UWSA နှင့်အစိုးရ ဆက်ဆံရေးရုံး ပိတ်သည်အထိ ဆက်ဆံရေး တင်းမာ

UWSA နှင့်အစိုးရ ဆက်ဆံရေးရုံး ပိတ်သည်အထိ ဆက်ဆံရေး တင်းမာ
by -
ရွှေဟင်္သာ

အစိုးရ တပ်ဖွဲ့များသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တောင်ပိုင်း စစ်ဒေသမှ စခန်းတစ်ခုကို ၀ိုင်းထားသည့် အခြေအနေမှ ယခု ဆက်ဆံရေး ရုံးပါ ပိတ်ပစ် လိုက်ပြီး ဖြစ်ကြောင်း တရုတ်ပြည်နယ်စပ်မှ စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇော သည် UWSA ပြောခွင့်ရသူကို အခြေခံပြီး ယနေ့ ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။

“ တာချီလိတ်နဲ့ကျိုင်းတုံမှာ ရှိတဲ့ ဆက်ဆက်ရေး ရုံးတွေကို ပိတ်လိုက် ရပြီ။ ၀တောင်ပိုင်းနဲ့မြောက်ပိုင်းကို ဆက်သွယ် ထားတဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကိုလည်း ဖြတ်တောက် လိုက်သလို UWSA အဖွဲ့ ကိုပါ အစိုးရ ဘက်က ဖြတ်တောက်လိုက်ပြီး ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုပါသည်။

shan-state-map-uwsa-south-territory

ဤကဲ့သို့ အစိုးရဖက်မှ တဖြည်းဖြည်း တင်းမာလာသဖြင့် UWSA သည် ၂၀၁၃ ခုနှစ် ဇွန်လ တတိယ အပတ်မှ စတင်ပြီး ၄င်းတို့ လက်အောက်ခံ တပ်ဖွဲ့များ အားလုံးနှင့် ၄င်းတို့၏ မိသား စုဝင် များအား အရေးကြီး ကာလ အဖြစ် သတ်မှတ်ပြီး ခရီးသွားလာပါက လက်နက်များ ယူဆောင် သွားရန်နှင့် စစ်ရေး အတွက် အသင့် ပြင်ဆင်ထားရန် အမိန့် ထုတ်ထား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ယင်းကဲ့သို့ ဆက်ဆံရေး အခြေအနေ တင်းမာသည် ဆိုသော်လည်း ယခုအထိ တိုက်ခိုက် ကြခြင်း မရှိသေးပေ။ သို့သော် အစိုးရတပ်များသည် UWSA တောင်ပိုင်း တပ်ဖွဲ့အပေါ် တဖြည်းဖြည်း အကြပ်ကိုင် လာခဲ့သည့် အတွက် UWSA မှ ယခု ကဲ့သို့ တပ်လှန့် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရသည် UWSA အပေါ် ဖိအားပေးခဲ့သည်မှာ ပြီးခဲ့သည့် မေလ အတွင်းက မိုင်းယွန်မြို့နယ်ခွဲရှိ UWSAတောင်ပိုင်း တပ်ဖွဲ့ပိုင် ရော်ဘာခြံ တစ်ခြံကို သိမ်းပိုက်ရန် UWSA တပ်ဖွဲ့အား မောင်းထုတ်ခြင်း၊ UWSA တောင်ပိုင်း တပ်ဖွဲ့များ၏ တပ်စခန်း အနီး တဝိုက်တွင် စခန်းများ ဆောက်လုပ်ပြီး တပ်စွဲလာခြင်း၊ တောင်ပိုင်းရှိ UWSA စခန်းများ၏ အင်အား၊ အရေ အတွက် များကို အမိန် ့ပေးပြီး စာရင်း တင်ပြခိုင်းခြင်း၊ UWSA ၏ ဟုန်ပန် ကုမ္ပဏီအား လူသတ်မှု အကြောင်းပြ ချက်များဖြင့် ပြသနာ တက်စေခြင်းနှင့် UWSA စခန်းများကို စစ်အင်အားဖြင့် ချီတက် လာပြီး ၀ိုင်းလိုက်ခြင်း အားဖြင့် ရန်စ မှုများ ဖန်တီး လာခဲ့သည်ဟု ဆိုပါသည်။

တင်းမာမှု များသည် ဇူလိုင် (၁) ရက်နေ့တွင် တာချီလိတ်နှင့် ကျိုင်းတုံ မြို့ပေါ်ရှိ  ဆက်ဆက်ရေး ရုံးများကို ပိတ်လိုက်ခြင်း အားဖြင့် တင်းမာမှု အခြေ အနေကို မြင့်လာ စေခဲ့ ပါသည်။ နောက်ဆုံး အကြောင်း ပြချက်မှာ ရှမ်းပြည် တောင်ပိုင်း တာချီလိတ် ခရိုင် မိုင်းတုံ မြို့နယ်၌ ရှိသော လွယ်ကောင်မူး စခန်းကို ဆုတ်ခွာ ပေးရန် ဖြစ်သည်။ အစိုးရ  တပ်များ ကမူ ၀ိုင်းထား ရာမှ တောင်းဆိုမှုဖြင့် ဆိုင်းငံ့ ထားခဲ့ပါသည်။

ဤတောင်းဆို မှုသည် UWSA အား ပြသနာ ရှာနိုင်ရန် စတင်မည့် ပဋိပက္ခ သဖွယ် ဖန်တီး ထားဟန် ရှိနေကြောင်း ဦးအောင်ကျော်ဇော က ဆိုပါသည်။ ဤပြသနာကို ဖန်တီးပြီး UWSA နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ အား ရန်တိုက် ပေးမည်ကို စိုးရိမ် နေကြ ပါသည်။

UWSA နှင့် RCSS တို့သည် ၁၉၈၂ခုနှစ် ကတည်းက RCSS ၏ လွယ်လန်း တောင်ကုန်းကို UWSA တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး RCSS ၏ စခန်း တချို့သည် နှစ်ပေါင်း များစွာ UWSA မှ သိမ်းဆည်း ထားပါသည်။ ဤသည် ဗမာပြည် ကွန် မြူပါတီ (ဗကပ) ရှိစဉ် ကတည်းက ဖြစ်လာ ခဲ့သော ပြသနာ ဖြစ်ပါသည်။

ထို့အပြင် ၁၉၉၅ ခုနှစ်တွင် RCSS ခေါင်းဆောင်ဟောင်းဖြစ်သူ  ဦးခွန်ဆာ လက်နက် ချလိုက်ပြီး နောက်ပိုင်း၌ အဆို နယ်မြေများသည် UWSA ၏ ထိန်းချုပ် နယ်မြေ ဖြစ်လာ ခဲ့သည်။ အထူးသဖြင့် တာချီလိတ် ခရိုင်၊ မိုင်းဆတ်နှင့် မိုင်းတန် မြို့နယ်နှင့် ထိုင်းနယ်စပ် တစ်လျှောက်ရှိ ဟိုပန်၊ မိုင်းယွမ်း၊ မုင်တန်၊ ဟွေအော့၊ မိုင်းကျွတ်နှင့် ခိုင်လုံး ဒေသ အားလုံးကို UWSA မှ ထိန်းချုပ် နိုင်ခဲ့ပါသည်။

UWSA သည် စစ်ရေးအရ ထိန်းချုပ် နိုင်သည်နှင့် ၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ် ခင်ညွန်နှင့် တရုတ် အစိုးရတို့၏  သဘော တူညီချက်အရ "ဝ" ပြည်သူ ၉ သောင်းခန့် ကျိုင်းတုံ လမ်းမှ တဆင့် ယခု ထိန်းချုပ် ထားသော နေရာတွင် ဖြန့်ကျက် ထားခဲ့ပါသည်။ "၀" လူဦးရေ တသိန်းကျော် ရှိသည့် ဤဒေသကိုလည်း UWSA က တပ်မဟာ (၅) ခု ဖြင့် အင်အား နှစ်သောင်းနီးပါး တပ်စွဲ ထားလိုက်ကြောင်း ရှမ်းပါတီ များမှ သိရပါသည်။  

UWSA နှင့် RCSS တို့သည် တိုက်ခိုက် မှုကြောင့် ပြသနာ ဖြစ်လာပြီး နယ်မြေ သိမ်းပိုက်မှု ရှိလာခဲ့သည့် အတွက် ဦးခွန်ဆာ လက်နက် ချလိုက်ရခြင်း ဖြစ်ကြောင်း RCSS ဖက်မှ ခံယူ ထားကြောင်း ဆိုပါသည်။  UWSA ကလည်း ဤဒေသ ရရှိရေးတွင် အသက်ပေါင်း များစွာ ရင်းခဲ့ရသည့် အတွက် ကာကွယ် သွားရန် သန္နိဌာန် ချထားဖွယ် ရှိနေကြောင်း ဆိုပါသည်။

“ ၈၂ ခုနှစ် က စတိုက် ခဲ့တယ်။ ၈၇- ၈၈ ခုနှစ်လောက်မှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွား ခဲ့တယ်။ ၉၄-၉၅ ခုနှစ် မှာလည်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့သေးတယ်။ ၁၃ နှစ်ခန့်ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲကို "ဝ" ဘက်က တပ်ဖွဲ့ဝင်၂၀၀၀ ကျော် ဆုံးရှုုံးခံ ခဲ့ရတယ်။ ၉၆ ခုနှစ် မှာလည်း ရောက်ရှိ လာတဲ့ "ဝ" ပြည်သူ ၉ သောင်း ဟာလည်း သူတို့ ရပ်တည်လို့ ရအောင် မြေရိုင်းတွေကို တူးပြီးပြန် လုပ်တဲ့ အခါ မှာရော ၊မြောက်ပိုင်းနဲ့တောင်ပိုင်း ရာသီဥတု မတူညီတဲ့ အတွက်ကြောင့် ရောဂါကြောင့် ဖျားနာပြီး ဝပြည် သူ ၂၀၀၀ ကျော် သေကြေ ခဲ့ရတယ်။ ဒီတော့ ဒီနေရာကို စုစုပေါင်း ၅၀၀၀ လောက် သေကြေ ခဲ့တဲ့ နေရာ ဖြစ်တဲ့ အတွက် ဒီနေရာကို လွယ်လွယ်နဲ့ ပြန်ပေးနိုင်မယ် မထင်ပါဘူး” ဟု ဦးအောင်ကျော်ဇော က ဆိုပါသည်။

ဤကဲ့သို့ ရန်စ ရှိခဲ့သော UWSA နှင့် RCSS တို့သည်  များမကြာမှီက RCSS ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး ပြန်လည် ရောက်ရှိ ခဲ့ပါသည်။ ၄င်း ပြန်ရောက်ချိန် အတွင်း၌ပင် UWSA နှင့် အစိုးရ တပ်တို့၏ တင်းမာမှု မှာလည်း စတင် ကြီးထွား လာခဲ့ပါသည်။ ဤအခြေ အနေကြောင့် UWSA နှင့် RCSS တို့ကို အစိုးရ ဖက်က အချင်းချင်း ရန်တိုက် လေမလား စိုးရိမ် နေကြခြင်း ဖြစ်ပါသည်။

UWSA တောင်ပိုင်း ဒေသသည်၊ မြောက်ပိုင်း တပ်ဖွဲ့နှင့် ဆက်သွယ်ရန် လမ်းကြောင်း များအား အစိုးရ ဖက်မှ ဖြတ်တောက် လိုက်ပါသည်။ အထီးကျန် သွားသော UWSA တောင်ပိုင်း တပ်တွင် "၀" ပြည်သူ အပါအဝင် အင်အား တစ်သိန်းခန့် ရှိနေပါသည် ။