လယ်ယာမြေ ဥပဒေ ပုဒ်မ ၄၃ (ဂ) ကြောင့် ရုပ်သိမ်း ခံလိုက် ရပြီးဖြစ်သည်။
လယ်သမား များကမူ ၄င်းတို့၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်သည့်လယ်သမား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်ရေး၊ သိမ်းဆည်းခံ မြေယာများ ပြည်လည် ရရှိရေးစသည် တို့ကို လိုလားလျက် ရှိနေပါသည်။