ငြိမ်းချမ်းရေးလုပ်ငန်း ကုန်ကျငွေ ပြည်သူ့ဘဏ္ဍာနှင့် သုံးစွဲရန် ကာ/လုံ ဆုံးဖြတ်

ငြိမ်းချမ်းရေးလုပ်ငန်း ကုန်ကျငွေ ပြည်သူ့ဘဏ္ဍာနှင့် သုံးစွဲရန် ကာ/လုံ ဆုံးဖြတ်
by -
မဇ္ဈိမ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရာတွင် လိုအပ်သော ငွေကြေး ကို ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများထံမှ မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာကို သုံးစွဲရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီအစည်းအဝေး၌ သဘောတူညီခဲ့ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော်၌ ပြောကြားသည်။

ကာ/လုံအစည်းအဝေးတွင် ဆွေးနွေးမှုများအား ဇူလိုင် ၂ ရက် လွှတ်တော်တွင် ဦးရွှေမန်း က ထိုသို့ ပြောပြခဲ့ သည်။

ထို့အပြင် ကာ/လုံအစည်းအဝေး ခေါ်ယူရခြင်း  အဓိကအကြောင်းအရင်းဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်ရာ တွင် ဘေးထွက်ဆိုးကျိုးများရှိနိုင်ကြောင်း ကိစ္စကိုလည်း သူရဦးရွှေမန်း က ရှင်းပြခဲ့သည်။

“ဘေးထွက်ဆိုးကျိုးဆိုတဲ့စကားနဲ့ ပတ်သက်ပြီး မိမိတို့နားလည်လက်ခံထားတဲ့အချက်ကငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီပါက ပြည်သူများ၏ ဘဝလုံခြံုရေးကို အကာအကွယ်မပေးနိုင်သည့်
ဖြစ်စဉ်များဖြစ်လာပါက ဘေးထွက်ဆိုးကျိုး ဖြစ်လာနိုင်ပြီး ထိုသို့သော ကိစ္စများအတွက် ကြိုတင်လေ့လာ သုံးသပ်ဆောင်ရွက်ရန် စဉ်းစားသုံးသပ်ခဲ့ကြကြောင်း” လွှတ်တော်ကိုယ်စားလှယ်များကို ပြောသည်။

ကာ/လုံ အစည်းအဝေးခေါ်ယူရန် သူရဦးရွှေမန်းက သမ္မတထံ ပေးပို့သော သဝဏ်လွှာတွင် “တချို ့သော ကိစ္စရပ်များတွင် မလိုလားအပ်သော ကိစ္စရပ်များနင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်သူ များအတွင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အတွင်းတွင် တင်ပြလာမူများ ရှိကြောင်း” ဟု ပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက “ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌကြီးက အပြစ်ပြောလိုတဲ့ သဘောမျိုးမဟုတ်ဘဲ ဒါနဲ့ပတ်သက်ပြီး လက်တွဲပြီး တိုင်တိုင်ပင်ပင်နဲ့ ဆောင်ရွက်စေချင်တဲ့ ဆန္ဒတွေ ပါပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းပြည်မှာ အင်အားကြီးတဲ့သူတွေ ပါပါတယ်။ လွှတ်တော်မှာ တကယ်ယုံကြည်ရတဲ့သူတွေ ရှိသလို တပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ အစိုးရပိုင်းကသူတွေ တကယ် တက်ညီလက်ညီလုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုး လျော့နည်းအောင် ဆောင်ရွက်နိုင်မယ်လို့ ပြောတာဖြစ်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။

ကာ/လုံအစည်းအဝေးခေါ်ရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်က သမ္မတဦးသိန်းစိန်ထံ သဝဏ်လွှာပေးခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးကို ဇွန်လ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ဖြင့် ဖွဲ့စည်းထားသည့် ထိပ်တန်း အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်သည်။

Most read this week