စစ်ပွဲကြောင့် ပလောင် ကလေး တထောင်ကျော် စာသင်ကြားခွင့် မရသေး

စစ်ပွဲကြောင့် ပလောင် ကလေး တထောင်ကျော် စာသင်ကြားခွင့် မရသေး
by -
မဇ္ဈိမ

၂၀၁၃-၁၄ ပညာသင်နှစ်၏ ကျောင်းဖွင့်ချိန် တလ ရှိခဲ့ပြီ ဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ဒေသ၌ အစိုးရတပ်နှင့် ပလောင်တပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၍ တာဝန်ကျ ဆရာ/ဆရာမများ လုံခြံုရေး အခြေအနေကို စိုးရိမ်သောကြောင့် ရွာပေါင်း ၂၀ ကျော်မှ မူလတန်း ကလေးပေါင်း တထောင်ကျော်မှာ စာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ပလောင် အမျိုးသမီး အစည်းအရုံး (PWO) က ပြောသည်။

“ခဏခဏ တိုက်ပွဲ ဖြစ်နေတဲ့အတွက် ဆရာ/ဆရာမ တွေလည်း မလာရဲကြတော့ဘူး။ ကြောက်ကြတယ်။ ဒီဘက်ကို လာရင် စစ်ပွဲနဲ့ ကြံုမယ့် စိုးရိမ်စိတ်တွေ ရှိနေကြတယ်။ ကွတ်ခိုင် မြို့နယ်ထဲက ငေါ့ငါး ရွာမှာဆိုရင် ကလေး ၃၀၀ ရှိပေမယ့် အခုချိန်ထိ ကျောင်းမဖွင့်နိုင်သေးဘူး၊ အခြားရွာတွေလည်း ကျောင်းဖွင့်နိုင်မယ့် အလားလာ မတွေ့သေး ဘူး” ဟု PWO ၏ သတင်းနှင့် မှတ်တမ်း သုတေသနဌာနမှ တာဝန်ခံ လွေးနွေနှောင်း က မဇ္စျိမကို ပြောသည်။

ကျောင်းမဖွင့် နိုင်သေးသည့် မန်တုံမြို့နယ် အရှေ့ဘက်ခြမ်းနှင့် ကွတ်ခိုင် မြို့နယ်တွင်းမှ ကျေးရွာများမှာ ကျယ်ကောင်၊ နားအောင်ကြီး၊ နားအော်လေး၊ ခိုမုန်း၊ မန်စပ်၊ ပန်းရောင်၊ မကောက်၊ ဆိုင်းလိန်၊ အွယ်လော၊ မန်းမိုင်၊ မဝေါ၊ မန်အောင်၊ ဟိုတပ်၊ ဆာလူ၊ ထာတ်ကျဲတ်၊ မန်အီ၊ လွယ်ကန်၊ လွယ်ခမ်း၊ တောနေ၊ လွယ်မွန်း၊ ငေါ့ငါး စသည်တို့ ဖြစ်သည်။

ထိုဒေသအတွင်း၌ အခြား ပရဟိတ ကျောင်းအချို့ ရှိသော်လည်း ထိုကျေးရွာ ၂၀ ကျော်လုံးမှ ကျောင်းသားများကို ပရဟိတ ကျောင်းများသို့ ပို့ဆောင် သင်ကြားစေရန်မှာ မဖြစ်နိုင်ကြောင်းလည်း လွေးနွေနှောင်းက ဆိုသည်။

ထို့ပြင် တိုက်ပွဲများကြောင့် ဒေသခံ လူထုများ မူရင်းနေရပ်ရွာများမှ ထွက်ပြေးနေကြရ၍ ကျောင်းများ မဖွင့်နိုင်သေးဖြစ်ဖြစ်ကြောင်း တအာင်း ကျောင်းသားနှင့် လူငယ် အစည်းရုံး (TSYO)မှ သတင်းနှင့် လူ့အခွင့်အရေး မှတ်တမ်း ဌာနမှ ဆိုသည်။

ထိုသို့ ပလောင် ပြည်သူများ ကျေးရွာကို စွန့်ခွာရလျက်ရှိရာ စစ်ပြေးဒုက္ခသည်စခန်းများအဖြစ် မန်တုံမြို့တွင် နှစ်ခု၊ နမ္မတူမြို့တွင် တခု၊ တန့်ယန်းမြို့တွင် တခု၊ ကွတ်ခိုင်မြို့တွင် နှစ်ခု၊ နမ့်ဖက်ကာ ကျေးရွာတွင် တခုနှင့် နမ့်ခမ်းမြို့တွင် နှစ်ခု ဖွင့်လှစ်ခိုလှုံနေရလျက်ရှိကာ စုစုပေါင်း လူ ၅,၀၀၀ ခန့် ရှိသည်ဟု PWO က ဆိုသည်။

ကျောင်းများ မဖွင့်နိုင်သည့် အခြေအနေကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး (TNLA)သို့ တင်ပြခဲ့ကြောင်း PWO ၏ အလုပ်အမှုဆောင် တဦးဖြစ်သူ လွေးမိုးခမ်း က ပြောသည်။

“TNLA ကို ကျမတို့ ဒီကိစ္စ တင်ပြတော့ သူတို့ကတော့ ပြောတယ်။ သူတို့က လုံးဝ အနှောင့်အယှက် မဖြစ်စေရဘူးပြောတယ်။ ဒီဆရာမတွေ လုံခြံုရေးအတွက် ဘာအန္တရာယ်မှ မဖြစ်စေရဘူးလို့ ပြောတယ်။ တကယ် တိုက်ပွဲတွေဖြစ်ရင်တောင်မှ ရွာတွေထဲမှာ ဖြစ်တာ မဟုတ်ဘူး။ တောထဲမှာ ဖြစ်တယ်။ ဒီကလေးတွေ ကျောင်းတက်တာနဲ့ ဒီဆရာ ဆရာမတွေ လုံခြံုရေးအတွက် ဘာမှ မဖြစ်စေရဘူးလို့ ပြောတယ်” ဟု လွေးမိုးခမ်း က မဇ္စျိမကို ပြောသည်။

ရွာလူကြီးများနှင့် အုပ်ချုပ်ရေး အဖွဲ့တို့မှလည်း မိမိတို့အစီအစဉ်များဖြင့် ဆရာ/ဆရာမများ ရှာဖွေနိုင်အောင် ကြိုးစားနေသည်ဟု လွေးမိုးခမ်း က ပြောသည်။

ကလေးများ ပညာရေး အဟောသိကံ ဖြစ်ရမှုနှင့် ပတ်သက်၍ PWO မှ ထိုကျေးရွာ ဒေသများမှ အချက်အလက်များကောက်ယူ စုဆောင်းနေဆဲဖြစ်ကာ သက်ဆိုင်ရာ မြန်မာ အာဏာပိုင်များ ထံသို့ တင်ပြသွားမည်ဟု လွေးမိုးခမ်း က ဆိုသည်။

TNLA နှင့် အစိုးရတပ်များအကြား နောက်ဆုံး တိုက်ပွဲအဖြစ် ဇွန်လ ၂၂ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ လွယ်ကျရမ်း ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေကြောင်း ပလောင်တပ်မှ ဗိုလ်မှူး မိုင်းဖုန်းကျော် က ပြောသည်။

“ဒီတရက် နှစ်ရက် ကတော့ တိုက်ပွဲတွေ ငြိမ်နေတယ်၊ အစိုးရ စစ်ကြောင်းတွေက ပုံမှန် လှုပ်ရှားနေကြတာပဲ။ နောက်ဆုတ်သွားတာတော့ မဟုတ်ဘူး။ ငြိမ်တယ်ဆိုတာက ကျနော်တို့ဆီ သူတို့ မတက်လာတာပဲ ရှိတယ်။ တည့်တည့်တက်လာရင်တော့ တိုက်ပွဲက ဖြစ်တာပဲ။ ကျနော်တို့ ပလောင် စခန်းတွေနဲ့ ၁ နာရီလျှောက် နာရီဝက်လျှောက်နေရာတွေမှာ အစိုးရ တပ်တွေ တပ်စွဲ ထားနေတုန်းပဲ” ဟု မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မူ ပညာရေး ဒုတိယ ဝန်ကြီး ဦးအေးကြူ က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆရာ/ဆရာမ အပါအဝင် အောက်ခြေဝန်ထမ်း စုစုပေါင်း လစ်လပ် ဦးရေ ၂,၇၅၅ ရှိပြီးကျောင်းတည်နေရာ အလိုက် အဆင့် ၅ ဆင့် သတ်မှတ်ထားကာ လစ်လပ် ရာထူး ၁၁ မျိုးကို ယခု စာသင်နှစ် အမီ ခန့်ထားနိုင်ရေး ဆောက်ရွက်လျက် ရှိနေကြောင်း ပြောဆိုသွားသည်။

Most read this week